ကျော်ခ|August 28, 2015
စစ်ရေးလေ့ကျင့်နေသော AA တပ်သားများ (ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် ရက္ခိုင့် တပ်မတော်(AA)နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်(BGB)တို့အကြား သြဂုတ်လ ၂၆ ရက်နေ့က ၃ နာရီခန့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
ရခိုင်ပြည်နယ် ရေဘေးကယ်ဆယ်ရေးအတွက် အထောက်အပံ့ ပစ္စည်းများ သယ်ဆောင်လာသည့် AA အမှတ် ၅ ဗျူဟာ၊ (၈၉၄) တပ်ရင်း လက်အောက်ခံ၊ တပ်ခွဲ (၃)နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်များအကြား နားလည်မှုလွဲပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း AA၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ ညိုထွန်းအောင်က“ပစ္စည်းတွေ သယ်ဖို့သွားတဲ့ အချိန်မှာ နယ်ခြားစောင့်တပ်တွေက ကျနော်တို့ ရှိတဲ့ဘက်ကို တက် လာတယ်။ ကျနော်တို့က မင်းတို့ တက်မလာနဲ့ ငါတို့လည်း လက်နက်ကိုင် အဖွဲ့တွေ ရှုပ်ထွေးမှုတွေ ဖြစ်သွားနိုင်တယ်ဆိုတော့ သူတို့က သေနတ်တွေပစ်ပြီး တက်လာတော့ ကျနော်တို့ အဖွဲ့တွေလည်း ရောက်လာပြီး ပစ်ကြတာ”ဟု ဧရာဝတီသို့ ပြောသည်။
သို့သော် ဘင်္ဂလားဒေ့ရှ်ဘက်ကမူ AA တပ်ဖွဲ့ဝင်များသည် ကင်းလှည့်နေသည့် ၎င်းတို့၏ BGB တပ်ဖွဲ့ဝင်များကို စတင် ပစ်ခတ်ခဲ့ သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း BGB ၏ တပ်မှူးကြီး ဗိုလ်ချုပ် အာဇစ်အာမက် ပြောဆိုသည်ဟု ဘင်္ဂလားဒေ့ရှ် အခြေစိုက် မီဒီယာများက ဖော်ပြသည်။
ဘင်္ဂလားဒေရှ် အခြေစိုက် မီဒီယာတခုဖြစ်သည့် The Hindu သတင်းစာက ယင်းတိုက်ပွဲကြောင့် နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး တိုးမြင့်ပေးရန် မြန်မာအစိုးရကို ဘင်္ဂလားဒေ့ရှ် အစိုးရက တောင်းဆိုထားသည်ဟု ဖော်ပြသည်။
AAနှင့် BGB တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာအစိုးရထံ အကြောင်းကြား ခြင်းမရှိသေးဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဧရာဝတီသို့ ပြောသည်။
ဦးဇော်ဌေးက“အဲဒါတော့ လူကြီးတွေပဲ ဆုံးဖြတ်လိမ့်မယ်ဗျ။ ကျနော်တို့တော့ ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ AA က သူပုန် အဆင့်ပဲ။ ဖြစ်တာကလည်း သူတို့အချင်းချင်း မြင်းလုရင်းနဲ့ ချကြတာလို့ ပြောတယ်”ဟု ဆိုသည်။
အဆိုပါတိုက်ပွဲတွင် နှစ်ဖက်ထိခိုက် ကျဆုံးမှု မရှိခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဘက်တွင် တပ်ကြပ်ကြီးတဦးနှင့် တပ်ဖွဲ့ဝင် တချို့ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိကြောင်း၊ ၎င်းတို့ AA တပ်ဖွဲ့ဝင်တဦးကိုလည်း BGB က ဖမ်းဆီးထားကြောင်း AAက ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နယ်စပ် မြေပြင်တွင် နယ်ခြားစောင့်တပ်ဖွဲ့အင်အားများ တိုးချဲ့ချထားသကဲ့သို့ ဝေဟင်က လည်း ရဟတ်ယာဉ်များဖြင့် ကင်းလှည့် စောင့်ကြည့်နေမှုများ ပြုလုပ်လျှက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် တိုက်ပွဲဖြစ်ပွားလိုခြင်း မရှိ သော်လည်း ဖမ်းဆီးခံထားရသည့် တပ်ဖွဲ့ဝင်တဦးကိုမူ သံတမန်နည်းအရ ပြန်လည်ပေးအပ်လာရန် မျှော်လင့်ကြောင်း AA က ပြောသည်။
တိုက်ပွဲ မဖြစ်ပွားမီ ၂ ပတ်ခန့်တွင် AA တပ်ဖွဲ့ဝင်တချို့က ရခိုင်ပြည်နယ် ရေဘေးကယ်ဆယ်ရေးအတွက် မြင်းနှင့် လားများဖြင့် သယ်ဆောင်လာသည့် အဝတ်အထည်၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က သိမ်းဆည်းခဲ့ပြီး ပြန်လည် လွှဲပြောင်းပေးခြင်း မရှိကြောင်း သိရသည်။
http://burma.irrawaddy.org/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။