အိန္ဒိယတွင် ညီအစ်မ ၂ ဦး မုဒိမ်းကျင့်ခံရမည့်ကိစ္စ ကာကွယ်ပေးရန် တောင်းဆို

အိန္ဒိယနိုင်ငံအတွင်း ရွာကောင်စီက ဇာတ်နိမ့် ညီအစ်မတွေကို မုဒိမ်းကျင့်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အတွက် တရားမျှတမှုနဲ့ အကာအကွယ်ပေးဖို့ တောင်းဆိုတဲ့ အွန်လိုင်းအသနားခံလွှာမှာ သီတင်းတပတ်အတွင်း လူအယောက် ၁၇၅၀၀၀ လောက်က လက်မှတ်ရေးထိုး တောင်းဆိုလိုက်တယ်လို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက သြဂုတ် ၃၁ ရက်နေ့မှာ ပြောပါတယ်။
အသက် ၂၃ နှစ်အရွယ် မီးနခ်ရှိ ကုမာရီနဲ့ အသက် ၁၅ နှစ်အရွယ် သူရဲ့ညီမနဲ့ သူတို့တမိသားစုလုံးဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်းရွာကနေ ထွက်ပြေးဖို့ ဖိအားပေးခံခဲ့ရတာပါ။
သူတို့အစ်ကိုက ဇာတ်ပိုမြင့်တဲ့ အမျိုးသမီးတယောက်ကို ခိုးပြေးလက်ထပ်ခဲ့အပြီး ခုလိုဖိအားပေး ခံရတာ ဖြစ်ပါတယ်။
ဥတြာပရာဒေ့ရှ်ပြည်နယ်အတွင်း ရွေးကောက်တင်မြှောက်တာ မဟုတ်ဘဲ ဇာတ်ပိုမြင့်တဲ့ ဂျတ်လူ့အဖွဲ့အစည်းက ယောက်ျားတွေ ကြီးစိုးတဲ့ ရွာကောင်စီက မိန်းကလေး ၂ ယောက်ရဲ့ အစ်ကို လုပ်ရပ်အတွက် အပြစ်ပေးတဲ့အနေနဲ့ သူတို့ကို အဓမ္မပြုကျင့်ကာ မျက်နှာကို အိုးမည်းသုတ်ပြီး အဝတ်ဗလာနဲ့ လမ်းလျှောက်ခိုင်းဖို့ ဇူလိုင် ၃၀ ရက်နေ့က အမိန့်ချခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာ ရှိတဲ့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး(Amnesty international) အဖွဲ့ဝင်က ဒီမိသားစုဘေးကင်းရေး သေချာစေဖို့ လုပ်ဆောင်ချက် အားလုံးကို လုပ်ဖို့နဲ့ လိုအပ်ရင် မုဒိမ်းကျင့်ခွင့်အမိန့် စုံစမ်းစစ်ဆေးဖို့ အစိုးရကို ဆော်သြခဲ့တယ်လို့ ပြောပါတယ်။
အမ်နက်စတီက ဝန်ကြီးချုပ်ကို အသနားခံခဲ့ပြီး သန်းနဲ့ချီတဲ့ ထောက်ခံသူတွေက ဝန်ကြီးချုပ်ဆီ စာရေးခဲ့တယ်။ ထောင်သောင်းချီတဲ့ အသနားခံလွှာတွေကို လက်မှတ်ထိုးခဲ့တယ်လို့ ပြောပါတယ်။
ကုမာရီရဲ့ ရှေ့နေကတော့ အင်တာနက်ပေါ်က အသနားခံစာကြောင့် ထပ်ခြိမ်းခြောက်ခံခဲ့ရလို့ ဒေလီ ရဲအတွင်းဝန်ကို တိုင်ခဲ့တယ်။ အဲဒီနောက် ညှိနှိုင်းသင့်တယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေ စပြီး ရခဲ့တယ်လို့ ပြောပါတယ်။
နိုင်ငံအတွင်း တရားမဝင်ပေမယ့် ဇာတ်ခွဲခြား ဖိနှိပ်မှုက ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲပါ။ ခရိုင်ရဲတွေက ဒီအမှုကို ပယ်ချလိုက်ပြီး စီရင်ချက်ချတဲ့ သက်သေမရှိဘူးလို့ ပြောပါတယ်။
နောက်ထပ် မလိုလားအပ်တဲ့ မတော်တဆမှုတွေကို ကာကွယ်ဖို့ လုံခြုံရေးအစီအစဉ်တွေတော့ လုပ်ပြီးပြီလို့ ပြောပါတယ်။
ကုမာရီ မိသားစုဝင်တွေတော့ ဒေသတွင်း နိုင်ငံရေးနဲ့ စီးပွားရေး သြဇာရှိတဲ့ အမျိုးဇာတ်က လာတဲ့ ကောင်စီဝင်တွေရဲ့ သြဇာလွှမ်းမှုကို ခံနေရဆဲလို့ ပြောပါတယ်။
ကုမာရီ မိသားစုဟာ သူတို့ရွာကို ပြန်ဖို့ အကာအကွယ်ရရေး အိန္ဒိယတရားရုံးချုပ်ကို အသနားခံခဲ့ပါတယ်။
တရားရုံးက ဥတြာပရာဒေ့ရှ်အစိုးရကို စင်တင်ဘာ ၁၅ ရက်နေ့မှာ အကြောင်းပြန်ဖို့ အမိန့်ထုတ်ထားပါတယ်။

http://burmese.dvb.no/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။