၁။ ဥက္ကဋ္ဌအမည်- ဦးထွန်းအောင်ကျော်
၁။ ပါတီဝင်အရေအတွက်- သုံးသိန်းရှစ်သောင်းကျော်
၃။ မဲဆန္ဒနယ်- ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးသုံးခုတွင် အဓိကယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၁ခုတွင် ၀င်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ- ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ပြည်သူများ၏ စီးပွားရေးဘ၀ဖွံ့ဖြိုးတိုးတက်ရေးအစရှိသည့် သုံးလွန်းတင်ဒီမိုကရေစီထူထောင်ရေးလမ်းစဉ်။
၅။ ဆောင်ပုဒ်- သုံးလွန်းတင်ဒီမိုကရေစီထူထောင်ရေး။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက်- အနည်းဆုံး ပညာအရည်အချင်း အဋ္ဌမတန်းအောင်ရန်လိုအပ်သည်။ ခေတ်သစ်ပြည်သူ့ပါတီ၏ သဘောတရားရေး နိုင်ငံရေးလမ်းစဉ်အပေါ်အမြင် ကြည်လင်ပြတ်သားသူဖြစ်ရမည်။ ပါတီနှင့် ပြည်သူလူထုအကျိုးအတွက် စွန့်လွှတ်စွန့်စားအနစ်နာခံသူဖြစ်ရမည်။ ကျန်းမာရေးနှင့် အကျင့်
စာရိတ္တကောင်းမွန်သူဖြစ်ရမည်။ တိုင်းကျိုးပြည်ကျိုးကို ဆောင်ရွက်နိုင်သည့်အစဉ်အလာ၊ အတွေ့အကြုံရှိသူ (သို့မဟုတ်)ဆောင်ရွက်သွားနိုင်မည့် ပုဂ္ဂိုလ်ဖြစ်ရမည်။

၇။ ပါတီရန်ပုံငွေ − ပါတီဝင်ကြေး၊ လစဉ်ကြေး၊ နှစ်စဉ်ကြေးနှင့်ပါတီကို ကြည်ညိုလေးစား၍ လှူဒါန်းထောက်ပံ့မှုများ၊ ပါတီဝင်များစုပေါင်း၍ ၀င်ငွေရရန် လုပ်ဆောင်မှု များ၊ မဲဆွယ်ကာလတွင်လည်း တိုင်းရင်းသားကုမ္ပဏီများမှ စပွန်ဆာများလည်းရှိနိုင်သည်။
၈။ ပါတီနောက်ခံသမိုင်းကြောင်း - ၁၉၉၀အထွေထွေရွေးကောက် ပွဲတွင် သခင်စိုးနာယကအဖြစ်ပါဝင်သည့် ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီအမည်ဖြင့် ၁၀ နေရာ
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ရှုံးနိမ့်ခဲ့သည်။ အဆိုပါရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် ပါတီများဖျက်သိမ်းခဲ့ရသောကြောင့် ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီလည်း
ပါဝင်ခဲ့ပြီး ခေတ်သစ်သိပ္ပံကျောင်းသားစုအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ၂၀၁၀ပြည့်နှစ်တွင် ပါတီတည်ထောင်ခွင့်ရ၍ ခေတ်သစ် ပြည်သူ့ပါတီအဖြစ် ဖွဲ့စည်းတည် ထောင်ခဲ့သည်။

ပါတီဥက္ကဋ္ဌနှင့် အင်တာဗျူး
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုး စွမ်းဆောင်နိုင်မလဲ။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာက ဥပဒေအားလုံးရဲ့ အခေါင် အချုပ်ဖြစ်တာကြောင့် ပြင်သင့်တာကို ပြင်ရမယ်။ မပြင်လို့မရဘူး။ ဒီမိုကရေစီစံနှုန်း
နဲ့ ပြင်ရမယ်။ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေကို ပြင်သင့်တယ်။ ဥပဒေပြင် ရေးသည် ပြည်သူလူထုရဲ့ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကိုအခြေခံသင့်
တယ်။ တပ်မတော် ၂၅ရာ ခိုင်နှုန်းပါဝင်နေတာကို တပ်မတော်ဆန့်ကျင် ရေးနဲ့ မပြောင်းသင့်ဘူး။ အဆင့်ဆင့်လျှော့ချတဲ့နည်းနဲ့ ပြောင်းရင် တပ်နဲ့
ပြည်သူ့ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ ညီညွတ်ရေးကို ပိုရနိုင်မယ်လို့မြင်တယ်။

လွှတ်တော်ထဲရောက်ရင် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာ ဘယ်လောက်ထိကူညီပေးနိုင်မယ်လို့ ယုံကြည်ပါလဲ။
အများကြီးအထောက်အကူပြုနိုင်မယ်လို့ ယုံကြည်တယ်။ ဘာလို့လဲ ဆိုတော့ ဦးတို့ သမိုင်းက လက်နက်ကိုင်တိုက်ပွဲအတွေ့အကြုံကလာတာ။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ သက်တမ်းအရှည်ဆုံးပြည်တွင်းစစ်စာရင်းဝင်နေတာ။ တကယ်နှစ်ဦးနှစ်ဖက် ပြည်သူ့အကျိုးစီးပွားကိုလိုလားရမယ်။ ရန်သူပင်ဖြစ်စေ မတရားမလုပ်စတမ်းဆိုတဲ့ စိတ်ထားရှိရမယ်။ ဒီအခြေခံပေါ်မှာ စဉ်းစားမယ်ဆိုရင် အချိန်ကြာစရာ မလိုဘူး။ တစ်နိုင်ငံလုံး အပစ်
အခတ်ရပ်စဲရေးကို အရင်လုပ်သင့်တယ်။ ပြီးမှ ဒီမိုကရေစီဖော်ဆောင်ရေး ဘောင်အတွင်းမှာငြိမ်းချမ်းရေးဆွေးနွေးမှုတွေနဲ့သွားရမယ်။

ပြည်သူတွေရဲ့ ၀င်ငွေ/ထွက်ငွေ မျှအောင် ကူညီပေးဖို့ စဉ်းစားထားလား။
ဒီမိုကရေစီမှာ ဦးတည်ချက် သုံးရပ်ရှိတယ်။ လူတွေရဲ့ လွတ်လပ်မှုပြည့်ဝ ရမယ်။ တန်းတူညီမျှရှိရမယ်။ အများဆန္ဒ၊ ပြည်သူ့ဆန္ဒနဲ့ အုပ်ချုပ်ရမယ်။ ဒီဦးတည်ချက် သုံးရပ်အောင်မြင်ဖို့ အများဆန္ဒနဲ့ ဆုံးဖြတ်ရ မယ်။ အများဆန္ဒနဲ့ ဆုံး ဖြတ်တာကြောင့် ပြည်သူတွေ အသိဉာဏ်အဆင့်အတန်းမြင်ဖို့လိုအပ်တယ်။ အသိဉာဏ်မြင့်မားဖို့ လူနေမှုအဆင့်အတန်းမြင့်ဖို့ လည်းလိုတယ်။ လူနေမှုအဆင့်အတန်းမြင့်ဖို့ စီးပွားရေးကုန်ထုတ် စွမ်းအားစုတိုးတက်ဖို့တယ်။ ဒီသုံးရပ်နဲ့ ထူထောင်မှ ဒီမိုကရေစီဖြစ်မယ် လို့ ဦးတို့ယုံကြည်တယ်။ ဒါကြောင့် ပြည်သူတွေရဲ့ စီးပွားရေး ဘ၀၊ ကျား၊မတန်းတူရဖို့၊ ကျေးလက်ဒေသဖွံ့ဖြိုးဖို့၊ တိုင်းရင်းသားလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ မူချထားတယ်။

ပြည်သူတွေက အန်ကယ်တို့ပါတီကိုဘာကြောင့် မဲပေးသင့်တာလဲ။
ဦးတို့ ပါတီကို မဲပေးသင့်တဲ့ အချက်လေးချက်ရှိတယ်။ တစ်က ဦးတို့ပါတီက နိုင်ငံရေးအတွေ့အကြုံအစဉ်အလာရှိတာကြောင့် ဆင်ခြင်တုံတရား
မှာ အားကောင်းနိုင်တယ်။ အမှား၊ အမှန်အတွေ့အကြုံရှိတယ်။ နံပါတ်နှစ်က ဒီမိုကရေစီနိုင်ငံကိုဘယ်လိုထူ ထောင်မလဲဆိုတဲ့ မူဝါဒမှာ သုံးလွန်းတင်ဒီမိုကရေစီထူထောင်ရေးကို ချမှတ်ထားတယ်။ နံပါတ်သုံးက
တိုင်းရင်းသားလုပ်ငန်းရှင်တွေ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို ချထားတယ်။ နံပါတ်လေးက အစိုးရသည် ပြည်သူရဲ့ အရှင်သခင် မဟုတ်စေရဘူး။ ပြည်သူရဲ့အစေခံသာဖြစ်ရမယ်ဆိုတဲ့ခံယူချက်။ ဒီလေးချက်ကြောင့် မဲပေးသင့်ပါတယ်။

သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
သမ္မတလောင်းသည် မြန်မာ့ နိုင်ငံရေးမှာ ဘယ်လောက်အတွေ့အကြုံရှိတဲ့ သူဖြစ်သလဲ။ လက်ရှိ မြန်မာနိုင်ငံအသွင်ကူး ပြောင်းရေးမှာ ဘယ်လောက်
ရပ်တည်တဲ့သူဖြစ်သလဲ။ အမျိုးသား ရေးအကျိုးစီးပွားကို ဘယ်လောက် ကိုယ်စားပြုမလဲ။ ဒီသုံးခုကိုကြည့်မယ်။

ဥက္ကဋ္ဌအသက်- (၇၀နှစ်)
ပညာအရည်အချင်း-အထက်တန်းအောင်(၁၉၆၃- ၆၄)
နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံ- ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှု အဖြစ် လူငယ့်တပ်ဦးမြန်မာ နိုင်ငံတွင်ပါဝင်ခဲ့။ ၁၉၆၆-၆၇ တွင် သခင်စိုး
၏ အလံနီကွန်မြူနစ်ပါတီသို့ဝင်ခဲ့ပြီးတောခိုခဲ့။ ၁၉၇၄ တွင် ဥပဒေဘောင်
အတွင်းပြန်ဝင်ခဲ့။ ပြန်ဝင်ပြီးချင်း ပါတီတပ်သား၊ ရုံးအဖွဲ့ဝင်၊ ခရိုင်ရုံး
အဖွဲ့မှူး၊ ဗဟိုဌာနချုပ်သို့ အပြောင်းတွင်အဖမ်းခံခဲ့ရကာ ထောင်ဒဏ် ၂နှစ်
ကျော် ကြာကျခဲ့။ ၁၉၈၀ ခန့်တွင် သခင်စိုး၏ ကိုယ်ရေးအတွင်းရေးမှူးအ ဖြစ်ကိုးနှစ်တာဝန်ထမ်းဆောင်ခဲ့။ ၁၉၉၀အထွေထွေရွေးကောက်ပွဲတွင် ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၌ အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့။ ၂၀၁၀ရွေးကောက်ပွဲတွင် ခေတ်သစ်ပြည်သူ့ပါတီကိုမှတ်ပုံတင်ပြီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့။

လက်ရှိအလုပ်အကိုင်- စိုက်ပျိုးရေးခြံပိုင်ရှင်။
စံပြပုဂ္ဂိုလ်- သခင်စိုး
ဆက်သွယ်ရန်- ၀၁-၅၀၄၈၈၂
___http://7daydaily.com/election-2015
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။