၁။ ဥက္ကဋ္ဌ- ဦးဂွမ်ဂေါင်အောင်ခမ်း။
၂။ ပါတီဝင်အရေအတွက်- ၁,၀၀၀ ခန့်။
၃။ မဲဆန္ဒနယ်- ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်၊ ဆွမ်ပရာဘွမ်၊ ပူတာအို၊ ဝိုင်းမော် စသည့်ကချင်ပြည်နယ်မှ မြို့နယ် ၁၃ မြို့နယ်ရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ- တန်းတူညီတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာစေရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ခိုင်မာပြီး တရား မျှတသော ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်၊ စာပေနှင့် ယဉ်ကျေးမှုရိုးရာဓလေ့ထုံးတမ်းစဉ်လာနှင့် ဘာသာစကားကို တန်ဖိုးထားထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် အဆင့်မြင့်နည်းပညာဆက်သွယ်ရေးကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်သွား ရန်တို့ဖြစ်သည်။
၅။ ပါတီဆောင်ပုဒ်- လွတ်လပ်မှုရရှိစေဖို့ KDP ကိုမဲပေးကြစို့။ (Vote for Freedom)
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - ဒေသခံဖြစ်ပြီး လူထု၏ ထောက်ခံမှုရရှိသည့် ပုဂ္ဂိုလ်များကို ရွေးချယ်သည်။
၇။ ပါတီရန်ပုံငွေ− ပါတီဝင်များ၏ ထောက်ပံ့မှုဖြင့် ရပ်တည်သည်။
၈။ ပါတီနောက်ခံသမိုင်း- ၂၀၁၃ တွင် ပါတီမှတ်ပုံတင်ခဲ့ပြီး ၂၀၁၄ ဇန်နဝါရီ၌ ပါတီတည်ထောင်ခွင့်မှတ်ပုံတင်ရရှိသည်။
ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လို မျိုးစွမ်းဆောင်နိုင်မလဲ။
ကျွန်တော်တို့ ကချင်ဒီမိုကရက်တစ်ပါတီဟာ လွှတ်တော်ထဲရောက် ရင် အခြေခံဥပဒေကို အစွမ်းကုန်ပြင်ဆင်ဖို့ ကျွန်တော်တို့စိတ်ထဲမှာလည်း ထားတယ်။ လုပ်လည်းလုပ်မယ်။ အခြေခံဥပဒေပြောင်းလဲဖို့လိုအပ် တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအခြေခံဥပဒေမပြောင်းလဲဘူးဆိုရင် ကျွန်တော်တို့နိုင်ငံပြောင်းလဲဖို့ လမ်းစမမြင်ဘူး။ ဒါကြောင့် အခြေခံဥပဒေကို လွှတ်တော်ထဲမှာရော၊ အပြင်မှာရော စုပေါင်းပြီးမှ ပြင်ဆင်ဖို့ ကျွန် တော်တို့စိတ်ဆန္ဒလည်းရှိတယ်။ လုပ်လည်းလုပ်သွားမယ်လို့ စိတ်ဆုံး ဖြတ်ထားပါတယ်။

လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
ကျွန်တော်တို့ ကချင်ဒီမိုကရက်တစ်ပါတီဟာဆိုရင် ဒီလွှတ်တော် ထဲမရောက်ခင်ကတည်းက ငြိမ်းချမ်းရေးကို ကျွန်တော်တို့စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့တယ်။ ငြိမ်းချမ်းရေးရရှိမှ ကျွန်တော်တို့နိုင်ငံတိုးတက် မယ်။ ငြိမ်းချမ်းရေးရရှိမှ စီးပွားရေး၊ လူမှုရေးအကုန်တိုးတက်မယ်လို့ ခံယူထားတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဟာ မရှိမဖြစ်လိုအပ်တဲ့ ကဏ္ဍ တစ်ခုဖြစ်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို လွှတ်တော်ထဲ ရောက်လာ ရင်လည်း ကျွန်တော်တို့အစွမ်းကုန်ပါဝင်ပြီးမှ ငြိမ်းချမ်းရေးရရှိဖို့ ဆောင် ရွက်မယ်။ ငြိမ်းချမ်းရေးကို တန်းတူညီတူရှိတဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့် အရေးတွေရရှိတဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်စေချင်တယ်။

ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားသလား။
အဓိကကတော့ ဝင်ငွေ၊ ထွက်ငွေဆိုတာ စီးပွားရေးနဲ့ဆိုင်တယ်။ စီးပွားရေးကို တံခါးဖွင့်စီးပွားရေးလုပ်ရမယ်။ နိုင်ငံတကာမှာရော၊ ပြည် တွင်းမှာရော လုပ်ငန်းရှင်တွေ အကုန်လုံးကိုခေါ်ပြီးတော့ စီးပွားရေးလုပ် ငန်းတွေကို တိုးချဲ့ရမယ်။ ကချင်ပြည်နယ်မှာရှိတဲ့ သယံဇာတတွေကို အကျိုးရှိရှိတူးဖော်ပြီးတော့ လူထုအတွက် အကျိုးရှိအောင်လုပ်သွားရ မယ်။ ဒီကနေ အရင်းအနှီးလုပ်ပြီးမှ လူထုအတွက် အကျိုးရှိတဲ့လုပ်ငန်း တွေလုပ်ရမယ်။ နောက်တစ်ခုက ဥပမာ ကျောက်စိမ်းလုပ်ငန်းတွေဟာ မြစ်ကြီးနားမှာပဲဖြစ်ဖြစ် ကချင်ပြည်နယ်ထဲမှာရောင်းဝယ်ဖောက်ကားမှု တရားဝင်ရှိလာအောင် လုပ်ဆောင်ရမယ်။ အဲဒီလိုမှပဲ ဝင်ငွေတွေရှိလာ မယ်။ ဝင်ငွေရှိမှပဲ လုပ်ငန်းအသုံးစရိတ်တွေရလာမယ်။ ဒါကြောင့် အဓိကကတော့ ဒီဒေသခံတွေမှာ လုပ်ငန်းတွေဖြစ်ပေါ်လာအောင် လုပ် ဆောင်သွားဖို့ ကျွန်တော်တို့ စိတ်ဆန္ဒရှိပါတယ်။

ပြည်သူတွေက ကချင်ဒီမိုကရက်တစ်ပါတီကို ဘာကြောင့် မဲပေးသင့်သလဲ။
ကျွန်တော်တို့ ကချင်ဒီမိုကရက်တစ်ပါတီဟာ ကချင်ပြည်နယ်မှာရှိ တဲ့ ပြည်သူလူထုရဲ့ အကျိုးပြုလုပ်ငန်းတွေကို လုပ်နိုင်မယ်လို့ မျှော်လင့် တယ်။ လုပ်လည်းလုပ်ပေးမယ်။ စိတ်ထားမှန်မှန်နဲ့ လုပ်သွားဖို့ ကျွန် တော်တို့ဆန္ဒရှိတယ်။ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးတွေလည်း ကျွန်တော်တို့ပါတီက လုပ်သွားဖို့ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လုပ်ဆောင်ခွင့်ရဖို့က မဲပေးမှ အောင်နိုင်မှ ကျွန်တော်တို့လုပ်ဆောင်ခွင့် ရမယ်။ ကျွန်တော်တို့က အမြင်သစ်၊ အတွေးသစ်တွေနဲ့ လုပ်သွားမယ်။ နိုင်ငံတကာအဆင့်တွေနဲ့လည်းပေါင်းစည်းပြီး လုပ်ဆောင်သွားဖို့ ဆန္ဒရှိ ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပါတီကို မဲပေးသင့်တယ်လို့ ယူဆပါ တယ်။

သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
သမ္မတလောင်းတစ်ဦးဟာ အကုန်လုံးနဲ့ သက်ဆိုင်တယ်။ ပြည် ထောင်စုတစ်ရပ်လုံးနဲ့သက်ဆိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါကြောင့် အကုန် လုံးကို ခြုံငုံပြီးမှ ကြည့်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်သင့်တယ်။ ပြီးရင် သမာသမတ်ရှိ သင့်တယ်။ ဘက်လိုက်မှုမရှိဘူး။ တိုင်းရင်းသားပဲဖြစ်ဖြစ်၊ ဗမာပဲဖြစ်ဖြစ် အားလုံးကိုကြည့်ရှုပြီးမှ လုပ်ဆောင်ပေးနိုင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်။ ဘက်လိုက်တဲ့ပုဂ္ဂိုလ်မျိုးတော့ ကျွန်တော်မလိုလားဘူး။ နောက်တစ်ခုက စစ်တပ်က ဩဇာလွမ်းမိုးမှုရှိတဲ့ ပုဂ္ဂိုလ်မျိုးမဖြစ်ရဘူး။ လွတ်လွတ်လပ် လပ်ရှိတဲ့ပုဂ္ဂိုလ်မျိုးကို ရွေးချယ်ဖို့ဆန္ဒရှိပါတယ်။

အသက်- (၄၆) နှစ်။
ပညာအရည်အချင်း- ၁၀ တန်းအောင်။
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ကချင်ကျောင်းသားလူငယ်သမဂ္ဂ (AKSYU)တွင် ဦးဆောင်ပါဝင်ခဲ့သည်။ ကချင်ဖွံ့ဖြိုးရေးကွန်ရက် (KDNG)ကို စတင်တည်ထောင်ခဲ့သူလည်းဖြစ်သည်။ ထို့အပြင် ကချင် သတင်းဌာန (KNG)ကိုလည်း တည်ထောင်ခဲ့သည်။
လက်ရှိအလုပ်အကိုင်- ကုန်သည်။
စံပြပုဂ္ဂိုလ်- နယ်လ်ဆင်မန်ဒဲလား။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- အမှတ် (၁၄၇)၊ ဒူကထောင်ရပ်ကွက်၊ မြစ်ကြီးနားမြို့ ကချင်ပြည်နယ်။ ၀၉-၄၀၀၀၃၀၂၂၆။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။