- ၁၉၆၂ စစ်အာဏာသိမ်းပြီး နောက်ပိုင်း စာနယ်ဇင်းတွေဟာ အမျိုးမျိုးနှိပ်ကွပ်ခံရပြီး ပုဂ္ဂလိက သတင်းစာတွေ ရပ်ဆိုင်းတဲ့အထိ ကြုံတွေ့ခဲ့ရပါတယ်။ အခြားအ ခြားသော စာနယ်ဇင်းတွေလည်း ထုတ်ဝေခွင့်တချို့ရနေပေမယ့် စစ်အာဏာရှင်တွေက သူတို့အ ကောင်အထည်ဖော်နေတဲ့ မဆလ ပေါ်လစီနဲ့ ကိုက်ညီမှုရှိရမယ်ဆိုပြီးလုပ်လာတော့ စိတ်ပါပါ၊ မပါပါ ဆိုရှယ်လစ်လမ်းစဉ်အောင်မြင် ရေး ဘာညာသာလကာ အနည်း ဆုံးရေးပေးရတဲ့ အမောင်တောင်၊ မြောက်မှန်းမသိ အခြေအနေမျိုး ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ တရုတ်ပြည်မှာ မော်စီတုန်းရဲ့ ‘‘ပန်းတိုင်းပွင့်ပါစေ’’ ဆိုတဲ့ အယူ အဆရိုက်ခတ်လာပြန်တော့ အာဏာသိမ်းစစ်အစိုးရဟာ ယောင် တိယောင်ကန်းနဲ့ အဲဒီမူဝါဒကို သွတ်သွင်းလာပြီး စာနယ်ဇင်းလွတ်လပ်ခွင့် အတန်အသင့်ပြန်ပေးခဲ့ပါတယ်။ ဒါကလည်း ခပ်ကောင်းကောင်းပါ။ လုံးဝနီးပါးဆွံ့အနေတဲ့ စာနယ်ဇင်းအသံဟာ အဲဒီအချိန်မှာ ဗုံတိုတွေ သံပြိုင်တီးလိုက်သလို စည်စည်ပင်ပင်ပေါ်ထွက်လာပါတယ်။ အိုးဝေ၊ ရွှေတူ၊ ရှုဒေါင့်၊ သတင်းဂျာနယ်အစရှိတဲ့ ဂျာနယ်လေးစောင်ကြောင့် ငတ်မွတ်နေတဲ့ စာနယ်ဇင်းအရသာ၊ စာပေလွတ်လပ်မှုအနည်းငယ်ပါဝင်တဲ့ သုတ၊ ရသတွေကို ပြည်သူတွေခံစားဖတ်ရှုခွင့်ရတဲ့အချိန်တစ်ချိန်ရှိခဲ့ဖူးပါတယ်။ ရွှေတူဂျာနယ်ကို ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်၊ ရှုဒေါင့်ဂျာနယ်ကို သခင်လွင်၊ သတင်းဂျာနယ်ကို ဦးလှအောင် (အထောက်တော်လှအောင်)နဲ့ အိုးဝေဂျာနယ်ကို ဦးသိန်းတင် (ဦးညိုမြ)တို့ ထုတ်ဝေခွင့်ရခဲ့တာပါ။ ဒါကတော့ ၁၉၇၀ ၀န်းကျင်နှစ်တွေကပေါ့။ နောက်တော့ မကြာပါဘူး...တိုင်းပြည်အခြေအနေ ပြောင်းသွားပြီး စစ်ထောက်လှမ်းရေးရဲ့ မလိုကုန်းချောမှုတွေကြောင့် အဲဒီဂျာနယ်တွေဟာလည်း ရပ်စဲခံရပါတယ်။
ဒါပေမဲ့ ထုတ်ဝေခွင့်ရတဲ့ ၁၉၆၈ ကနေ ၇၃ အတွင်း နှစ်တွေမှာ ပြည်သူတွေရဲ့ အာသီသ ကို အတိုင်းအတာ တစ်ခုအထိ ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။ ဒီအထဲ မှာ အိုးဝေက ထိပ်ဆုံးကပေါ့။ အိုး ဝေဦးညိုမြလို့ အမည်တွင်တဲ့ နာ မည်ကျော် ‘ငရဲခွေးကြီးလွတ်နေ ပြီ’ဆောင်းပါးရေးသားခဲ့တဲ့ ပုဂ္ဂိုလ်ဟာ အိုးဝေဂျာနယ်မှာ မောင်သုမနကလောင်နဲ့ ပင်တိုင်ဆောင်းပါး တွေရေးခဲ့ပါတယ်။ ဒါကတော့ အိုးဝေလက်ဖက်ရည်ကြမ်းကဏ္ဍ ပါပဲ။ ဒီကဏ္ဍဟာ နှစ်ပတ်တစ်ကြိမ်အိုးဝေထွက်လာပြီဆိုရင် ပြည်သူတွေ စောင့်မျှော်ဖတ်ရှုရတဲ့ ဆောင်းပါးတွေဖြစ်လာပါတယ်။ အကြောင်းအရာအားဖြင့်ဆိုရင်လည်း ကဏ္ဍစုံရေးထားတာကြောင့် တစ်ပတ်နဲ့ တစ်ပတ်မရိုးအောင်ဖတ်ခဲ့ကြတာပါ။ အိုးဝေထုတ်ဝေခွင့်ရတဲ့ လေးနှစ်နီးပါးကာလအတွင်းမှာ ဖော်ပြခဲ့တဲ့ လက်ဖက်ရည်ကြမ်းဆောင်းပါးတွေကို ယခုအခါ ရာပြည့်စာအုပ်တိုက်စီစဉ်မှုနဲ့ တစုတစည်းတည်းဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။ အိုးဝေလက်ဖက်ရည်ကြမ်းဆောင်းပါးတွေဟာ စုစုပေါင်း (၉၄)ပုဒ်ရှိ လို့ စာအုပ်ကို နှစ်ပိုင်းခွဲကာ ယခု (၄၅) ပုဒ်ပါဝင်တဲ့ ပထမအုပ်ကို အရင်ဖြန့်ချိလိုက်တယ်လို့ သိရပါ တယ်။တိုင်းပြည်တစ်ခုရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုအစရှိတဲ့ ကဏ္ဍစုံကို အိုးဝေလက်ဖက်ရည် ကြမ်းက သိုင်းဝိုင်းပြောရုံမက အဲဒီခေတ်အခါက ကမ္ဘာမှာဖြစ်ပျက် နေတဲ့ စစ်အေးတိုက်ပွဲတွေအထိ ချဉ်းကပ်တင်ပြထားတာ ဖတ်ရပါ မယ်။ ဒါ့အပြင် ဦးညိုမြရဲ့ သွက် လက်တဲ့ ပြောဟန်၊ ထိမိတဲ့ သ ရော်ချက်တွေနဲ့ ဗဟုသုတဖြစ် ဖွယ်အကြောင်းအရာတွေကို ပေါ့ ပေါ့လေးပြောသွားပြီး စာဖတ်သူ စွဲငြိအောင်ဖမ်းစားနိုင်တဲ့ လက် ဖက်ရည်ကြမ်းဝိုင်း ဆောင်းပါး တွေဟာ ယနေ့ခေတ်စာရေးနေ သူတွေ၊ စာရေးချင်သူတွေအတွက်စံနမူနာယူသင့်တဲ့ စာကောင်းတွေ ပါပဲ။ ဒါကြောင့် အားလပ်ရက်မှာ အပျင်းလည်းပြေ၊ ဗဟုသုတ လည်းရစေတဲ့ ဒီစာအုပ်ကို ဖတ် စေချင်တာပါ။ တန်ဖိုး ၅,၀၀၀ ကျပ်နဲ့ ရာပြည့်စာအုပ်တိုက်က ပထမအကြိမ် ထုတ်ဝေဖြန့်ချိထား ပါတယ်။ ။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။