ပယ်လ်မိုင်ရာမြို့ဟောင်းရှိ နှစ်ပေါင်း ၂၀၀၀ နီးပါး သက်တမ်းရှိ ဘုရားကျောင်းကြီးကို အိုင်အက်စ်တို့ ဗုံးခွဲဖျက်ဆီး

Photo - Businessinsider
အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများသည် ဆီးရီးယားရှိ ၎င်းတို့ ထိန်းချုပ်ထားရာ ပယ်လ်မိုင်ရာ ရှေးမြို့ဟောင်းမှ ဘာလ်ရှာမင် ရှေးဘုရားကျောင်းကြီးအား ဗုံးခွဲ ဖျက်ဆီးလိုက်ပြီဟု သိရသည်။

ဆီးရီးယား အစိုးရ ရှေးဟောင်း ယဉ်ကျေးမှု ဌာနက ဩဂုတ် ၂၃ ရက်တွင် အဆိုပါ ရှေးဘုရားကျောင်းကြီး ဖျက်ဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ကမူ ပယ်လိုင်ရာမှ ယင်းဘုရားကျောင်းကြီး ဖြိုချခံရသည်မှာ တစ်လမျှပင် ကြာမြင့်နေပြီ ဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့သည်။ ပယ်လ်မိုင်ရာကို အိုင်အက်စ်တို့က တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားရာ မြို့အတွင်းမှ သတင်းများကို သိရှိရေးမှာ အခက်အခဲများစွာ ရှိနေသည်။
အိုင်အက်စ်တို့သည် မေလက ပယ်လ်မိုင်ရာမြို့ကို ဆီးရီးယားတပ်များ လက်ထဲမှ တိုက်ခိုက် သိမ်းယူခဲ့သည်။ ပယ်လ်မိုင်ရာ မြို့ဟောင်းသည် ရှေးခေတ် ရောမနှင့် ဂရိယဉ်ကျေးမှုများ ကြွင်းကျန်နေသည့် ရှေးဟောင်းအမွေအနှစ် ဇုန်နေရာ တစ်ခုဖြစ်ရာ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းတွင် ထည့်သွင်းသတ်မှတ် ခံထားရသည်။
“အိုင်အက်စ်တွေက ဖောက်ခွဲရေး ပစ္စည်းတွေ အများကြီးကို ဘာလ်ရှာမင် ဘုရားကျောင်းကြီးထဲ ထည့်ပြီး ဖောက်ခွဲလိုက်ပါတယ်။ ဒီလုပ်ရပ်က တော်တော်ကြီး အပျက်အစီးတွေ ဖြစ်စေခဲ့တယ်။ ဘုရားကျောင်း အတွင်းပိုင်း ဧရိယာက လုံးဝ ပြိုကျသွားသလို ဘေးနားက ကျောက်တိုင်ကြီးတွေပါ လဲပြိုကုန်ပါတယ်”ဟု ဆီးရီးယား ရှေးဟောင်း ယဉ်ကျေးမှုဌာန အကြီးအကဲ မာမွန် အက်ဘ်ဒူလ်ကာရင်မ်က ပြောကြားခဲ့သည်။
ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ကမူ ပယ်လ်မိုင်ရာမှ ထွက်ပြေးလာသူ အချို့၏ အဆိုကို ကိုးကားပြီး ဘုရားကျောင်းကြီး ဖျက်ဆီးခံရသည်မှာ တစ်လမျှ ကြာမြင့်ခဲ့ပြီဟု ယုံကြည်ရကြောင်း ဆိုသည်။
အဆိုပါ ဘုရားကျောင်းကြီးကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ နီးပါးက တည်ဆောက်ခဲ့ပြီး ရောမခေတ် ရှေးဟောင်းလက်ရာ အများအပြား ကြွင်းကျန်နေသည့် အထင်ကရ နေရာတစ်ခု ဖြစ်သည်။ အဆိုပါ ဘုရားကျောင်းကြီးသည် အစ္စလာမစ် ဘာသာရေး မပေါ်ပေါက်မီ နတ်ဘုရားများ ကိုးကွယ်စဉ်က မုန်တိုင်း၊ မိုးရွာသွန်းမှုနှင့် မျိုးဆက်ဖြစ်ထွန်းမှုတို့ကို ကိုယ်စားပြုသည့် ဘာလ်ရှာမင် နတ်ဘုရားကို ပူဇော်ပသရန် တည်ထားခြင်း ဖြစ်သည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။