စက်တင်ဘာ ၂၄ ရက်က စင်ကာပူရှိ နေရာတစ်နေရာတွင် မီးခိုးမြူအုံဆိုင်းနေစဉ် (Photo:AP)
စင်ကာပူ လေအရည်အသွေးကို ကျန်းမာရေးနှင့် မညီညွတ် ဖြစ်စေသည့် တောမီး လောင်ကျွမ်းမှုများအတွက် တာဝန်ရှိသော အင်ဒိုနီရှား ကုမ္ပဏီများကို ငွေဒဏ် အမြောက်အမြား ချနိုင်ရေးအတွက် စင်ကာပူ အစိုးရက တရားဥပဒေအရ အရေးယူမှုများ ပြုလုပ်ရန် လုပ်ဆောင်နေသည်ဟု သိရသည်။
နိုင်ငံပေါင်းစုံ ပါဝင်သည့် အာရှ ပျော့ဖတ်နှင့် စက္ကူလုပ်ငန်း (APP) အပါအ၀င် အင်ဒိုနီးရှား ကုမ္ပဏီငါးခုသို့ တရားရုံး အကြောင်းကြားစာများ ပေးပို့ထားသည်ဟု စက်တင်ဘာ ၂၅ ရက်နှောင်းပိုင်း စင်ကာပူ အစိုးရ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။
အိမ်နီးချင်း နိုင်ငံများတွင် နှစ်ပေါင်းများစွာ ဖြစ်ပေါ်ခံစားနေရသော အလွန်ဆိုးရွားသည့် မီးခိုးငွေ့ ပြဿနာကို မဖြေရှင်းပေးနိုင်သည့် အင်ဒိုနီးရှားနှင့် စင်ကာပူနိုင်ငံကြားတွင် ခါးသီးသည့် သံတမန်ရေးရာ
အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ တရားဥပဒေအရ အရေးယူရန် ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။
အင်ဒိုနီးရှား စီနာမတ်စ် လုပ်ငန်းအဖွဲ့အစည်း၏ လက်အောက်မှ APP သည် ကမ္ဘာအကြီးဆုံး ပျော့ဖတ်နှင့် စက္ကူထုတ်လုပ်ရေး လုပ်ငန်းဖြစ်သည်။ စင်ကာပူ အမျိုးသား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီက APP ၏ စင်ကာပူနှင့် အင်ဒိုနီးရှားရှိ ကုမ္ပဏီခွဲများ၏ အချက်အလက်များကို တောင်းခံထားသည်ဟု သိရသည်။
စင်ကာပူ၏ ၂၀၁၄ ခုနှစ် နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှု အက်ဥပဒေအရ စင်ကာပူ လေအရည်အသွေးကို ညစ်ညမ်းစေသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို တစ်နေ့လျှင် ငွေဒဏ် စင်ကာပူဒေါ်လာ တစ်သိန်း (အမေရိကန်ဒေါ်လာ ၇၀၀၀၀) ချမှတ်နိုင်သည်ဟု သိရသည်။
Ref:AFP
http://news-eleven.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။