“မဲပေးပိုင်ခွင့်ရှိတဲ့ မသန်စွမ်းတိုင်း မဲသွားပေးပါ”

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ မသန်စွမ်းသူဦးရေဟာ တိုင်းပြည် လူဦးရေရဲ့ ၄ ဒသမ ၆ ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြထားတာကြောင့် မြန်မာနိုင်ငံမှာ မသန်စွမ်းသူဦးရေ ၂ ဒသမ ၃ သန်း ကျော် ရှိပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မသန်စွမ်းသူတွေရဲ့ မဲပေးပိုင်ခွင့်၊ မဲပေးနိုင်မယ့် အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနဲ့ ဧရာဝတီ သတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မသန်စွမ်းသူတွေ မဲပေးခွင့်ရဖို့ ဘာတွေ လုပ်သွားဖို့ ရှိပါသလဲ။
ဖြေ ။ ။ ရွေးကောက်ပွဲမှာ မသန်စွမ်းတွေ မဲပေးခွင့်ရဖို့ သူတို့ မလုပ်လည်း ကျနော်တို့ လုပ်မယ်၊။ လုပ်တဲ့နေရာမှာ နှစ်မျိုးရှိမယ်။ တောင်းယူတယ်၊ လုပ်ယူတယ်။ သူတို့ လုပ်တာကို ထိုင်စောင့်နေလို့ မရဘူး။ သူတို့ လုပ်အောင်လည်း တိုက်တွန်းမယ်။ ကိုယ်တိုင် လုပ်ရမယ်။ ရွှေမင်းသား ဖောင်ဒေးရှင်း ကွန်ရက်ရှိတဲ့ မြို့နယ်တွေမှာ ကျနော်တို့ လူတွေ ထားထားမယ်။ မဲရုံတွေမှာ မသန်စွမ်းသူတွေ လာပြီး မဲပေးတဲ့အခါ ကူညီနိုင်ဖို့ ရွှေမင်းသားရဲ့ စေတနာဝန်ထမ်းတွေ ထားထားပေးမယ်။ မြို့နယ် ၇၀ လောက်မှာတော့ လုပ်နိုင်မယ်။ မန္တလေးတိုင်းမှာ ချမ်းအေးသာစံ၊ ပုသိမ်ကြီးနဲ့ အမရပူရမြို့နယ် တို့မှာ လုပ်မယ်။
မေး ။ ။ ရွေးကောက်ပွဲမှာ မသန်စွမ်းတွေ မဲပေးနိုင်ဖို့ အခွင့်အရေး ဘယ်လောက်ရမယ်လို့ မြင်ပါသလဲ။
ဖြေ ။ ။ မသန်စွမ်းတွေ မဲပေးနိုင်ဖို့ ရာနှုန်းပြည့် လုပ်မယ်။ မဲပေးပိုင်ခွင့်ရှိတဲ့ မသန်စွမ်းအားလုံး မဖြစ်မနေ မဲသွားပေးဖို့ နှိုးဆော်မယ်။ အဲဒီတော့ ကျနော်တို့ Network မှာ ရှိနေတဲ့ မသန်စွမ်းအားလုံးကို မဲပေးမယ့် သူတွေကိုပဲ မှာမယ်။ အသိပေးမယ်။ ခက်တာက မသန်စွမ်း Issue က ချင်းပြည်နယ်၊ ကချင်ပြည်နယ် ဆိုတာမျိုး အုပ်စုလိုက် မဟုတ်ဘူး။ အားလုံးက ပြန့်ကျဲနေတာ။ ဘယ်နေရာမှာဖြစ်ဖြစ် တတိုင်းပြည်လုံးမှာ မသန်စွမ်းတွေ ရှိနေတယ်။ အဲဒီအတွက် လုပ်ရတာတော့ နည်းနည်း အခက်အခဲ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ရသလောက် ကျနော်တို့ လုပ်သွားမယ်။
မေး ။ ။ မသန်စွမ်းသူတွေရဲ့ မဲပေးပိုင်ခွင့်အတွက် ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဘာတွေ ဆောင်ရွက် ပေးဖို့ လိုပါသလဲ။
ဖြေ ။ ။ မသန်စွမ်းတွေအတွက် စံပြ မဲရုံလုပ်ပေးမယ်လို့ ပြောတယ်၊ ဒီအတွက် ရွေးကောက်ပွဲ ကော်မရှင် ကောင်းပါတယ်။ ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ စံပြမဲရုံဆိုတာကို သိပ်ပြီး ဘ၀င်မကျဘူး။ ကျနော်တို့ အတွက် စံပြမဲရုံဆိုတာမျိုး မလိုပါဘူး။ မဲရုံတိုင်းမှာ မဲပေးနိုင်ရမယ်။ စံပြမဲရုံရှိတဲ့နေရာကို အဝေးကြီးမှာရှိတဲ့ မသန်စွမ်းက ဘယ်လို လုပ်လာနိုင်မလဲ။ မဲရုံတိုင်းမှာ မသန်စွမ်းတွေ မဲပေးဖို့ အဆင်ပြေအောင် စီစဉ် ပေးစေချင်ပါတယ်။ အခုချိန်ထိတော့ လုပ်ပေးဖို့ အလားအလာ သိပ်မမြင်ဘူး။ ကိုယ့်ဘာသာကိုယ်ပဲ လုပ်ရ မှာပေါ့ဗျာ။
မေး ။ ။ မသန်စွမ်းကို မြန်မာနိုင်ငံမှာ ဘယ်နှစ်မျိုးလောက် သတ်မှတ်ထားပါသလဲ။
ဖြေ ။ ။ ခန္ဓာကိုယ် လှုပ်ရှားမှု ခက်ခဲသူ၊ အကြား အာရုံချို့တဲ့သူ၊ အမြင် အာရုံချို့တဲ့သူ၊ ဥာဏ်ရည် အားနည်းသူ ဆိုပြီး မြန်မာနိုင်ငံ လူမှုဝန်ထမ်း ဦးစီးဌာနက ၄ မျိုး သတ်မှတ်ထားပါတယ်။ အဲဒီ မသန်စွမ်းသူတွေထဲမှာ အမြင် အာရုံချို့တဲ့သူက အများဆုံးလို့ ၂၀၁၄ သန်းခေါင်စာရင်းအရ သိရပါတယ်။ ကမ္ဘာမှာတော့ မသန်စွမ်းကို ၈ မျိုးအထိ သတ်မှတ်ပါတယ်။ အဲဒီအထဲမှာ အနာကြီးရောဂါသည်၊ ကိုယ်ကိုကိုယ် သေကြောင်းကြံတဲ့ စိတ်ကျဝေဒနာသည်တွေ ပါပါတယ်။
မေး ။ ။ မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေရဲ့ တန်းတူ အခွင့်အရေးရနေပြီလား။
ဖြေ ။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောရင် ကျနော်တို့ မသန်စွမ်းတွေ အရွေးခံဖို့နဲ့ မဲပေးဖို့။ အရွေး ခံတာက ပြည်သူတွေရဲ့အပိုင်းဖြစ်သွားပြီ။ ကျနော်တို့ကို မေးတယ်။ ကျနော်တို့ထဲမှာ လွှတ်တော်ထဲကို ၀င်နိုင်မဲ့ အရည်အချင်း ရှိတဲ့သူတွေ ရှိလားတဲ့။ အများကြီး ရှိတာပေါ့ဗျာ။ ရှင်းအောင် ပြောရရင် ကျနော်တို့က ကူလီထမ်းမှာမှ မဟုတ်တာ။ ပြည်သူအပေါ် တကယ်စေတနာရှိပြီး လုပ်ရည်ကိုင်ရည် ရှိတဲ့သူတွေ ကျနော်တို့ မသန်စွမ်းတွေထဲမှာ အများကြီး ရှိတယ်။
နောက်တခုက ကျနော် အာဇာနည်နေ့ အခမ်းအနား ချီတက် အလေးပြုခဲ့တာ ဒီနှစ်နဲ့ဆို ၄ နှစ်ရှိပြီ။ အခုချိန်အထိ မသန်စွမ်းတွေအတွက် ၀ှီးလ်ချဲ အတက်အဆင်း လုပ်ဖို့ လျှောက်လမ်း လုပ်မပေးသေးဘူး။ လာခြင်း၊ မလာခြင်း သူတို့နဲ့ မဆိုင်ဘူး။ လုပ်ပေးရမှာ သူတို့ တာဝန်၊ မပြောဘဲ သိရမဲ့ အကြောင်းရင်းတွေ ရှိရမယ်။ ဒါပေမဲ့ အခုတော့ အထူးအခွင့်အရေး ရှေ့ဆုံးက ၀င်ခွင့်ပေးတာပဲ ကျေးဇူးတင်ရမယ်။ (ပင့်)မ ပေးတဲ့သူတွေ ရှိနေတာပဲ ဆိုတာမျိုး ကျနော်တို့ မလိုချင်ဘူး၊ သူတို့လည်း အမြဲတမ်း မ’ နေစရာမလိုဘူး၊ ကျနော်တို့လည်း အမြဲ အ မ’ ခံနေစရာ မလိုဘူး။
မေး ။ ။ ရွေးကောက်ပွဲနေ့မှာ မဲပေးချင်တဲ့ အမြင်အာရုံ ချို့တဲ့သူတွေ အတွက်ရော ရွှေမင်းသား ဖောင်ဒေးရှင်း အနေနဲ့ ဘယ်လို အကူအညီတွေ ပေးသွားမလဲ။
ဖြေ ။ ။ အမြင်အာရုံ ချို့တဲ့သူအတွက် အခက်အခဲတွေ အများကြီး ရှိနိုင်မယ်။ သူက မဖြူကို ပေးချင်တယ်။ ဒါပေမဲ့ သူ့ကို ကူတဲ့သူက မနီကိုပေးရင် ဘယ်လိုလုပ်မလဲ။ လုပ်ပေးမဲ့သူက မနီကို ထည့်ရင် သူ မသိနိုင်ဘူး။ ပြီးတော့ သူက မဖြူကို ပေးတောင်မှ သူပေးတာကို လူမသိစေချင်ဘူး။ လျှို့ဝှက်မဲ ဖြစ်ချင်တယ်။ အဲဒီပြဿနာက ကြီးတယ်။ အဲဒါကြောင့် ကျနော်တို့ကိုလည်း မယုံပါနဲ့။ အားကိုးပါ။ မယုံနဲ့။ ကျနော့် ကလေးတွေကိုလည်း ရာနှုန်းပြည့် အာမ မခံနိုင်ဘူး။ စိတ်တွေ အများကြီး ရှိနိုင်တာပဲ။ သူတို့ကလည်း စေတနာ ၀န်ထမ်းတွေ၊ ပြန်မပြောဘူးလို့ ကျနော် တာဝန်မခံနိုင်ဘူး။ ဒါကြောင့် ကိုယ့်ယုံကြည်ရမဲ့သူ မိသားစု၊ အဖေ၊ အမေ၊ မောင်နှမ ခေါ်လာပါ၊ အဲဒီလို ခေါ်လာဖို့ အဆင်မပြေမှ ကျနော်တို့ ၀င်ကူပါ့မယ်။
မေး ။ ။ ရွေးကောက်ပွဲနေ့မှာ မသန်စွမ်းသူတွေရဲ့ မဲတပြားအတွက် ဘယ်လို သတင်းစကား ပါးချင်ပါသလဲ။
ဖြေ ။ ။ မဲပေးပိုင်ခွင့်ရှိတဲ့ မသန်စွမ်းတိုင်း မဲသွားပေးပါ။ မဲရုံသွားဖို့ ကူညီမယ့်သူ မရှိလို့ ကူညီမယ့်သူ မျှော်မနေနဲ့။ ရောက်အောင်သွားပါ။ အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ် ပူပန်မှုတွေ အများကြီး ရှိနေမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကိုယ်မပေးရင် အဲဒီမဲက ပယ်မဲဖြစ်သွားမှာလေ။ မသန်စွမ်းတွေအတွက် Right to Vote ဖြစ်အောင် မဖြစ်မနေ မဲသွားပေးပါ။ ဒါပေမဲ့ အခုက မဲစာရင်းတောင် လာမကြည့်ကြဘူး ဖြစ်နေတာ။ အဲဒီနေ့မှာ တော်ရုံတန်ရုံ အခက်အခဲရှိရုံနဲ့ လက်မလျှော့ဘဲ မဲရုံကို ရောက်အောင်သွားပါ။ မဲပေးပါ။ အဲဒီလို မပေးရင် နောက်ပေါ်ပေါက်လာမယ့် အစိုးရဟာ ကျနော်တို့ဆန္ဒ မပါတော့ဘူးလေ။ အဲဒီအတွက် ဘယ်သူကို ပေးရမယ်လို့ ကျနော်တခွန်း မပြောဘူး။ သူဘာသူ ဘာပဲပေးပေး။ ပေးဖို့ အဓိကပဲ။ အဲဒီတခွန်းတော့ ကျနော်လူတွေကိုလည်း မှာထားတယ်။ မဲစာရင်းပါ မပါတော့ အရင်ကြည့်ဦး။ အဲဒီနေ့မှာ အခက်အခဲ ရှိလိမ့်မယ်။ ခဏပဲ ကြုံရမယ်၊ နောင် ၅ နှစ်အတွက် အရမ်းအရေးကြီးတဲ့ အတွက်ကြောင့် အခုကြုံရမယ့် အခက်အခဲ လောက်ကို စာမဖွဲ့ပါနဲ့။ ကျနော်တို့ တာဝန်ကို ကျနော်တို့ ကျေပါ။ ငါတို့အခွင့်အရေး ဘာညာဆိုပြီး လျှောက် အော်မနေနဲ့။ ကိုယ့်တာဝန်ကိုယ်ကျေမှ လူ့အဖွဲ့အစည်းမှာ လူရာဝင်မှာ၊ အကျုံးဝင်မှာပါ။
http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။