အမ်းတွင် ပိုက်လိုင်းများကြောင့် ပျက်စီးမှုများရှိနေ၍ ဆန္ဒဖော်ထုတ်

ကျော်ဝင်း (ကျောက်ဖြူ)
အမ်း၊ စက်တင်ဘာ ၂၅


ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တောင်ဖီလာကျေးရွာအုပ်စုတွင် တရုတ်ကုမ္ပဏီ China National Petroleum Corporation (CNPC) ၏ ဂတ်စ်နှင့် ရေနံပိုက်လိုင်းကြောင့် ဒေသခံများ လုပ်ကိုင်စားသောက်နေသော ပုဇွန်တာတမံများ ပျက်စီးသွား၍ ပြန်လည်ပြုပြင်ပေးရေးအတွက် စက်တင်ဘာ၂၅ရက်နေ့ က ဒေသခံများ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယင်းအခမ်းအနားကို နေ့လယ် ၂နာရီခန့်က ပြုလုပ်ပြီးလူပေါင်း တစ်ရာခန့် ပူးပေါင်းပါဝင်ခဲ့သည်။

တောင်ဖီလာကျေးရွာအုပ်စု၊ ဆယ်ရှဉ်းလုပ်ရွာ၊ ကွင်းအမှတ် ( ၃၀၃/ ခ)ရှိမြေ ၃၄၅ဧကတွင် ရေနံနှင့်ဂတ်စ်ပိုက်လိုင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ လုံးဝလုပ်ကိုင်၍ မရတော့သည့်အတွက် သက်ဆိုင်ရာ CNPC ကုမ္ပဏီမှ ဖြေရှင်းပေးရန် အတွက် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်းသိရသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် CNPC ကုမ္ပဏီအလိုမရှိ အလို မရှိ၊ ရေနံဓာတ်ငွေ့ပိုက်လိုင်းကြောင့် လယ်ယာမြေနစ်နာသည့် ကိစ္စ အပြည့်အ၀ ရရှိရေး ဆောင်ရွက်ပေး ဆောင်ရွက်ပေး၊ ပိုက်လိုင်း စီမံကိန်းကြောင့်ပျက်စီးသွားသည့် လယ်ယာမြေများ မူလ အတိုင်းဖြစ်အောင်ဆောင်ရွက်ပေး ဆောင်ရွက်ပေး စသည့် ဆိုင်ဘုတ်များကိုကိုင်ဆောင်ပြီး လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မြို့နယ်မြေစာရင်းရုံးရှေ့မှ အမှတ်(၃)ရပ်ကွက် အားကစားကွင်းကို စီတန်းလှည့်လည်ခဲ့ကြပြီး အားကစားကွင်းတွင် ရပ်တန့်ပြီး ဟောပြောပွဲပြုလုပ်ခဲ့သည်။

“ အရင်တုန်းက ဒီပုဇွန်ကာရီတွေကို နှစ်ပေါင်းနှစ်ဆယ်ကျော်လောက်က လုပ်ကိုင်စားသောက်လာခဲ့တာပါ။ ရေနံနဲ့ ဂတ်စ် ပိုက်လိုင်း ဖြတ်သန်း ခံရတဲ့ နောက်ပိုင်းက စပြီးတော့ ပျက်စီး သွားတယ်။ ပြုပြင်ဖို့တောင်း ဆိုခဲ့ပေမယ့် မလိုက်လျော့ခဲ့ဘူး။ ဒေသခံတွေအခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ ကျနော်တို့ဒေသခံတွေ အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ ပုဇွန်ကာရီကို ပြန်လည်ပြုပြင်ပေးဖို့နဲ့ နစ်နာကြေးတွေကို အပြည့်အ၀ပေးဖို့ တောင်းဆိုပါတယ်။ တောင်းဆိုချက်တွေကို မလိုက်လျော့ရင် ဒီထက်ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်သွားမယ်” ဟု ဆန္ဒပြခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုမျိုးလွင် ကပြောသည်။

ဆန္ဒဖော်ထုတ်ပွဲကို စက်တင်ဘာ၁၆ရက်နေ့မှာပြုလုပ်လုပ်ရန် စီစဉ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ကုမ္ပဏီ တာဝန်ရှိသူများက ခေါ်ယူဆွေးနွေးခဲ့သောကြောင့် စက်တင်ဘာ ၂၁ရက်နေ့သို့ ပြောင်းရွေ့ခဲ့သည်။

ဆွေးနွေးပွဲတွင် လယ်သမားတွေက ကာရီ၏ တာဘောင် ကို ပေ၆၀၀၀ပြုပြင်ရန်အတွက် ကျပ်ငွေ သိန်း၂၁၀၊ ချောင်းနှစ်ချောင်းပေါင်း (ပေ၁၆၀၊ အနက်ပေ၂၀ ) ကိုပြန်လည်ပြုပြင်ရန် ကျပ်ငွေသိန်း ၁၄၂နှင့် ပုဇွန်မွေးမြူရေးကန် နစ်နာကြေးအတွက် သုံးနှစ်အတွက် ကျပ်ငွေသိန်း ၄၃၄၇ စုစုပေါင်း ကျပ်ငွေသိန်း၄၆၉၉ ကိုပေးရန်တောင်းဆိုခဲ့သည်။

သက်ဆိုင်ရာကုမ္ပဏီတာဝန်ရှိသူတွေက မပေးနိုင်ဘူးဟု အကြောင်းပြန်လာ၍ စက်တင်ဘာ၂၅ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ရေနံပိုက်လိုင်းနှင့် ဂတ်စ်ပိုက်လိုင်းကြောင့် ဒေသခံ ၈၉ဦး လုပ်ကိုင် စားသောက်နေသော ပုဇွန်ကာရီသည် ပြန်လည်ပြုပြင်၍ မရတော့ဘဲ အခက် အခဲရှိနေကြောင်းသိရသည်။ ၎င်းကာရီသည် ၂၀၁၁ခုနှစ် ရေနံပိုက်လိုင်းနှင့် ဂတ်စ်ပိုက်လိုင်း ဖြတ်သန်းခံရပြီးနောက်ပိုင်းမှစ၍ လုပ်ကိုင်၍ မရတာသုံးနှစ်ရှိပြီဟု ကိုမျိုးလွင်ကပြောသည်။

ဒေသခံလူပေါင်း ၈၉ ဦးပိုင်ဆိုင်သော ကာရီ ခေါ် တာတမံ ၅လုံး အကျယ်အ၀န်း ၃၄၅ဧက ရှိပြီး ပုဇွန်လုပ်၍ မရသောအခါ ယခုနှစ်မိုးရာသီမှ စ၍ စပါးစိုက်ရန် ကိုယ်ထူ ကိုယ်ထဖြင့် နေ့တိုင်း လူ၁၅၀ ခန့်ဖြင့် ပြန်လည်ပြုပြင်နေသော်လည်း လတိုင်း၎င်းကာရီ ကျိုးပေါက်နေသောကြောင့် အခက်အခဲဖြစ်နေကြောင်းသိရသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကြောင့် အလားတူ CNPC ကုမ္ပဏီအား ဆန္ဒပြမှုမှာ ကျောက်ဖြူမြို့နယ်၊ မဒဲကျွန်းတွင် ၂၀၁၃ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့က တစ်ကြိမ်နှင့် ၂၀၁၅ခုနှစ် ဇွန်လ၃ရက်နေ့က ကျောက်ဖြူမြို့နယ် ၊ မလကျွန်းကျေးရွာတွင် ဓာတ်ငွေ့သန့်စင်စက်ရုံကြောင့် ကိုးရီးယားဒေ၀ူး ကုမ္ပဏီကို ဆန္ဒပြမှုများဖြစ်ပွားခဲ့ဖူးကြောင်းသိရသည်။

____Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။