အင်္ဂရားချိုင် ကျွန်းသားများ ရေဘေး ကူညီ

စံမောင်သန်း
စစ်တွေ၊ သြဂုတ် ၂၉

ဆရာတော် ဦးဓမ္မဒိန္န (ရန်ကုန်) က ဦးဆောင်ပြီး ရန်ကုန်၊ ထိုင်း၊ မလေးရှားရောက် အင်္ဂရားချိုင်ကျွန်းသားများနှင့် ပေါက်တောမြို့နယ် အင်္ဂရားချိုင်ကျွန်းရှိ ဆရာတော်များနှင့် ကျေးရွာသူကျေးရွားသားများက
ငွေကြေးပါဝင် လှူဒါန်းပြီး မြောက်ဦးမြို့နယ်နှင့် မင်းပြား မြို့နယ်ရှိ ရေဘေးဒုက္ခသည်များကို သွားရောက်ကူညီခဲ့ကြသည်ဟု ဆရာတော် ဦးဓမ္မဒိန္နက နိရဉ္စရာသတင်းဌာသို့ မိန့်ကြားသည်။

ထိုသို့ကူညီရာတွင် အဆိုပါ မြို့နယ်နှစ်ခုရှိ ကျေးရွာ တချို့တွင် ရေဘေးကြောင့် ဒုက္ခရောက်နေသော မိသားစုများကို ဆန်နှင့် အခြားရိက္ခာများ ကူညီခဲ့ကြသည့် အပြင် ရေဘေးကြောင့် သေဆုံး သွားသူများ၏ မိသားစုများကိုလည်း
ကူညီခဲ့ကြသည်ဟု သိရသည်။

“အဲ့ဒီလို ကူညီမှုကို အစကတည်းကလုပ်မယ်လို့ ရည်ရွယ်ခဲ့ပေမယ့် မလုပ်ဖြစ်ခဲ့ဘူး။ နောက်ကျမှလုပ်ဖြစ်ခဲ့ပါတယ်။ ကျေးရွာသားများကို ပြောကြားတာကတော့ ဂီရိမုန်တိုင်းတုန်းက ဆရာတော်တို့ ကျွန်းသူကျွန်သားတွေကို သူများတွေက လာပြီးတော့ ကူညီကြတယ်။ အခု သူများတွေ ဒုက္ခရောက်နေတဲ့ အချိန်မှာ ဆရာတော်တို့ ကျွန်းသူကျွန်းသားတွေလည်း
ပြန်ပြီးတော့ ကူညီရမယ်။ ဒီလိုလုပ်တာဟာ ကုသိုလ်လုပ်ခြင်းဖြစ်တယ်။ ဒီလိုကုသိုလ်မျိုးကို ဒီလိုအခြေအနေမှာ မယူရင်မရဘူးလို့ ကျွန်းသူကျွန်းသားတွေကို ဟောပြောစည်းရုံးခဲ့ပါတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

ကူညီရာတွင် သေဆုံးသူမိသားစု၊ အိမ်ပျောက်မိသားစု၊ အရောက် အပေါက်နည်းသည့်နေရာဆိုပြီး အပိုင်း ၃ ပိုင်းခွဲ၍ ကူညီခဲ့သည်ဟု သိရသည်။

သေဆုံးသူမိသားစုများကို ကူညီရာတွင် သေဆုံးသူတစ်ဦးအတွက် ဆန် ၂ အိတ်နှင့် ငွေ ၅ သောင်းကျပ်ကျစီနှင့် အသွားအလာခရီးစရိတ်အတွက် ကူညီကြောင်း၊ သေဆုံးသူများထဲတွင် မြောက်ဦးမြို့နယ်မှ ၁၆ ဦးနှင့် မင်းပြားမြို့နယ်မှ၁၄ ဦးဖြစ်ကြောင်း ၊ အိမ်ပါသွားသူများကို ဆန် တစ်အိတ်နှင့် ငွေ တစ်သောင်းကျပ်စီ ကူညီရာတွင် မြောက်ဦးမြို့ပေါ်မှ အခြေအနေ အဆိုးဆုံး မိသားစု ၈ စုကိုကူညီခဲ့ကြသည်ဟု သိရသည်။

ယင်းအပြင် အင်္ဂရာချိုင် ကျွန်းမှ မြောက်ဦးမြို့ပေါ်တွင် ပြောင်းရွှေ့လာသူမိသားစု ၄၈ စု ရှိပြီး နစ်နာ ဆုံးရှုံးမှုများသူ မိသားစု ၉ စုရှိကာ ၄၈ စု အတွက် ဆန်တစ်အိတ်နှင့် ငွေကျပ်တစ်သောင်းကျစီနှင့် နစ်နာဆုံးရှုံးမှုများသူ မိသားစု ၉ စုအတွက် နောက်ထပ် ကျပ်ငွေတစ်သောင်းကျစီ အကူအညီပေးခဲ့သည်ဟု ဆရာတော်က မိန့်ကြားသည်။

မြောက်ဦးမြို့ပေါ်တွင် ကူညီရာတွင် ဆင်ချဆိပ် ရွာမ၊ ဆင်ချဆိပ် ရွာသစ်၊ မဟိန်ကျီ၊ အောင်မင်္ဂလာနှင့် မြင်းကုန်တန်း ရပ်ကွက်များသို့ ရပ်ကွက်တစ်ခုကို အနည်းဆုံး ဆန် ၁၅ အိတ်နှင့် အများဆုံး အိတ် ၃၀ ထိ
ကူညီခဲ့သည်ဟု သိရသည်။

ကယ်ဆယ်ရေးအရောက်အပေါက်နည်းသော ကျေးရွာများကို ကူညီရာတွင်မင်းပြားမြို့နယ်မှ သရေချောင်းရှိ ၀က်လှ၊ ရွာသစ်ကေ၊ သင်းပုန်းတန်း၊ သင်းပန်းကိုင်း၊ တောင်မြင့်၊ ကုလားချောင်း၊ အုတ်ကန်၊ ငါးစွေကုန်း၊ကုန်ဘောင်ရွာသစ်၊ ကုန်ဘောင်ရွာဟောင်း၊ ပညာသည်နှင့် ခွဆုံကျေးရွာများသို့ ကျေးရွာ တစ်ရွာစီအတွက် အနည်းဆုံး ဆန် ၁၅ အိတ်မှ အိတ် ၂၀ ၊ ငါးပိ၊ ဆား၊ အ၀တ်အထည်များ ကူညီသည့်အပြင် ကျောင်းထိုင် ဆရာတော်များအားလည်း သင်္ကန်းတစ်စုံနှင့် ငွေ ၅၀၀၀ ကျပ်စီ လှူဒါန်းခဲ့သည်ဟု သိရသည်။

“အကူအညီပေးတဲ့ နေရာမှာလည်း ဆရာတော်ရဲ့ လက်နဲ့ချဉ်းမဟုတ်ဘဲ၊ လိုက်ပါလာတဲ့ တခြား ဆရာတော်တွေ၊ တကာတွေကိုလည်း တစ်ပါး တစ်ဦးမကျန် ကိုယ်တိုင်ပေးအပ် လှူဒါန်းစေပါတယ်။ ဒီလို ကုသိုလ်လုပ်ရတဲ့ အတွက် လိုက်ပါလာသူတွေက ကျေနပ် ၀မ်းမြောက်ကြပါတယ်။ အထူးသဖြင့်တော့ သေဆုံးသူမိသားစုတွေကို ကိုယ်တိုင် ကိုယ်ကျ အကူအညီပေးရတာကို ပိုပြီးဝမ်းမြောက်တာကို တွေ့ရပါတယ်”ဟု ဆရာတော် ဦးဓမ္မဒိန္နက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ထိုသို့ကူညီရာတွင် အင်္ဂရားချိုင်ကျွန်းရှိ ကျေးရွာသူ ကျေးရွာသားများမှ ကောက်ခံရရှိငွေ ၄၈ သိန်းကျပ် နှင့် အင်္ဂရားချိုင်ကျွန်းမှ ရန်ကုန်၊ မလေးရှား နှင့် ထိုင်းတို့တွင် အလုပ်လုပ်နေသူများထံမှ သိန်း ၃၀ ကျပ်
စုစုပေါင်း ၇၈ သိန်းကျပ်ဖြစ်ကြောင်းသိရသည်။

____Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။