
ISO Sensitivity - 4 Million (4,000,000) ကျော်ရှိတဲ့ Canon ME20F-SH Multi-purpose Camera ကို လွန်ခဲ့တဲ့ တစ်လကျော်လောက်က ထုတ်ဖော်မိတ်ဆက်ခဲ့ပြီး အလင်းအားနည်းချိန် ရိုက်ကူးရေး Low-Light Performance မှာ ပြိုင်ဘက်တွေကို ကျော်တက်သွားခဲ့တဲ့ Canon ရဲ့ သတင်းကို အားလုံးပဲ ကြားသိပြီးဖြစ်မှာပါ ။
လက်ရှိ DSLR ဈေးကွက်မှာ Resolution အနေနဲ့ ထိပ်ဆုံးက ဦးဆောင်လျက်ရှိသလို 35mm Full-Frame သာမက Medium Format ကင်မရာတွေတောင် လက်မှိုင်ငေးရလောက်တဲ့ 250 Megapixels Resolution လောက်အထိ ဖမ်းယူပေးနိုင်မယ့် Image Sensor သစ်တစ်မျိုးကို ကြေငြာလိုက်ပြန်ပါတယ် ။ Canon ရဲ့ 250 MP Resolution Image Sensor ဟာ APS-H အရွယ်အစားဖြစ်တဲ့အတွက် အတိုင်းအတာအနေနဲ့ 29.2×20.2mm ရှိပါတယ် ။ ဒါ့ကြောင့် 35mm Full-Frame ထက်အရွယ်အစားသေးငယ်ပြီး APS-C ထက် အနည်းငယ် ပိုကြီးတယ်လို့ ဆိုရမှာပါ ။ ဒီလို APS-H Image Sensor တွေကို Canon ရဲ့ Professional DSLR တွေဖြစ်တဲ့ EOS 1D Mark IV နဲ့ EOS 1D Mark III တို့မှာ တွေ့မြင်နိုင်သလို ပြိုင်ဘက် Nikon ရဲ့ DX Format ထက်လည်း အနည်းငယ်ကြီးပါလိမ့်မယ် ။

ပုံရိပ်အရွယ်အစား - 19,580×12,600 Pixel ရှိတဲ့ ဓါတ်ပုံတွေကို မှတ်တမ်းတင်ပေးနိုင်မှာဖြစ်တဲ့အတွက် Resolution အနေနဲ့ ပြန်တွက်မယ်ဆိုရင် 19,580 x 12,600 = 246,708,000 Pixels တနည်းဆိုရရင် 250 Megapixels အဖြစ် သတ်မှတ်နိုင်ပါတယ် ။ Canon ကတော့ သူ့ရဲ့ 250 MP Image Sensor ထည့်သွင်းအသုံးပြုထားတဲ့ ကင်မရာနဲ့ ဓါတ်ပုံရိုက်ကူးမယ်ဆိုရင် မြေပြင်ကနေ အမြင့်ပေ ၁၁ မိုင် ( ၁၈ ကီလိုမီတာ ) အကွာလောက်မှာ ပျံသန်းနေတဲ့ လေယာဉ်ပျံ ကိုယ်ထည်ပေါ်က စာတန်းကိုတောင် ဖတ်ယူပေးနိုင်တယ်လို့ ကြွားဝါထားပါတယ် ။
ဒါ့အပြင် Ultra-High Resolution အရည်အသွေးရှိတဲ့ ရုပ်သံ ဗီဒီယိုဖိုင်တွေကို Frame Rate - 5fps နဲ့ Record ပြုလုပ်ပေးနိုင်တဲ့ အတွက် ဒီ Features ဟာ Full HD ထက် ၁၂၅ ဆ ပိုမြင့်သလို 4K ထက်လည်း ၃၀ ဆလောက် ပိုပြီး ကြည်လင်ပြတ်သားမှု ရှိပါတယ် ။ Canon အနေနဲ့ ဒီ 250 MP Image Sensor ကို ဘယ်လိုနေရာမှာ အသုံးပြုမယ်ဆိုတာ ထည့်သွင်း ပြောကြားမထားသလို တခြား အားနည်းချက် အားသာချက်တွေအပြင် အသေးစိတ်အချက်အလက်တွေကိုလည်း ထိန်ချန်ထားပါတယ် ။ ဒါပေမယ့် ဓါတ်ပုံလောကအတွက် ကြီးမားတဲ့ တိုးတက်ပြောင်းလဲလာမှု တစ်ခုအဖြစ် အားလုံးပဲ အသိအမှတ်ပြုနိုင်မယ်လို့ မျှော်လင့်ပါတယ် ။ (*လေယာဉ်ပျံကို အနီးဆွဲယူ ချဲ့ကားပြထားတဲ့ပုံဟာ သရုပ်ပြပုံသာဖြစ်ပါတယ် ။ )
Credit:
Cyra _ ( ပြန်ဆိုရေးသားမျှဝေသည် )
Post by _ Digital Camera မဂ္ဂဇင်း (မြန်မာ)
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။