ဘူးသီးတောင်
၂၃-၈-၂၀၁၅

ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ၀င်ရောက်အရွေးခံမည့် ဦးရွှေမောင်(ခ) အဒူရော်ဇာတ် ကို ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲဝင်ခွင့် ပယ်ဖျက်ခံရကြောင်းသတင်းရရှိသည်။
ပြည်သူ့လွှတ်တော်တွင် ရွေးကောက်ခံရန် အမတ်လောင်းအဖြစ် လျှောက်လွှာတင်သွင်းမှုကို ရခိုင်အမျိုးသားပါတီ (ANP) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်သောင်းရွှေက ကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်သည်။
ဦးအောင်သောင်းရွှေ၏ ကန့်ကွက်လွှာတွင် ဦးရွှေမောင် (ခ) အဒူရော်ဇာတ်၏ ဘိုးဘွားများနှင့် မိဘနှစ်ပါးစလုံးသည် နိုင်ငံသားဖြစ်ကြောင်း ခိုင်မာသည့် အထောက်အထားမရှိသည့်ကြောင်း၊ ဦးရွှေမောင် (ခ) အဒူရော်ဇာတ်၏ မိဘနှစ်ဦးစလုံးနှင့် ညီအစ်ကိုမောင်နှမများ အားလုံး၏ မူလအိမ်ထောင်စုစာရင်းပုံစံ ၆၆/၆ အမှတ်သည် (၁၇၅)ဖြစ်၍ ၂၃-၅-၁၉၉၈ နေ့ကရရှိခဲ့ပြီး အိမ်ထောင်စုစာရင်းဝင် အားလုံးသည် ဘင်္ဂလီလူမျိုးများသာဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ(၂)၊ ပုဒ်မခွဲ(င)၏ အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်အရ နိုင်ငံခြားသားသာ လျှင် ဖြစ်ပါကြောင်း၊ ၎င်းဥပဒေ ပုဒ်မ ၇၂ အရ မည်သည့် နိုင်ငံခြားသားမျှ နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားခွင့် မရှိစေရဟု ပြဌာန်းထားကြောင်း၊ ဦးရွှေမောင်(ခ) အဒူရော်ဇာတ်သည် ၁၉၉၁ နောက်ပိုင်း ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး နိုင်ငံသားစီစစ်ရေးကတ်ပြား ၁၂/ပဇတ(နိုင်)၀၃၆၃၀၆ ကို ကိုင်ဆောင်ထားသည်ကို တွေ့ရကြောင်း၊ သို့သော် ဘူးသီးတောင်မှ ရန်ကုန်မြို့သို့ပြောင်းရွှေ့ရာတွင် ပုံစံ(၁၀)ဖြင့် တရားဝင် ပြောင်းရွှေ့ထွက်ထားခြင်းမရှိကြောင်း၊ ဦးရွှေမောင် (ခ) အဒူရော်ဇာတ် ရရှိထားသော နိုင်ငံသား စီစစ်ရေးကတ်ပြားမှာ မမှန်ကန်သော နည်းလမ်းများဖြင့် ရယူထားခြင်းဖြစ်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရန် ပုဇွန်တောင်မြို့နယ်၊ လ၀ကရုံးမှ ၂၃-၈-၂၀၁၀ရက်စွဲဖြင့် ပုံစံ(၁၀) ထုတ်ယူလာပြီး ၂၅-၈-၂၀၁၀ နေ့တွင် ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက် အိမ်ထောင်စုစာရင်းပုံစံ ၆၆/၆၊ အမှတ်(၃၁၀)တွင် ၀င်ရောက် နေထိုင်လျှက်ရှိကြောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် လျှောက်ထားရာတွင် လူမျိုးအမည်ကို ဘင်္ဂလီ-ဘင်္ဂလီ-ကမန်-ရခိုင်ဟု ဖော်ပြလျှောက်ထားခဲ့ကြောင်း၊ သို့ရာတွင် ဘူးသီးတောင်မြို့နယ်သို့ ပြောင်းရွှေ့လာစဉ်က ပုံစံ(၁၀)တွင် ဘင်္ဂလီ-ကမန်-ရခိုင်-ဗမာဟု လူမျိုးအမည် ဖော်ပြထားသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် လူမျိုးအမည်အမျိုးမျိုး ကွဲပြားစွာဖော်ပြထားကြောင်း၊ ထို့ကြောင့် ဦးရွှေမောင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၀(ခ)၊ ပုဒ်မ ၁၅၂(ခ)နှင့် ပုဒ်မ ၁၆၉ (က)၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀(င)၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀(င)၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀(င)ပါ ပြဌာန်းချက်များအရ ရွေးချယ်ခံရန် အရည်အချင်းနှင့် ပြည့်မီသူမဟုတ်၍ ၎င်းသူအား လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်း ခြင်းကို ပယ်ဖျက်ပေးပါရန်ဟူ၍ ဖော်ပြလျှောက်ထားခဲ့သည်။
မောင်တောခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ၁၉-၈-၂၀၁၅နေ့တွင် နှစ်ဖက်စလုံးမှ တင်ပြသော အထောက်အထားများကို စီစစ်ခဲ့ပြီး ၂၂.၈.၂ဝ၁၅ နေ့တွင် ဦးရွှေမောင်ကို စည်းကမ်းချက် မညီသဖြင့် ပယ်ဖျက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။
ကိုအောင်(ရခိုင့်အသံ)
____ရခိုင့်အသံ

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။