ရေကြီးစဉ်က ပျောက်ဆုံးကျွဲနွားများ မေယူတောင်ကျော်လမ်းမှ တစ်ဆင့် တစ်ဘက်နိုင်ငံသို့ ပို့ဆောင်နေ

ရန်ကုန်၊ သြဂုတ် ၁၈

ရခိုင်ပြည်နယ် အ၀န်း ရေကြီးစဉ်က ဘေးလွတ်ရာသို့ ထွက်ပြေး ပျောက်ဆုံးသွားသော ကျွဲနွားများကို မသမာသူများက ဖမ်းယူကာ ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျော်လမ်းမှ တစ်ဆင့် မေယူတောင်ကို ဖြတ်ကာ တစ်ဘက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ တင်ပို့နေကြသည်ဟု ဒေသခံများက သတင်းပေးပို့သည်။

“ သူတို့က ဘူးသီးတောင်မြို့နယ် ညောင်ချောင်းရွာကို စက်လှေတွေ၊ လှေတွေနဲ့ အဲဒီကျွဲနွားတွေကို သယ်ယူလာတယ်။ ကုန်းလမ်းကတဆင့် မောင်းယူလာတာလည်း ရှိတယ်။ အဲဒီကတဆင့် မေယူတောင်ကို ဖြတ်ကျော်ပြီး တစ်ဘက်နိုင်ငံကို တင်ပို့နေကြပါတယ်” ဟု အမည် မဖော်လိုသူ လယ်သမား တစ်ဦးက ပြောသည်။

ညောင်ချောင်းကျော်လမ်းမှ တဆင့် မေယူတောင်ကို ဖြတ်ကျော်ပြီး ကျွဲနွားများကို ယူဆောင်လျှင် မောင်တောမြို့နယ်တောင်ပိုင်း မြင်းလွှတ်ရွာနှင့် မော်ရ၀တီရွာသို့ ရောက်ပြီး ထိုဒေသမှ တဆင့် စက်လှေများဖြင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက်ကနက်မြို့နှင့် ရှင်မဖြူကျွန်းသို့ ပို့ဆောင်ကြသည်ဟု ဆိုသည်။

“ သက်ဆိုင်ရာ ဒေသအတွင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေ ခွင့်ပြုချက်မရရင် ဘယ်သွားလို့ရမလဲ။ သူတို့နဲ့ ပေါင်းစားနေကြတာပါဘဲ။ ဒီဒေသမှာ တာဝန်ယူထားတဲ့ အဖွဲ့အစည်းတွေအားလုံး ပါဝင် ပတ်သက်မှုရှိတယ်လို့ ပြောလိုပါတယ်။ အထက်အာဏာပိုင်တွေ အမြန်ဆုံး စစ်ဆေး အရေးယူစေလိုပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် အတွင်း ရေကြီးစဉ်က မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များတွင် ကျွဲနွားများ သောင်းနှင့် ချီသေဆုံးခဲ့ကြပြီး အချို့ ကျွဲနွားမှာ ရေဘေးမှ လွတ်ရန် တောင်များသို့ ထွက်ပြေးသွားခဲ့သည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်းကျေးရွာ တစ်ခုမှ လယ်သမား တစ်ဦးက “ ကျွန်တော်တို့ ဒေသမှာ ရေကြီးတဲ့ အခါ ကျွဲနွားတွေ အသေအပျောက်များတဲ့ အတွက် လယ်ယာလုပ်ငန်းအတွက် ကျွဲ၊ နွားတွေ အထူး လိုအပ်နေပါတယ်။ ဒါကြောင့် ပျောက်သွားတဲ့ ကျွဲ၊နွားဘဲ ဖြစ်ဖြစ် ၀ယ်ယူလာတဲ့ ကျွဲနွားဘဲ ဖြစ်ဖြစ်၊ ဘယ်ကျွဲ၊နွားတွေကိုမှ တစ်ဘက်နိုင်ငံကို ခုချိန်မှာ မတင်ပို့သင့်ဘူး။ ခုလို ကျွဲနွားတွေ တရားမ၀င် တစ်ဘက်နိုင်ငံ ဘင်္ဂလာကို တင်ပို့နေတာကို အခု အချိန်မှာ လုံးဝ ရပ်တန့်သင့်ပါတယ်” ဟု ပြောဆိုသည်။

တစ်ခြား ဒေသခံ တစ်ဦးကလည်း ကျွဲနွားများကို အဓိက တင်ပို့နေသော ဂိုဏ်များကို ဒေသအတွင်းက ဘင်္ဂလီလူမျိုးအချို့က ဦးဆောင်ပြီး ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တောမြို့နယ် အတွင်းမှ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ငွေပေးကာ တစ်ဘက်နိုင်ငံသို့ ပို့ဆောင်နေကြခြင်း ဖြစ်ကြောင်း ပြောကြားသည်။

( ရေကြီးစဉ်က မသေဘဲ ကျန်နေခဲ့သော နွားများကို မြောက်ဦးမြို့နယ် သကြားကျေးရွာတွင်တွေ့ရစဉ်။ ထိုရွာတွင် ကျွဲနွား ၅၀ ခန့် ရေထဲမျောပါ သေဆုံးခဲ့သည်။ Photo by Narinjara)

___ Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။