ဒဂုံမြို့နယ်၊ ပဒုမ္မာလမ်းရှိ အိမ်တော်ရာ ဘုရားဝင်းရှေ့တွင် သြဂုတ်လ ၂၂ ရက် ည ၁၁ နာရီက MRTV-4 ဝန်ထမ်း အမျိုးသားတစ်ဦးကို လူတစ်စုက ရိုက်နှက်ကာ အုပ်စုဖွဲ့ လုယက်နေသည်ကို ရပ်ကွက်နေသူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
လမ်းသွားနေတဲ့ လူငယ်ကို ကားနဲ့ လမ်းပိတ်ထားပြီး အုပ်စုဖွဲ့လုယက်တာ၊ ဝတ်ထားတဲ့ ရွှေဆွဲကြိုးကို လုယူပြီး ဝိုင်းထိုးတာကြောင့် အလုခံရသူက ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းလို့ ရပ်ကွက်နေသူတွေက လမ်းတွေပိတ်ဆို့ပြီး လုယက်တဲ့အဖွဲ့ကို ဝိုင်းဖမ်းခဲ့တာ နှစ်ယောက်မိတယ်၊ ရဲတပ်ဖွဲ့က မနေ့ညက လှိုင်သာယာမှာ လုယက်မှုမှာပါတဲ့ နှစ်ယောက်ကို ထပ်မိတယ်လို့ ကြားသိရ တယ်” ဟု ပဒုမ္မာလမ်းတွင် နေထိုင်သူ အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ပြောကြားသည်။
အဆိုပါ လုယက်ခံရသူမှာ ပြည်လမ်း အရှေ့ရပ်ကွက်၊ ပဒုမ္မာလမ်းရှိ ဒဂုံမြို့မ ရဲစခန်းဝင်းတွင် နေထိုင်သော အသက် ၃၀ အရွယ်ရှိ MRTV-4 ဝန်ထမ်း ဦးအောင်ထွန်း ဖြစ်ကြောင်း၊ ၎င်းသည် အလုပ်မှနေအိမ်သို့ ပြန်လာစဉ် ပြည်လမ်းဘေးရှိ တော်ဝင်စင်တာအနီး ၎င်းနောက်မှ အမည်မသိ အမျိုးသားလေးဦး လိုက်လာသည်ကို သတိထားမိ၍ ဆက်လျှောက်ခဲ့စဉ် ပဒုမ္မာလမ်းရှိ အိမ်တော်ရာဘုရားဝင်းရှေ့တွင် အဌားယာဉ်တစ်စီးက ၎င်းင်းရှေ့မှ ပိတ်ရပ်ခဲ့ကြောင်း၊ ယင်းနောက် နောက်မှလိုက်လာသော အမျိုးသားလေးဦးက ၎င်းကို ဝိုင်း ထိုးကြိတ်ကာ ဝတ်ထားသော ရွှေဆွဲကြိုးကို လုယက်ခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ကျော်ထွဋ်က ပြောကြားသည်။
“လုယက်မှု ဖြစ်တဲ့ညမှာ တရားခံ နှစ်ယောက်ကို ဖမ်းမိတယ်၊ သူတို့အဖွဲ့မှာ ပါဝင်သူနှစ်ယောက်ကို လှိုင်သာယာမှာ ထပ်ဖမ်းမိတယ်၊ ဒီအဖွဲ့က ယခင်ခိုးမှု၊ လုယက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာ စုံစမ်းသိရှိရလို့ ဆက်လက် စစ်ဆေးနေတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ယင်းအုပ်စုဖွဲ့ ရိုက်နှက်လုယက်မှုကြောင့် လုယက်ခံရသူမှာ ဖူးရောင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ကုသမှု ခံယူနေရကြောင်း၊ အုပ်စုဖွဲ့ လုယက်မှုကျူးလွန်သူများ ဖြစ်သည့် လှိုင်သာယာမြို့နယ် နေသူ များဖြစ်သော အသက် ၂၀ အရွယ်ရှိ သက်ပိုင်စိုး အပါအဝင် လေးဦးကို (ပ) ၁၈၆/၁၅၊ ပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ဒဂုံမြို့မ ရဲစခန်းထံမှ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း ယခုနှစ်တွင် မြို့လယ်ကောင်နှင့် လူစည်ကားရာ နေရာများတွင် အုပ်စုဖွဲ့ လုယက်မှု၊ လူသတ်မှုများ မကြာခဏ ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူ အများစုကို မဖော်ထုတ် နိုင်သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
http://www.thevoicemyanmar.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။