ထိုင်းဘုရင်မင်းမြတ်၏ သမီးတော် သီရိဒုံမင်းသမီးသည် မြိတ်မြို့သို့ အောက်တိုဘာ ၄ ရက်တွင် ချစ်ကြည်ရေး ခရီးလာရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။
သီရိဒုံမှာ မြိတ်မြို့သို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် လာရောက်ပတ်မည်ဖြစ်ပြီး ရန်ကုန်မြို့မှ တစ်ဆင့် မြိတ်မြို့သို့ လေကြောင်းလိုင်းဖြင့် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
“ထိုင်းနိုင်ငံကနေ ရန်ကုန်မြို့ကို လေကြောင်းခရီးစဉ်နှင့် ရောက်လာမယ်။ ရန်ကုန်မြို့ကနေ တစ်ဆင့် မြိတ်မြို့ကို လေကြောင်းလိုင်းနဲ့ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ မြိတ်မြို့ရဲ့ စေတီပုထိုးတွေ၊ ဘုန်းကြီးကျောင်း တွေကို လိုက်လံဖူးမြော်မယ်။ ပြီးရင် ရန်ကုန်ကို လေယာဉ်နဲ့ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်” ဟု မြိတ်ခရိုင် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
သီရိဒုံ၏ ချစ်ကြည်ရေး ခရီးစဉ်တွင် မြိတ်မြို့ရှိ လေးကျွန်းဆီမီး စေတီတော်ကြီး၊ တောကျောင်းနှင့် အရှေ့သိမ်ကျောင်းများကို လာရောက်ဖူးမြော်မည် ဖြစ်ကြောင်း သိရသည်။
“မြိတ်မြို့ကို ရောက်တာနဲ့ မြို့တွင်း လှည့်လည်ကြည့်ရှုမယ်။ ပြီးတော့ လေးကျွန်း ဆီမီးစေတီတော်ကြီးကို ဖူးမြော်မယ်။ ပြီးရင် ဟိုတယ်ဂရင်းဂျိတ်မှာ ခဏနားမယ် ၊ ဟိုတယ်က ပြန်လည်ထွက်ခွာပြီးရင် တောကျောင်းနဲ့ အရှေ့သိမ်ကျောင်းတွေကို သွားရောက်မယ်။ ပြီးတာနဲ့ နေပြည်တော် (သို့မဟုတ်) ရန်ကုန်ကို ပြန်လည် ထွက်ခွာဖို့ရှိပါတယ်” ဟု သီရိဒုံ မင်းသမီး၏ ခရီးစဉ်လမ်းကြောင်းနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
အရှေ့သိမ်နှင့် တောကျောင်းများမှာ ထိုင်းနိုင်ငံ၏ အနုပညာလက်ရာများ ပါဝင်နေကြောင်း၊ အရှေ့သိမ်မှာ နှစ်ပေါင်း ၇၀၀ ကျော်ကတည်းက တည်ရှိခဲ့ပြီး တောကျောင်းမှာလည်း နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်း ရှိသည့် စေတီ၊ ဆင်းတုတော်များ တည်ရှိနေသည့် ကျောင်းတစ်ကျောင်း ဖြစ်ကြောင်း သိရသည်။ သီရိဒုံမင်းသမီးနှင့် အတူ အဖွဲ့ဝင် ၂၈ ဦး ပါဝင်လာမည်ဖြစ်ပြီး ချစ်ကြည်ရေး ခရီးစဉ် တစ်ခုဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Writer:
ဇော်မိုးဦး (မြိတ်)
http://news-eleven.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။