အလုပ်သမား၊ အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ၊ အေဂျင်စီများ၏ ပို့ဆောင်မှုကြောင့် ထိုင်းနိုင်ငံသို့ MoU ထိုးပြီး သွားရောက်လုပ်ကိုင်သူ မြန်မာအလုပ်သမား များပြားလာသော်လည်း ထိုင်းနိုင်ငံအတွင်း အလုပ်မရရှိဘဲ အခက်အခဲနှင့်ပြန်လာရသူ အများအပြားရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ထိုင်းနိုင်ငံအတွင်း အလုပ်မရဘဲ ပြန်လာသူများအား အေဂျင်စီများအနေဖြင့် ယခင်နှစ်က ချစ်ကြည်ရေးတံတားမှ တစ်ဆင့် တရားဝင် ပြန်လည်လွှဲပြောင်းပေးခဲ့သော်လည်း ယခုနှစ်တွင် လှေဂိတ်မှသာ တရားမ၀င်ပြန်ရန် သြဂုတ်လ ဒုတိယအပတ်ကလည်း ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။
“ပြန်ပို့ခံရတဲ့အထဲမှာ တူနှစ်ယောက် ပါတယ်။ သွားတုန်းက လယ်ပေါင်ပြီးသွားတာ။ တချို့ဆို အိမ်တွေ၊ ခြံဝိုင်းတွေပေါင်၊ အတိုးနဲ့ချေးပြီး သွားကြတာ။ ဟိုရောက်တော့ အလုပ်မရတာ နှစ်လကျော်။ အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ မနေနိုင်အောင် အကွက်ဆင်ထားတာပါ။
အလုပ်မရှိလို့ ပြန်ပို့တဲ့ပုံ မဟုတ်ဘူး။ မနေနိုင်လို့ပြန်ပို့ရတဲ့သဘောနဲ့ သောင်ရင်းမြစ်ကမ်းစပ် လှေဂိတ်အထိ ပို့ပေးတယ်။ စာအုပ်တွေကို Black List တံဆိပ်တုံးထုပြီး ပြန်ပို့တာ အဆိုးဆုံးဖြစ်ပါတယ်” ဟု ဆွေမျိုးနှစ်ဦး ထိုင်းနိုင်ငံမှ ပြန်ပို့ခံရခဲ့ကြောင်း မြ၀တီမြို့၌ နေထိုင်သူ ကိုမျိုးက ပြောကြားသည်။
ထိုင်းနိုင်ငံသို့ အလုပ်သမားအား ပို့မည့်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံသားများ အလုပ်အကိုင်ရရှိရေးအတွက် နိုင်ငံတော်မှာ အာမခံကြေးတင်ပြီးမှ ခွင့်ပြုသင့်ကြောင်း၊ ယခုကဲ့သို့ အလုပ်မရှိဘဲ လူပို့ဆောင်ပေးပြီး ချိတ်ဆက်ထားသာည့် လုပ်ငန်းခွင်များသို့ အလုပ်သမားသွင်းပေးနေခြင်းမှာ တရားဝင်လူကုန်ကူးခြင်းသာဖြစ်ပြီး ပြန်လာရသူများလည်း Black List စာရင်းဝင်ဖြစ်သွားကြောင်း ကိုမျိုးက ဖြည့်စွက်ပြောကြားသည်။
“ဒါကြောင့် ထိုင်းကို လုံးဝပြန်ဝင်လို့ မရတော့ဘူး။ မျက်လုံးစခရင်ဖတ်ထားတဲ့အတွက် ပြန်သွားလို့ရမယ့် အခွင့်အရေးလည်း ဆုံးရှုံးသွားတယ်” ဟု ကိုမျိုးက ဆိုသည်။
ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးခြင်း၊ လုပ်အားခ လစာနည်းပါးခြင်းတို့ကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ မြ၀တီ-မဲဆောက်လမ်းမှ ထွက်ခွာသွားလာသူ လစဉ်မြင့်တက်လျက်ရှိပြီး ဇန်န၀ါရီလမှ ဇူလိုင်လအတွင်း မြန်မာလုပ်သား သုံးသောင်းကျော် ထွက်ခွာခဲ့သော်လည်း အလုပ်မရရှိဘဲ ပြန်ပို့ခံရသူများအား သောင်ရင်းဖြတ်ကျော် လှေဂိတ်များမှ တရားမ၀င်ပို့ပေးခြင်းကြောင့် မည်မျှပြန်ပို့ခံရပြီးကို တိတိကျကျ မသိရှိနိုင်ဟု ဆိုသည်။
လွန်ခဲ့သော ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့သူ MoU မြန်မာလုပ်သား အမျိုးသား ၂၃၇၈၅ ဦးနှင့် အမျိုးသမီး ၈၀၄၃ ဦးသာ သွားရောက်လုပ်ကိုင်ခဲ့ကြပြီး ယခုနှစ်တွင် တရားဝင်ထွက်ခွာသည့် မြန်မာလုပ်သား ပိုမိုများပြားလျက်ရှိသည်။
Writer:
ကိုရွှေသိန်း
http://www.news-eleven.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။