EMG ၏ CEO တိုက်ခိုက်ခံရမှုတွင် ပါဝင်မှုဖြင့် ဖမ်းဆီးထားသူနှစ်ဦးအား ဗဟန်းတရားရုံးတွင် တတိယအကြိမ်မြောက် ရုံးထုတ်၊ စရဖ မှ သန်းထိုက်အောင်က ခေါ်ယူသောကြောင့် အခင်းဖြစ်သည့်နေရာသို့ ရောက်ရှိနေရခြင်းဖြစ်ကြောင်း ဖမ်းဆီးခံထားရသည့် မျိုးမြင့်အောင် (ခ) စပိုက်ဒါက ၎င်း၏ ဖခင်


EMG မှ ရရှိထားသော ဓာတ်ပုံအရ EMG ၏ CEO အား အနီးကပ်တိုက်ခိုက်ခဲ့သူ သန်းထိုက်အောင်အား တွေ့ရစဉ်
EMG မှ ရရှိထားသော ဓာတ်ပုံအရ EMG ၏ CEO အား အနီးကပ်တိုက်ခိုက်ခဲ့သူ သန်းထိုက်အောင်အား တွေ့ရစဉ်
EMG ၏ CEO တိုက်ခိုက်ခံရမှုတွင် ပါဝင်မှုဖြင့် ဖမ်းဆီးထားသူနှစ်ဦးအား ဗဟန်းတရားရုံးတွင် တတိယအကြိမ်မြောက် ရုံးထုတ်၊ စရဖ မှ သန်းထိုက်အောင်က ခေါ်ယူသောကြောင့် အခင်းဖြစ်သည့်နေရာသို့ ရောက်ရှိနေရခြင်းဖြစ်ကြောင်း ဖမ်းဆီးခံထားရသည့် မျိုးမြင့်အောင် (ခ) စပိုက်ဒါက ၎င်း၏ ဖခင်မှတစ်ဆင့် ပြောကြား
 
 
Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်ကို ကုန်းသီးဖြင့် ပစ်ခတ်လုပ်ကြံမှုတွင် ပါဝင်မှုဖြင့် ဖမ်းဆီးထားသူ နှစ်ဦးအား ဗဟန်းတရားရုံးတွင် သြဂုတ် ၂၅ ရက်က  တတိယအကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး အမှုအား စက်တင်ဘာ ၇ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့သည်။
 
အဆိုပါအမှုကို Eleven Media Group  မှ အထွေထွေမန်နေဂျာ ဦးထိန်လင်းအား တရားလိုပြုလုပ်စေ၍ ရဲ တပ်ဖွဲ့က ကျူးလွန်သူများအား တရားစွဲဆိုရန် ဗဟန်းတရားရုံးသို့ တင်ပို့ထားခြင်းဖြစ်သည်။ 
 
အမှုဖြစ်စဉ်မှာ ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီဝန်းကျင်က ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်း၊ မင်းလမ်းမှတ်တိုင်အနီးတွင်Eleven Media Group ၏ CEO  ဖြစ်သူ ဒေါက်တာသန်းထွဋ်အောင်အား အမျိုးသားငါးဦး ပါဝင်သောအဖွဲ့မှ ကုန်းသီးဖြင့် အနီးကပ် ပစ်ခတ်တိုက်ခိုက် လုပ်ကြံမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
 
ဖြစ်စဉ်နှင့် ပတ်သက်၍ ဇူလိုင် ၁၄ ရက် ညပိုင်းနှင့် ဇူလိုင် ၁၅ ရက် နံနက်ပိုင်းတို့တွင် ကျူးလွန်ရာ၌ ပါဝင်သော မျိုးမြင့်အောင် (ခေါ်) စပိုက်ဒါနှင့် ရန်နိုင် (ခေါ်) တီကောင် တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
 
ယင်းနောက် အမှုနှင့်ပတ်သက်၍ ထပ်မံ သတင်းထုတ်ပြန်ခြင်းမရှိဘဲ ကျူးလွန်ရာတွင် ပါဝင်သော အခြားသူများကိုလည်း ထပ်မံ ဖမ်းဆီးရမိခြင်း မရှိတော့ပေ။ ဇူလိုင် ၁၈ ရက် နှင့် ဇူလိုင် ၂၀ ရက်တို့တွင် Eleven Media Group  အနေဖြင့် စုံစမ်းသိရှိရသော အချက်အလက်များအရ ကျူးလွန်ရာတွင် သန်းထိုက်အောင်ဆိုသူ ပါဝင်ကြောင်း ရဲတပ်ဖွဲ့ကို သတင်းပေးပို့ခဲ့သည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံ အမှုနှင့်ပတ်သက်၍ ဖော်ထုတ်ဖမ်းဆီးရမိမှုအခြေအနေနှင့် လက်ရှိတွင် ဖမ်းဆီးထားသူများအား မည်သည့်တရားရုံး တွင် ရုံးထုတ်မည်ဆိုသည်တို့ကို အကြောင်းကြားစာ ပေးပို့မေးမြန်းခဲ့သည်။ နောက်ပိုင်းတွင် ဖမ်းဆီးထားသူနှစ်ဦးက စ.ရ.ဖ မှ သန်းထိုက်အောင်ဆိုသူ ခိုင်းစေခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်ဟု သိရသည်။
 
အဆိုပါ ဖမ်းဆီးထားသူနှစ်ဦးအား ဇူလိုင် ၂၈ ရက်တွင် ဗဟန်းမြို့နယ်တရားရုံး၌ စတင်ရုံးထုတ်ခဲ့သည်။
 
ထို့နောက် သြဂုတ် ၁၁ ရက်တွင် အဆိုပါတရားရုံး၌ ဒုတိယအကြိမ် ထပ်မံရုံးထုတ်ခဲ့သည်။
 
ယင်းသို့ သြဂုတ် ၁၁ ရက်က ဒုတိယအကြိမ် ရုံးထုတ်ခဲ့စဉ်၌ EMG ၏ CEO အား တိုက်ခိုက်လုပ်ကြံခဲ့သူများအနက် တတိယ တရားခံဖြစ်သူ သန်းထိုက်အောင်မှာ အမှတ် (၁) တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ် (ရန်ကုန်) မှဖြစ်ကြောင်း အမှုစစ်တရားသူကြီးက ပြောကြားခဲ့သည်။
 
အဆိုပါ သန်းထိုက်အောင်ဆိုသူမှာ စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်မှ ခွင့်မဲ့ပျက်ကွက်နေသော စစ်သည်တစ်ဦးဖြစ်ကြောင်း အမှတ် (၁) တပ်မတော် စစ်ဘက်ရေးရာလုံခြုံရေးအကူတပ် (ရန်ကုန်) မှ ၎င်းကို စုံစမ်းရှာဖွေလျက်ရှိကြောင်းနှင့် ၎င်းကိစ္စအား စစ်ဘက်ဆိုင်ရာ တရားရုံးတွင်သာ ဆက်လက်ဆောင်ရွက်မည်ဟု တပ်မတော်ဘက်မှ အကြောင်းပြန်ထားကြောင်း ဆက်လက်သိရှိရသည်။
 
ထို့ပြင် သြဂုတ် ၁၁ ရက် နေ့စွဲဖြင့်ပင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ပြည့်စုံက EMG ၏ ဇူလိုင် ၂၇ နေ့ရက်စွဲဖြင့် မေးမြန်းခဲ့သော စာနှင့်ပတ်သက်၍ အကြောင်းပြန်ကြားခဲ့သည်။
 
ထိုကဲ့သို့ပြန်ကြားရာတွင် အချက်သုံးချက် ပါဝင်ပြီး ယင်းအနက် “...ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည့် သန်းထိုက်အောင် ဆိုသူသည် စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်မှ ခွင့်မဲ့ပျက်ကွက်နေသော စစ်သည်တစ်ဦးဖြစ်သဖြင့် အမှတ် (၁) တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်မှ ၎င်းအား စုံစမ်းရှာဖွေလျက်ရှိကြောင်းသိရှိရပြီး ရဲတပ်ဖွဲ့အနေဖြင့်လည်း စုံစမ်းရှာဖွေခဲ့ရာတွင် ယနေ့အထိ ဖမ်းဆီးရမိခဲ့ခြင်း မရှိသေးပါ။ သန်းထိုက်အောင်အား ဖမ်းဆီးရမိပါက ပါဝင်ပတ်သက်သူများအား စုံစမ်းဖမ်းဆီးကာ ရဲလုပ်ငန်း ပြည့်စုံစွာဆောင်ရွက်ပြီး ဥပဒေနှင့်အညီ ဆက်လက်တရားစွဲ တင်ပို့သွားမည်ဖြစ်ပါသည်” ဟူ၍ ထည့်သွင်းဖြေကြားခဲ့သည်။
 
ယင်းပြန်ကြားစာပါ အချက်အချို့နှင့် ပတ်သက်၍ သြဂုတ် ၂၀ ရက်တွင် Eleven Media Group မှ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံသို့ အမှုမှန်ပေါ်ပေါက်ရေးနှင့် ပတ်သက်၍ ထပ်မံအကြောင်းပြန်စာ ပေးပို့ခဲ့ကြောင်း သိရသည်။ 
 
ယခုအမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသော မျိုးမြင့်အောင် (ခေါ်) စပိုက်ဒါက အခင်းဖြစ်နေရာသို့ ရောက်ရှိနေရခြင်းမှာ စ.ရ.ဖ မှ သန်းထိုက်အောင်က လာရောက်ရန် ခေါ်ယူသောကြောင့်သာ ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က မေးမြန်းစဉ် ဖြေကြားခဲ့သည်ဟု ၎င်း၏ဖခင်မှတစ်ဆင့် သိရှိရသည်။
 
“ဇူလိုင်  ၁၄  ရက်   ညနေ ၄ နာရီခန့်တွင် ကျွန်တော့်ဆီသို့ (စ.ရ.ဖ) အကူ(၁) စစ်ဘက်ရေးရာ လုံခြုံရေးတပ် (ကိုးမိုင်) မှ ဒု/တပ်ကြပ် သန်းထိုက်အောင်ဆိုသူမှ ဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း၊  အငှားကားအသိရှိလားဟု မေးခဲ့ပြီး  အစ်ကို့ဆီကို ခဏလာခဲ့ပါလားဟု ပြောဆိုခဲ့ကြောင်း၊  ကျွန်တော်မှ ဟုတ်ကဲ့ရှိပါတယ်လို့ ပြောလိုက်ပြီး ကျွန်တော့်သူငယ်ချင်းဖြစ်သူ ရန်နိုင်(ခေါ်) တီကောင်ထံသို့ ဖုန်းဖြင့် လှမ်းဆက်ကာ မင်းကားအားလား၊ ငါ့အသိက ကားငှားခိုင်းလို့ဟု ပြောဆိုခဲ့ရာ ရန်နိုင်မှ အားတယ်လို့ ပြန်ပြောခဲ့ကြောင်း၊  သွားရမည့်နေရာအား  ကိုသန်းထိုက်အောင်ကို ရန်နိုင်နှင့် ဖုန်းပြောခိုင်းခဲ့ကြောင်း...
 
ထို့နောက် သွားရမည့်နေရာကို အငှားယာဉ်မောင်း ရန်နိုင်နှင့်အတူ သွားခဲ့ကြောင်း၊ သန်းထိုက်အောင်ခေါ်လို့သာ လာခဲ့ခြင်းဖြစ်ကြောင်း၊ ဘာကိစ္စမှန်းမသိဘဲ ရိုးသားစွာဖြင့် သန်းထိုက်အောင်ချိန်းဆိုထားသည့် နေရာသို့ လာခဲ့ကြောင်း၊ ချိန်းဆိုသည့်နေရာသို့ ရောက်စဉ် ကျွန်တော်မှ သန်းထိုက်အောင်ထံသို့ ဖုန်းဖြင့်ဆက်သွယ်ကာ ရောက်ပြီဖြစ်ကြောင်းပြောကြားခဲ့ပြီးနောက် ကျွန်တော်တို့ ကားရှိရာသို့ ကိုသန်းထိုက်အောင် ရောက်လာကာ ကားထဲသို့ဝင်ထိုင်ပြီး ကျွန်တော်တို့ကို “ခဏလေးစောင့်နော်။ ဒီကားနဲ့ သူ့ သူငယ်ချင်း နှစ်ယောက်လိုက်မယ်” ဟု ပြောဆိုခဲ့ကြောင်း၊  ထိုသို့ပြောနေစဉ်အချိန်တွင်  တစ်ဖက်ကားလမ်း၌ ကျောပိုးအိတ်များ လွယ်ထားကြသော လူနှစ်ယောက်မှ ကားတစ်စီးကို ကုန်းသီးများဖြင့် ပစ်နေတာကိုတွေ့ရှိခဲ့ကြောင်း၊ ယင်းနောက် ထိုလူနှစ်ယောက်က ကျွန်တော်တို့ ကားရှိရာကို ရောက်လာကြပြီး ကားကို မောင်းခိုင်းခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးရောက်လာချိန်တွင်  ကိုသန်းထိုက်အောင် ကားပေါ်မှ ဆင်းသွားခဲ့ကြောင်း၊ ယင်းနောက် အမည်မသိ၊ လူကိုလည်းမသိ၊ တစ်ခါမှ မတွေ့ဖူးသော ကိုသန်းထိုက်အောင် သူငယ်ချင်းဆိုသူများက ကားကိုမောင်းခိုင်းသဖြင့် ကျွန်တော်တို့လည်း ကားမောင်းထွက်လာခဲ့ကြောင်း၊  သာကေတ၊  ဇိနမာရ်အောင်ထိပ်အရောက် ကားကိုရပ်ခိုင်းပြီး ကားပေါ်မှ ဆင်းသွားခဲ့ကြောင်း၊  ကျွန်တော်တို့လည်း အိမ်သို့ပြန်လာခဲ့ကြောင်း...
 
 
 သြဂုတ် ၂၅ ရက် ရုံးချိန်းတွင် ရန်နိုင် (ခေါ်) တီကောင်အား တွေ့ရစဉ်
 
ယင်းနောက် အိမ်သို့ ပြန်ရောက်ပြီး ညနေ (၆)နာရီခွဲခန့်တွင်  ကိုသန်းထိုက်အောင် အိမ်ကို ရောက်လာကာ “မင်းခဏရှောင်နေ၊ နောက်ကလိုက်နေကြတယ်။ အကြောင်းရှိရင် ဖုန်းဆက်မယ်” ဟု  ပြောဆိုကာ ပြန်ထွက်သွားခဲ့ကြောင်း၊  ယင်းအခင်းဖြစ်ည၌ပင် ကျွန်တော့်သူငယ်ချင်း ယာဉ်မောင်း ရန်နိုင် (ခေါ်) တီကောင်က  ကားအား သိမ်းဖို့ ယာဉ်ပိုင်ရှင် အိမ်သို့သွားရောက်စဉ် ရဲများက ဖမ်းဆီးလိုက်ကြောင်း၊ ကိုသန်းထိုက်အောင်က ဖုန်းဖြင့် ကျွန်တော်အား ပြောကြားခဲ့ကြောင်း စပိုက်ဒါ (ခ) မျိုးမြင့်အောင်က ထွက်ဆိုခဲ့သည်ဟု ၎င်း၏ ဖခင်မှတစ်ဆင့် သိရှိရသည်။
 
ယခုအမှုနှင့် ပတ်သက်၍ကျူးလွန်သူထဲမှ ရန်နိုင်(ခ)တီကောင်၏ မိဘများက ၎င်းအတွက် ရှေ့နေငှားပြီး အမှုရင်ဆိုင်မည်ဖြစ်သော်လည်း မျိုးမြင့်အောင်(ခ) စပိုက်ဒါကမူ ရှေ့နေငှားရမ်းမည် မဟုတ်သေးဘဲ မိမိကိုယ်တိုင် အမှုအား ချေပသွားမည်ဖြစ်ကြောင်း သြဂုတ် ၂၅ ရက် တတိယအကြိမ်ရုံးချိန်း တရားခွင်တွင် အမှုစစ်တရားသူကြီးအား ဖြေကြားခဲ့သည်။
 
ထို့ပြင် မျိုးမြင့်အောင် (ခ) စပိုက်ဒါမှ လက်နက်ကိုင်ဆောင်မှု ပုဒ်မ-၁၉ (င) ဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးက ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ကြောင်း အမှုစစ်တရားသူကြီးက သြဂုတ် ၂၅ ရက်နေ့ တရားခွင်တွင် ပြောကြားခဲ့သည်။ 
 
မျိုးမြင့်အောင်(ခ) စပိုက်ဒါ၏ ဇနီးဖြစ်သူ မသဲသဲက “အမှုဖြစ်ပြီးတဲ့နောက်မှာ သန်းထိုက်အောင်က ကျွန်မတို့ကို ခုချိန်ထိ လာတွေ့တာမရှိဘူး။ ကျွန်မယောက်ျားက ကျားစာကျွေးခံရတာပါ”ဟု သြဂုတ် ၂၅ ရက် တရားခွင်အပြီးတွင် ပြောကြားခဲ့သည်။
 
ရန်နိုင် (ခ) တီကောင်၏ မိခင်ဖြစ်သူ ဒေါ်လှလှရီကလည်း “ အန်တီတို့က အိမ်တောင်ငှားပြီးနေနေရတဲ့ မရှိဆင်းရဲသားတွေပါ။ ရှေ့နေငှားဖို့ဆိုတာကလည်း အသိမိတ်ဆွေတွေ ငှားပေးလို့ရတာပါ ” ဟု တတိယအကြိမ် ရုံးချိန်းအပြီးတွင် ပြောကြားခဲ့သည်။
 
ယခုဖြစ်စဉ်၌ ကျူးလွန်ရာတွင် ပါဝင်သူများ စီးနင်းထွက်ပြေးသော တက္ကစီယာဉ်မောင်း ရန်နိုင် (ခေါ်) တီကောင်အား ဖမ်းဆီးရမိချိန်တွင် မျိုးမြင့်အောင် (ခေါ်) စပိုက်ဒါအား သန်းထိုက်အောင်က ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး တိမ်းရှောင်ရန် အဘက မှာကြောင်း ပြောကြားခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။ ထို့ပြင် အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ စတင်စုံစမ်းဖမ်းဆီးမှု အခြေအနေများကို သန်းထိုက်အောင်က သိရှိနေကြောင်းလည်း သိရသည်။
 
“ ဒီအမှုနဲ့ပတ်သက်လို့ စ.ရ.ဖ က သန်းထိုက်အောင်ကို လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ရဲတပ်ဖွဲ့ကပဲ ဆက်လက်ဖော်ထုတ် စစ်ဆေးသင့်ပါတယ်။ စစ်ဆေးဖော်ထုတ်ပြီးမှ အရေးယူမှုနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း သက်ဆိုင်ရာ တပ်မတော်ကို လွဲပြောင်းပေးသင့်ပါတယ်။ အခုအမှုနဲ့ပတ်သက်ပြီး တခြားပါဝင်ပတ်သက်သူတွေကို ဆက်လက်စစ်ဆေး ဖော်ထုတ်ဖို့ လိုနေပါသေးတယ်။ ကာယကံရှင် ဒေါက်တာသန်းထွဋ်အောင်ကိုလည်း ရဲတပ်ဖွဲ့က လာရောက်မေးမြန်းရမှာပါ။ ဒါ့အပြင် အမှုနဲ့ပတ်သက်ပြီး ပါဝင်နိုင်သူတွေကိုလည်း ခေါ်ယူစစ်ဆေးဖော်ထုတ်ဖို့ လိုအပ်ပါသေးတယ်။ သက်ဆိုင်ရာ တပ်မတော်အနေနဲ့လည်း သန်းထိုက်အောင်ကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေစည်းမျဉ်းစည်းကမ်းများအတိုင်း အများပြည်သူ ရှင်းရှင်းလင်းလင်း သိအောင် အသိပေး ထုတ်ပြန်ဖို့ လိုပါတယ်”ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုး က ပြောကြားသည်။
 
အမှုနှင့်ပတ်သက်၍ လက်ရှိတွင် ဖမ်းဆီးရမိထားသူ နှစ်ဦးအား မြင်ဖူးခြင်းမရှိကြောင်းနှင့် Eleven Media Group မှ ရရှိ ထားသော ဓာတ်ပုံပါ သန်းထိုက်အောင်ဆိုသူက အနီးကပ်သတ်ဖြတ်ရန် တိုက်ခိုက်ခဲ့သူဖြစ်ကြောင်း Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။
 
စ.ရ.ဖ မှ သန်းထိုက်အောင်ဆိုသူအား ခိုင်းစေသည့် “အဘ”ဆိုသူမှာ မည်သူဖြစ်ကြောင်း စုံစမ်းသိရှိထားပြီဖြစ်ပြီး အတည်ပြုချက်ရရှိနိုင်ရန် Eleven Media Group မှ ဆက်လက်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။
http://www.news-eleven.com/
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။