(တစ်)
ပစ္စန္တရစ်ဟူသည့် စကားလုံးကို ပထမဦးဆုံးထိတွေ့ဖူးခဲ့ရသည်မှာ အလယ်တန်းကျောင်းသားဘ၀လောက်က ဖြစ်ပါသည်။ သည်တုန်းက မြန်မာနိုင်ငံသည် စာအလွန်ဖတ်သော နိုင်ငံတစ်နိုင်ငံဖြစ်ပေရာ စာဖတ်တတ်သည့် အရွယ်သို့ ရောက်သည့် ကျောင်းသား၊ ကျောင်းသူမှန်သမျှ စာဖတ်လေ့ရှိ ကြသည့် နေ့ရက်များဖြစ်သဖြင့် စာဖတ်သူ ကျွန်တော်သည်လည်း စာအုပ်ကမ္ဘာထဲသို့ စမ်းတ၀ါးဝါးနှင့် ၀င်ရောက်သွားခဲ့မိရာ သိပ္ပံမောင်ဝ၏ ၀တ္ထုဆောင်းပါးများကို စွဲစွဲမြဲ မြဲဖတ်မိသွားခဲ့ပါသည်။ သည်မှာပင် ပစ္စန္တရစ်နှင့် တည့်တည့်တိုးမိခဲ့ခြင်း ဖြစ်ပါသည်။
နွေတွင် ဖုန်တထောင်းထောင်းထသော၊ မိုးတွင်တစ်ရွာလုံးရေမြုပ်သော၊ အိမ်သာတစ်လုံးမှ မရှိသော၊ အင်းသူကြီးနှင့် အင်းသား အများစုနေထိုင်ကာ လယ်သမား တစ်ယောက်စ နှစ်ယောက်စသာ ရှိပြီး ငါးလုပ်ငန်းသမားများသာရှိ သော၊ အဆဲအဆိုအရိုက်အနှက် များဖြင့် အမှုအခင်းထူထပ်သော၊ ရွှံ့ဗွက်ထဲသို့ ဆင်းကာ ငါးဖမ်းကစားခြင်းဖြင့် ကလေးတို့ အပန်း ဖြေလေ့ရှိသော ‘‘တပေကုလား’’ ဟူသည့် ရွာကလေးအကြောင်းကို ‘‘ပစ္စန္တရစ်’’ခေါင်းစဉ်တပ်လျက် သိပ္ပံမောင်ဝက ခြယ်မှုန်းခဲ့ခြင်း ဖြစ်ပါသည်။ စိတ်ပျက်ဖို့ကောင်းလိုက်တာ။ ဤသို့သော အတွေးဖြင့် ပစ္စန္တရစ်ဟူသည် နေရန် မထိုက်တန် သော အရပ်ဒေသအဖြစ် စိတ်ထဲတွင် စွဲသွားမိပါသည်။
(နှစ်)
သို့ဖြင့် ဘုရားရှိခိုးရသော အရွယ်သို့ ရောက်လာပါသည်။ ဘုရားတရား သံဃာတို့ကို ရှိခိုး၍ အပြီး ဆုတောင်းကြလေသောအခါ မလိုချင်သော အရာများကို ငြင်းဆိုကြ ရာ၌ အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရန်သူမျိုးငါးပါးစသည်များနှင့် အတူ ရပ်ပြစ်ရှစ်ပါးဆိုသည်ကြီးကလည်း ပါဝင်၍လာပါသည်။ မလိုလားအပ်သည့် ရပ်ပြစ်ရှစ်ပါးထဲတွင် တစ်ခုက ပစ္စန္တရစ်တဲ့။ ကြောက်ရွံ့စက်ဆုပ်ဖွယ်ရာအရပ် ဒေသတစ်ခုဟုသာ ခပ်လွယ်လွယ် လက်ခံနားလည်ထားလိုက်ပြီး သည်အတိုင်း မေ့ထားခဲ့သည်ပဲ ဖြစ်ပါသည်။
တစ်ရက်အဘိဓာန်ကို လှန်ကြည့်မိသောအခါ ပစ္စန္တရစ်ကို အနက်ပေးထားသည်က ထင်ထားသည်လောက်မဆိုးကြောင်း သတိ ပြုမိပါသည်။
တိုင်းပြည်၏ အစွန်အဖျား အရပ်ဒေသတဲ့။
နယ်စွန်နယ်ဖျားတဲ့။
သို့ဆိုလျှင် နေပြည်တော်နှင့် ဝေးကွာသမျှဒေသများကို ပစ္စန္တရစ်ဟုခေါ်ခြင်းမျှသာ ဖြစ်ပြီး ထိုစကားလုံး၌ အခြားထူးထူးထွေထွေ ဆိုးဆိုးရွားရွားအနက်အဓိပ္ပာယ်များ ပါဝင်မနေပါလေ။
(သုံး)
ကောသလမင်း၏ တစ်ဆယ့် ခြောက်ချက်သော အိပ်မက်များကို ကြားဖူးနားဝရှိသူများ အတန်အသင့်များပါသည်။ ယင်းတွင် အိပ်မက်တစ်ခုက ဤသို့ ဖြစ်ပါသည်။ ရေကန်ကြီးတစ်ကန်၊ ကြာပန်းတို့ ပွင့်လျက် ထိုကန်၏ ထူးခြားမှုမှာ ရေတို့သည် အလယ်တွင် နောက်ကျိကာ ရေစပ်တွင်မူ ကြည်လင်လျက်။
ဘုရားရှင်က ထိုအိပ်မက်ကို မူတည်ကာ မြို့တွင်း မြို့လယ် နိုင်ငံတွင်း နိုင်ငံလယ်များသည် ညစ်ပတ်ရှုပ်ထွေးပွေလီလာကာ အစွန်အဖျားဒေသများက ကြည်လင်အေးချမ်းလာကြလိမ့်မည် ဖြစ်ကြောင်း ဟောကြားတော်မူသည်ဟု ဆိုပါ သည်။
သုခမှတ်စုတစ်နေရာ၌...
‘‘ကြာမျိုးငါးဝ၊ ပွင့်ကြရေကန်
ရေလယ်နောက်လျက်၊ ကမ်းဘက်ကြည်ပြန်
မြို့တွင်းပွေ္ဂရှုပ်၊ ခွန်တုတ်တောင်းခံ
မြို့ပြင်ထွက်၊ ပြည့်နှက်စည်ကားရန်’’ စသည်ဖြင့် တွေ့နိုင်ပါသည်။
သို့ဆိုလျှင် ကောသလအိပ်မက်တစ်ဆယ့်ခြောက်ချက်လာ ထိုအိပ်မက်အရ အချက်အချာအရပ် ဒေသများ အခြေချနေထိုင်ရန် မသင့်ဟု ဆိုရမည် ဖြစ်ပါ၏။ အစွန်အဖျားအရပ်ဒေသများနေဖို့ရာ သင့်တင့်လျောက်ပတ်၏ဟု ယူဆရမည် ဖြစ်ပါ၏။
ပစ္စန္တရစ်ဟူသည် အစွန်အဖျားဒေသဆိုရုံမျှနှင့် ခေါင်းခါဖို့ရာ ဖြစ်နိုင်ပါဦးတော့မလား။
(လေး)
အစွန်အဖျားအရပ်ဒေသများရှိရာဆီသို့ သွားဖူးလာဖူးကလေးများရှိလေကြသလား မဆိုတတ်ပါ။
ဥပမာ မူဆယ်၊ တရုတ်-မြန်မာနယ်စပ်၊ တရုတ်-မြန်မာနှစ်နိုင်ငံကြားက ဂိတ်တံခါးဝကို ခြေတစ်လှမ်းကျော်ပြီး ၀င်လိုက်သည်နှင့် ကြယ်ခေါင်က သန့်ရှင်းသပ်ရပ်ခံ့ညားစွာ ဆီးကြို၍နေပါသည်။ စိမ်းစိမ်းညို့နေသည့် သစ်ပင်သစ်တောများ၊ ဖုန်နေသည့်လမ်းများ၊ ထိန်ထိန်ညီးနေသည့် လျှပ်စစ်မီးများ၊ မနင်းရက်စရာ ပလက်ဖောင်းအလှအပများ၊ သပ်ရပ်လှပသည့် လူနေအိမ်ခြေများ၊ စည်းစနစ်ကျနသည့် မော်တော်ယာဉ်များ စသည် စသည်ဖြင့်။
ထို့နောက် ဥပမာ တာချီလိတ်၊ထိုင်း-မြန်မာနယ်စပ်၊ တစ်ဖက်နိုင်ငံ မယ်ဆိုင်မြို့ထဲသို့ ၀င်လိုက် သည်နှင့် အစစအရာရာ ဤမှာ ဘက်ကမ်းနှင့် ကွာသွားပြီကို မျက် ၀ါးထင်ထင် တွေ့မြင်ကြရပါပြီ။ မွတ်ညက်နေသည့် လမ်း၊ မမှိတ်စတမ်းမီးရောင်စုံ၊ တောရဂုံစိမ်းစိမ်းကြားက မားမတ်နေသည့်တိုက်များ။
ယင်းနောက် ဥပမာ ရနောင်း။ကော့သောင်းနှင့် ရနောင်းကြားက ပါချန်မြစ်ကိုဖြတ်ကာ ရနောင်းသို့ တက်လိုက်သည်နှင့် ပန်းခြံများ၊ အားကစားကွင်းများ၊ ဧရာမဈေး ကြီးများ၊ မီးပန်းပဒေသာများ၊ ခေတ်မီစာသင်ကျောင်းများ၊ နက် ရွှဲမွတ်ညက်လမ်းမများ၊ စာအုပ် ဆိုင်ကြီးများ၊ စနစ်တကျမီးပွိုင့် များစသည် စသည်။
ယင်းနောက် ဥပမာ တမူး။ အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ နန်းဖာလုံဈေးကိုဖြတ်ကာ အာသံမဏိပူရနယ်စပ်ကို ကျော်၍ အတွင်းသို့ နည်းနည်းဝင်လိုက်သည်နှင့် ဖြူး သောလမ်းများက ညက်သောကား များကို စောင့်လင့်၍ နေကြပါလေ သည်။
ဂျပန်နိုင်ငံ တိုကျိုမြို့တော်နှင့်ဝေးရာ ဟိုးအစွန်းအဖျားဒေသများ ဆီသို့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တော်နှင့် ဝေးရာဟိုးအစွန်အဖျား ဒေသများဆီသို့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူနှင့် ဝေးရာဟိုးအစွန်အဖျားဒေသများဆီသို့ ခရီးနှင် သောအခါ မြို့တော်နှင့် မှား လောက်အောင် ခင်းထားသော လမ်း၊ ထွန်းထားသော မီး၊ ဆောက်ထားသော တိုက်၊ ဖွင့်ထားသော ဈေးကြီးတို့က ခရီးသွားဧည့်သည် တို့ကို အံ့အားသင့်သွားစေပါသည်။ဟိုးတောကြိုတောင်ကြားထဲက တစ်လုံးတည်းသော အိမ်ကလေး ကအစ လျှပ်စစ်မီးများနှင့် ထိန် ၀င်းတောက်ပနေစေရန် ဆက် သွယ်ပေးပို့ထားသည့် အစိုးရ၏ စီမံခန့်ခွဲစေတနာကဲပုံကို ကြည့် ကာ လက်ဖျားခါကြရပါသည်။
သူတို့မှာ ပစ္စန္တရစ်ဆိုသည့် စကားလုံးမှရှိကြရဲ့လားမသိ။ ရှိခဲ့ လျှင်လည်း ကျွန်တော်တို့ ဘုရား ရှိခိုးထဲရှိ ရပ်ပြစ်ရှစ်ပါးထဲက ပစ္စန္တ ရစ်လို မနေသင့် မနေအပ်သည့် အရပ်ဒေသမျိုးမှ ဟုတ်ကြပါရဲ့ လားမသိ။
ရန်ကုန်မှ မည်မျှဝေးသွားခဲ့သော် ပစ္စန္တရစ်ဖြစ်ပြီလဲ။ မန္တလေးမှ မည်မျှဝေးသွားခဲ့သော် ပစ္စန္တရစ် ဖြစ်ပြီလဲ။ တောင်ကြီးမှ၊ မော်လ မြိုင်မှ၊ ပုသိမ်မှ၊ မြစ်ကြီးနားမှ၊ မြို့ ကြီးပြကြီးများ၏ အပြင်ဘက်သို့ မိနစ်သုံးဆယ် ကားမောင်းထွက်လိုက်သည်နှင့် အကုန်လုံးပစ္စန္တရစ် တွေ ဖြစ်ကုန်ပြီလားမဆိုတတ်။ ကျွန်တော်တို့၏ ရပ်ပြစ်ရှစ်ပါးထဲ၌ ပစ္စန္တရစ်ကြီးပါဝင်နေသည်မှာ ကျွန်တော်တို့ နိုင်ငံကြောင့်များဖြစ် နေလေရော့သလား မပြောတတ်။ သြော်...နိုင်ငံတော်သီချင်းထဲက ‘‘ခွင့်တူညီမျှ’’ကို အစွန်အဖျားအရပ်ဒေသများသို့တိုင် အကောင်အထည်မြန်မြန်ဖော်နိုင်မည့် နေ့များဆီသို့ ရောက်ရှိပါစေလိုကြောင်းသာ။။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။