ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးရန်ပုံငွေ Iron Cross ဂီတဖျော်ဖြေပွဲတွင် လှူဒါန်းငွေ ကျပ်သိန်းပေါင်း တစ်သောင်းကိုးထောင်ကျော်ရရှိ

Iron Cross တေးဂီတအဖွဲ့သားများ သီဆိုဖျော်ဖြေနေစဉ် (ဓာတ်ပုံ -သန်းထိုက်အောင်)
ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းက ဦးဆောင်စီစဉ်၍ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအဖြစ် Iron Cross အဖွဲ့၏ ဂီတဖျော်ဖြေပွဲ ပြုလုပ်ခဲ့ရာ လှူဒါန်းငွေကျပ် ၁၉၅၈၈ သိန်း ရရှိခဲ့ကြောင်း သိရသည်။
 
အဆိုပါ ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ သြဂုတ် ၂၁ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးည ၇ နာရီတွင် စတင်ဖွင့်လှစ်ရာ ရော့ခ်ဂီတချစ် ပရိသတ်အများအပြား လာရောက်အားပေးခဲ့ကြသည်။
 
ယခုဖျော်ဖြေပွဲအတွက် လက်မှတ်များကို ကျပ်သုံးသိန်း၊ ကျပ်တစ်သိန်း၊ ကျပ် ငါးသောင်းနှင့် ကျပ်သုံးသောင်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး လက်မှတ်ရောင်းရငွေများကို Iron Cross အဖွဲ့သားမှ ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအဖြစ် ပြန်လည်လှူဒါန်းခဲ့သည်။  ထို့ပြင် နိုင်ငံအနှံ့မှ စေတနာရှင်အလှူရှင်များကလည်း အလှူ ငွေများ လှူဒါန်းခဲ့ကြသည်။
 
ယခုဖျော်ဖြေပွဲတွင် Iron Cross Band အဖွဲ့၏ ပင်တိုင်တေးသံရှင်များဖြစ်သော လေးဖြူ၊ ၀ိုင်ဝိုင်း၊ အငဲ၊ မျိုးကြီးတို့မှ နာမည်ကျော်တေးသီချင်းများဖြင့် အလှည့်ကျသီဆို ဖျော်ဖြေခဲ့ကြသည်။
 
တေးသံရှင် လေးဖြူက“ ဒီပွဲမှာ ဖျော်ဖြေရတာ ၀မ်းသာလွန်းလို့ အမှားအယွင်းတွေ ရှိခဲ့ရင်လည်း တောင်းပန်ပါတယ်။ ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းကို ၂၀၀၇ မှာတည်ထောင်ခဲ့တယ်ဆိုပေမယ့် ကျွန်တော့်အနေနဲ့ ၂၀၁၀ မှာ သိခွင့်ရခဲ့ပါတယ်။ ရေအင်မတန်ရှားတဲ့ ဘော်ဆိုင်းမှာ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းက ဦးဆောင်ပြီးတော့ ရေကို ရရှိအောင်တူးနိုင်ပြီးတော့ အိမ်အထိကို ပိုက်သွယ်ပြီးတော့ ရေရအောင် လုပ်ပေးတာ အတော်ကို အကျိုးရှိပါတယ်။အဲဒီကတည်းက ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းအတွက် ဂုဏ်ယူခဲ့ရပါတယ်။ မလေးရှားက လူမှုဒုက္ခရောက်နေတဲ့ မြန်မာလူမျိုးတွေအတွက်ရော၊ အင်ဒိုနီးရှားမှာ လူကုန်ကူးခံရတဲ့မြန်မာလူမျိုးတွေကို မြန်မာနိုင်ငံဆီ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းကနေ အခမဲ့ခေါ်ယူပေးခဲ့တာတွေကို ဖတ်ရတော့ ဂုဏ်ယူခဲ့မိပါ တယ်။ ရေဘေးမှာလည်း နေရာဒေသအသီးသီးကို ကူညီပေးနိုင်တဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။ အခုလို ဖျော်ဖြေပွဲမှာ KBZ ကနေ ဦးဆောင်ပြီးတော့ ကျွန်တော်တို့ကို အလှူထဲမှာ ပါဝင်ခွင့်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်” ဟု ပြောကြားသည်။ 
 
အဆိုပါ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ည ၁၁ နာရီခန့်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။
 
Iron Cross အဖွဲ့၏ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေဂီတဖျော်ဖြေပွဲများကို ပြင်ဦးလွင်မြို့တွင် သြဂုတ်လကုန်နှင့် ရန်ကုန်မြို့တွင် စက်တင်ဘာလဆန်းပိုင်း ပြုလုပ်သွားမည်ဖြစ်သည်။

____http://www.news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။