ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ဘန်ကောက်မြို့၊ ဧရာဝဏ် လေးမျက်နှာ ဟိန္ဒူ ဘုရားကျောင်းကို ဩဂုတ် ၁၉ ရက်တွင် ပြန်လည် ဖွင့်လှစ်ထားပြီဟု သိရသည်။
ဩဂုတ် ၁၇ ရက် ညပိုင်းက အဆိုပါ ဘုရားကျောင်းတွင် လူအများ စည်ကားနေချိန်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အနည်းဆုံး လူ ၂၀ မျှ သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရရှိခဲ့သည်။ ဧရာဝဏ် ဘုရားကျောင်းသည် ဟိန္ဒူနတ်ဘုရား ဘရာဟ်မာကို ရည်စူးကိုးကွယ်သည့် နေရာဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင်များပါ လာရောက်လေ့ ရှိသည်။
ထိုင်းရဲတပ်ဖွဲ့သည် ပိုက်ဗုံးကို ကျောပိုးအိတ်တွင် ထည့်ယူလာကာ ဘုရားကျောင်းအနီး၌ ချသွားသည်ဟု ယူဆရသည့် သံသယဖြစ်ဖွယ် လူငယ်တစ်ဦးကို လုံခြုံရေးကင်မရာ မှတ်တမ်းများ အကူအညီဖြင့် ခြေရာခံ ရှာဖွေနေဆဲ ဖြစ်သည်။
ဗုံးပေါက်ကွဲမှု အပြီးတွင် ဘုရားကျောင်းကို ပိတ်ထားခဲ့သော်လည်း ဩဂုတ် ၁၉ ရက်၊ ဒေသစံတော်ချိန် နံနက် ၈း၀၀ နာရီတွင် အများသူငါ ဝင်ရောက်လည်ပတ်နိုင်ရန် ပြန်ဖွင့်ပေးထားလိုက်ပြီ ဖြစ်သည်။ ဗုံးပေါက်ကွဲမှုအတွင်း အတန်ငယ် ထိခိုက်ခဲ့သည့် ဘရာဟ်မာ နတ်ဘုရားရုပ်တု ရှေ့မှောက်တွင် ပန်းများ၊ အမွှေးတိုင်များဖြင့် ပြန်လည်စည်ကား နေပြီဟု မျက်မြင်တစ်ဦးက ဆိုသည်။
အဆိုပါ နေရာတွင် အလွန်အကျွံ လုံခြုံရေး တင်းကျပ်ထားမှု မရှိသလို လူအများကိုလည်း မည်သည့် စစ်ဆေးမှုမျှ မပြုလုပ်ဘဲ လွတ်လပ်စွာ သွားလာနိုင်ရန် ခွင့်ပြုထားကြောင်း သိရသည်။ ယင်းနေရာမှ ရုပ်အလောင်းများကို ဩဂုတ် ၁၈ ရက် နံနက်ပိုင်းကမှ ဖယ်ရှားထားခြင်း ဖြစ်သည်။ ထိုင်းရဲတပ်ဖွဲ့သည် ကမ္ဘာလှည့်ခရီးသည် အများအပြားဖြင့် စည်ကားနေတတ်သည့် အဆိုပါ နေရာကို ပေါက်ကွဲမှုအပြီး ၃၄ နာရီ အကြာတွင် ပြန်ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။
____7Day News Journal
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။