ဗျာလ - News

ရခိုင်တစ်မျိုးသားလုံး ဖွံ့ဖြိုးတိုးတက်စေလိုပါက ရခိုင်တိုင်းရင်းသား စည်းလုံးရန်လိုအပ်ပြီး အချင်းချင်းကြားမှာ မနာလိုစိတ်များကို ဖျောက်ဖျက်ရန်နှင့် အမြင်ကျဉ်းခြင်းများကို မြှင့်တင်နိုင်ရန် စာဖတ်ဖို့လိုအပ်ကြောင်း စစ်တွေမြို့က လူငယ်စာရေးဆရာ ဝေဟင်အောင်က ပြောကြားသည်။
“ ဒီကနေ့ ရခိုင်ပြည်နယ်မှာ တစ်ယောက်လုပ်ရန် တစ်ယောက်က မနာလိုဖြစ်နေကြတယ်။ တစ်ယောက်စားရရင် တစ်ယောက်က မကြိုက်ကြဘူး။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အမြင်ကျဉ်းမှုတွေ အင်မတန်မှ ကြီးစိုးနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ ဗဟုသုတ အရမ်းအားနည်းလို့ပါ။ ဒီလူမျိုးတစ်ခုလုံးကို တွန်းလှန်ဖို့အတွက် ကျနော်တို့ စာဖတ်ရပါမယ်။ စာပေထဲက အသိနဲ့ စာပေထဲက ဗဟုသုတနဲ့ စာပေထဲက အတွေးအခေါ်တွေနဲ့ပဲ ဒီလူမျိုးကို ကျနော်တို့ ဆွဲတင်သွားနိုင်ဖို့ရာ ဖြစ်တယ်။ ” ဟု ပြောသည်။
ယခင် န၀တ၊ နအဖ ခေတ်က စာပေကို ဖိနှိပ်ချုပ်ချယ်မှုများရှိခဲ့ပြီး ယခု ဒီမိုကရေစီခေတ်ပြောင်းကာလမှာ စာပေထုတ်ဝေခွင့်နှင့် မည်သည့်အကြောင်းအရာမဆို တင်ဆက်ရေးသားနိုင်သော ခေတ်တွင် စာဖတ်အးကောင်းဖြင့် ရခိုင်ပြည်နယ်၏ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးပိုင်တွင် အပြောင်းအလဲတစ်ခုကို ဖော်ဆောင်နိုင်ကြောင်း၊ ယင်းကြောင့် ရခိုင်လူမျိုးတစ်ခုလုံး၏ ထွက်ပေါက်မှာ စာပေထဲမှာ ရှိကြောင်းလည်း သူကဆိုသည်။
စာဖတ်အားကောင်းခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည့် ကဏ္ဍအသီးသီးတွင် ၀င်ဆန့်နိုင်မည်ဖြစ်သည်။ သို့သော်လည်း ရခိုင်ပြည်နယ်တွင် ဆင်းရဲမှုက ကြီးစိုးနေသောကြောင့် မိသားစုစားဝတ်နေရေးကို အဓိက အလေးထားပေးနေရသည့်အတွက် စာဖတ်မှုပိုင်းကို ဂရုစိုက်ရန် အချိန်မရကြကြောင်း ဆရာဝေဟင်အောင်က ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ရသစာပေလောကတွင် စာရေးဆရာ လူငယ်များ မျိုးဆက်သစ်များ ပေါ်ထွန်းလာသော်လည်း သုတနှင့် ၀တ္ထုပိုင်းတွင် မျိုးဆက်သစ်လူငယ်များ အလွန်အားနည်းနေကြောင်း သူကဆက်လက်ပြောကြားခဲ့သည်။
____Development Media Group

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။