ရခိုင်ပြည်နယ်ဂီတအစည်းအရုံး(ယာယီ)မှ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရေဘေး၊ လေဘေးသင့် ကျေးရွာများသို့ ကူညီထောက်ပံ့မှုများပေးအပ်

၂၈-၈-၂၀၁၅
ဘူးသီးတောင်
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ကိုမာန်မုန်တိုင်းကြောင့် လေဘေးသင့်သူများနှင့် ရေကြီးနစ်မြုပ်မှုများကြောင့် ရေဘေးသင့်ခဲ့ရသူများကို ကူညီထောက်ပံ့မှုများ ဆောင်ရွက်နေလျှက်ရှိပြီး ၂၈-၈-၂၀၁၅နေ့၊ နေ့လည် (၁း၃၀)တွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ လေဘေး၊ ရေဘေးသင့် ကျေးရွာများမှ ထိခိုက်ဆုံးရှူံးမှု များခဲ့သော ကျေးရွာ (၁၃)ရွာကို ဆန်အိတ်(၁၅၀)နှင့် ရေသန့်ဘူး (၇၂၀၀)ကို ထောက်ပံ့လှုဒါန်းမှုပြုလုပ်ပြီး အခက်အခဲများကြောင့် စိတ်ပင်ပန်းအားငယ်မှုများ ဖြေလျော့စေရန် တေးဂီတများ သီဆိုဖျော်ဖြေခြင်း အစီအစဉ်တစ်ခုကို ဘူးသီးတောင်မြို့၊ အေးစေတီကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်၊ ဂီတအစည်းအရုံး(ယာယီ)မှ အဖွဲ့ဝင်များက ထောက်ပံ့ပစ္စည်းများနှင့် ခရီးစရိတ် ထောက်ပံ့ငွေများပေးအပ်ခြင်း၊ ဘူးသီးတောင်မြို့ နာရေးကူညီမှုအသင်းသို့ အလှူငွေတစ်သိန်းပေးအပ်ခြင်း၊ ခိုင်ကျော်လင်း၊ ရီလှိုင်းပြာ၊ ဝတီစိုးမိုး၊ ဘိုဘို တို့အပါအဝင် ရခိုင်တေးသံရှင် အဆိုတော်များက ပရိတ်သတ်များသို့ တေးသီချင်းများ သီဆိုဖျော်ဖြေခဲ့ကြပြီး “မဟာကရုဏာတော်” တေးသီချင်းကို စုပေါင်းသီဆိုခဲ့ကြကာ နေ့လည် (၃း၀၀)နာရီတွင် အစီအစဉ်ပြီးဆုံးခဲ့သည်။
ကူညီမှုထောက်ပံ့ရခြင်းနှင့် သီဆိုဖျော်ဖြေမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ဂီတအစည်းအရုံး(ယာယီ)၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ကိုခိုင်ကျော်လင်းက “ကျွန်တော်တို့ ရခိုင်ပြည်က ရေဘေးသင့်သူတွေဆိုတာ ကျွန်တော်တို့ကို အားပေးနေတဲ့ အမာခံပရိတ်သတ်ပါ။ သဘာဝဘေးဒဏ်ခံရပြီး စိတ်တုန်လှုပ် ခြောက်ခြားနေတဲ့ အချိန်မှာ အားငယ်နေရတဲ့သူတွေကို ခွန်အားဖြည့်ပေးတဲ့အနေနဲ့ ကျွန်တော်တို့တတ်တဲ့ဂီတ၊ ကျွန်တော်တို့တတ်တဲ့ အနုပညာနဲ့ လက်တစ်ဖက်ကမ်းပြီး ကူညီပေး၊ ဖျော်ဖြေပေးရခြင်းသည်ပင်လျှင် ကျွန်တော်တို့အတွက် အလွန်တရာမှ မွန်မြတ်တဲ့ကုသိုလ်လို့ မှတ်ယူပါတယ်။” ဟု ရခိုင့်အသံသို့ ပြောသည်။ ရခိုင်ပြည်နယ်ဂီတအစည်းအရုံးသည် စစ်တွေမြို့တွင် တေးဂီတဖျော်ဖြေပွဲကို ကျင်းပခဲ့ပြီး အခက်အခဲဖြစ်သူများကို ကူညီရန် ရံပုံငွေစုဆောင်းခဲ့ကြောင်း၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း စသည့်မြို့နယ်များသို့ ကျပ်သိန်းနှစ်ရာကျော်တန်ဖိုးရှိ ဆန်နှင့် သောက်ရေသန့်များ ကို ထောက်ပံ့ကူညီထားပြီး ထောက်ပံ့ကူညီရေး ခရီးစဉ်များတွင် ရွှေပြည်တန် အမြန်ရေယာဉ်မှ ခရီးစဉ်တိုင်းအတွက် သယ်ယူပို့ဆောင်ရေး ကူညီပေးထားသည်ဟုလည်း ရှင်းပြပါသည်။
ဘူးသီးတောင်မြို့တွင် လာရောက်ကူညီထောက်ပံ့ခြင်း၊ သီဆိုဖျော်ဖြေခြင်းအတွက် ငလှမ်းပြင်၊ ငွေတောင်ရွာမှ မသန်းသန်းဝေက “အကျွန်တို့နယ်ဘက်တွေမှာ ပျက်စီးမှုတွေက အများကြီးပါ။ သောက်စရာရေတောင်မှ မရအောင်အခက်အခဲဖြစ်နေရပါတယ်။ အကျွန်တို့ အခုလို အခက်အခဲဖြစ်နေတဲ့အချိန်မှာ ပစ်မထားပဲနဲ့ လာရောက်ပြီး သီဆိုအားပေးကြ၊ ကူညီထောက်ပံ့ကြတဲ့အတွက် အများကြီးဝမ်းသာရပါတယ်။ ကျေးဇူးလဲအများကြီးတင်ပါတယ်။” ဟု ပြောသည်။
ရခိုင်ပြည်နယ်ဂီတအစည်းအရုံး(ယာယီ)မှ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ကူညီထောက်ပံ့နိုင်ရေး ရံပုံငွေရရှိရန် သီဆိုဖျော်ဖြေပွဲတစ်ပွဲကို ပြုလုပ်နိုင်ရန် စီစဉ်နေကြောင်းလည်း သိရှိရသည်။
ကိုအောင်(ရခိုင့်အသံ)

Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။