စက်တင်ဘာ ၃ ရက်က တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် ကျင်းပသည့် အမျိုးသား အောင်ပွဲနေ့ အခမ်းအနား၌ တရုတ်စစ်တပ်၏ လက်နက် အသစ်များကို ခင်းကျင်း အင်အားပြသွားခဲ့ကြောင်း သိရှိရသည်။
ဒုတိယ ကမ္ဘာစစ်အပြီး ဖက်ဆစ်ဂျပန်တို့အပေါ် အောင်ပွဲခံခဲ့သည့် နှစ်ပေါင်း ၇၀ ပြည့် အခမ်းအနားတွင် တရုတ် လွတ်မြောက်ရေး တပ်မတော်က စစ်ရေးပြခဲ့ရာ တိုက်ချင်းပစ် ဒုံးကျည်လက်နက်များ၊ ခရီးတာလတ် ပျံသန်းနိုင်သည့် မဟာဗျူဟာ ဗုံးကြဲ တိုက်လေယာဉ်များပါ ပါဝင် အင်အားပြခဲ့သည်။ အထူးသဖြင့် တရုတ်၏ နိုးကြားသော ကာကွယ်ရေး စွမ်းရည်ကို ယခုအခမ်းအနားတွင် အဓိက ပေါ်လွင် ထင်ဟပ်စေခဲ့ကြောင်း တရုတ်မီဒီယာများက ဆိုသည်။
စစ်ရေးပြ အခမ်းအနားတွင် တရုတ်ပြည်တွင်းဖြစ် လက်နက် အမျိုးအစား ၂၇ ခုထိ ပါဝင်ပြသခဲ့ပြီး Dongfeng-5B တိုက်ချင်းပစ် မဟာဗျူဟာ ဒုံးကျည်နှင့် Dongfeng-21D သင်္ဘောဖျက် ဒုံးကျည်တို့လည်း အပါအဝင် ဖြစ်သည်။ Dongfeng-5Bသည် နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်စေရန် ဒီဇိုင်းထုတ်ထားပြီး Dongfeng-21Dကမူ လေယာဉ်တင် သင်္ဘောကြီးများကိုပင် ဖောက်ခွဲနှစ်မြှုပ်နိုင်စွမ်း ရှိသည်ဟု ဆိုသည်။
ဘေဂျင်းမြို့လယ်ရှိ တီအာမင်ရင်ပြင်တွင် ပြုလုပ်သည့် ချီတက်ပွဲ၌ H-6K ခရီးတာလတ် ပျံသန်းနိုင်သည့် ဗုံးကြဲလေယာဉ်များ၊ လေယာဉ်တင်သင်္ဘောတွင် အခြေစိုက်နိုင်သည့် J-15 တိုက်လေယာဉ်များ အပါအဝင် လေယာဉ် အစီးရေ ၂၀၀ နီးပါး ပါဝင်အင်အားပြ ပျံသန်းခဲ့သည်။ H-6Kနှင့် J-15တို့သည် ရုရှားနည်းပညာကို အခြေခံကာ တရုတ်တွင် ထုတ်လုပ်ထားခြင်း ဖြစ်သည်။
တရုတ်စစ်ရေး အကဲခတ်များက ယခုကဲ့သို့ ခေတ်မီ စစ်လက်နက်များ ခင်းကျင်းပြသလာခြင်းသည် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး စီးပွားရေး အင်အားစုကြီးအဖြစ် ရပ်တည်နေသည့် နိုင်ငံ၏ ကာကွယ်ရေး မဟာဗျူဟာကို ထင်ထင်ရှားရှား ပေါ်လွင်စေလို၍ ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။ တစ်ဖက်တွင်မူ အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ် ပင်လယ်အတွင်းရှိ ဒေသတွင်း နိုင်ငံများနှင့် ရေပိုင်နက် အငြင်းပွားမှုများ ဖြစ်နေသည့် တရုတ်၏ သွယ်ဝိုက်သော ခြိမ်းခြောက်မှု အနေဖြင့် ယူဆသူများလည်း ရှိနေသည်။
တရုတ်သည် ယခင်ကလည်း ၎င်းတို့၏ ခေတ်မီ စစ်လက်နက်များကို အမျိုးသားအောင်ပွဲနေ့ စစ်ရေးပြ ချီတက်မှုများအတွင်း ထည့်သွင်း ပြသခဲ့ဖူးသည့် သာဓကများ ရှိခဲ့သည်။ ၁၉၉၉ ခုနှစ်က အခမ်းအနားတွင် ထိုစဉ်က တရုတ်စစ်တပ်၏ နောက်ဆုံးပေါ် အဆင့်မြင့် တိုက်ချင်းပစ် ဒုံးကျည်ဖြစ်သည့် Dongfeng-31ကို ပွဲထုတ်ပြခဲ့သည်။
ယခုနှစ် စစ်ရေးပြ အခမ်းအနားတွင် တရုတ်စစ်တပ်၏ ခေတ်အမီဆုံး တင့်ကားအဖြစ် သတ်မှတ်ခံရသည့် 99Aများက မြားဦးသဏ္ဍန် အခင်းအကျင်းဖြင့် ချီတက်ခဲ့သည်။ ထို့အပြင် တရုတ်၏ Red Arrow-10 တင့်ကားဖျက် ဒုံးကျည်များ၊ HQ-12 လေယာဉ်ပစ် ဒုံးကျည်များ၊ လေယာဉ်တင်သင်္ဘောတွင် အခြေစိုက်နိုင်သည့် တတိယမျိုးဆက် တာလတ်နှင့် တာဝေးပစ် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များကိုပါ အများပြည်သူရှေ့မှောက် ပထမဆုံးအကြိမ် ပြသလာခဲ့ကြောင်း သိရှိရသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။