အနက်ရောင်ဖဲကြိုးများ၏ နောက်ကွယ်

ထွန်းခိုင် Wed, 2015-08-19 
ရုပ်မြင်သံကြားကြော်ငြာတွေထဲကလို ‘‘ကျွန်တော်ဆရာဝန်တစ် ယောက်ပါ’’ဆိုပြီး လိုက်မိတ်ဆက် နေစရာမလို။ ပြီးခဲ့တဲ့ ရက်များတွင် မည်သူက ဆရာဝန်ဆိုသည်ကို လူတစ်ယောက်၏ ရင်ဘတ် ပေါ်၌ ဖဲကြိုးနက်တပ်ဆင်ထားခြင်းရှိ၊ မရှိကြည့်ရုံဖြင့် သိနိုင်သည်။ ရင်ဘတ်မှာဖဲကြိုးနက် မတပ်ထားလျှင် ဆရာဝန်မဟုတ်သလို ဖြစ်သည်အထိ ခေတ်စားခဲ့သည်။

ဖဲကြိုးနက်များ၏ အဓိပ္ပာယ်မှာ တပ်မတော်အရာရှိများအား ကျန်းမာရေးဝန်ကြီးဌာနသို့ တိုက် ရိုက်ရွှေ့ပြောင်းတာဝန်ပေးခဲ့သည့် အစိုးရ၏ ဆုံးဖြတ်ချက်ကို လက်မ ခံနိုင်ကြောင်း ဖော်ပြသည့် သင်္ကေ တဖြစ်သည်။
တကယ်တော့ တပ်မတော် အရာရှိများ အရပ်ဘက်ပြောင်းလာသည့် ကိစ္စက အထူးအဆန်းတော့မဟုတ်။
ထူးဆန်းနေသည်က အရပ် ဘက်ပြောင်းတပ်မတော်အရာရှိ များကို လက်မခံကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်နှင့် ဆေးပညာရှင်များ၏ အသံတိတ် ‘‘ဖဲကြိုးနက်လှုပ်ရှားမှု’’ပင်။
7Day News က ရရှိထားသည့် အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၁၁ သြဂုတ်လလယ်မှ ၂၀၁၄ နိုဝင်ဘာလဆန်းအထိ ၃၉ လခန့် အတွင်း တပ်မတော်အရာရှိ ဒါဇင်ပေါင်းများစွာကို အရပ်ဘက် ဌာနများသို့ ရွှေ့ပြောင်းမှုများရှိခဲ့သော်လည်း ထိုအထဲတွင် ကျန်းမာရေးဝန်ကြီးဌာနမပါဝင်ခဲ့။
ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်နှင့် ဆေးပညာရှင်များကမူ တပ်မတော်က ပြောင်းလာသည့် အရာရှိများကိစ္စကို  တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြသည့် ပထမဆုံးသော အစိုးရ၀န်ထမ်း များ ဖြစ်သည်။
ဘယ်ကလာပြီး ဘယ်ကိုသွားလဲ
၂၀၁၁ သြဂုတ်လလယ်မှ ၂၀၁၄ နိုဝင်ဘာလဆန်းအထိ ၃၉ လခန့်အတွင်း တပ်မတော်အရာရှိ ၂၅၀ ခန့်အား အရပ်ဘက်သို့ တိုက် ရိုက်ပြောင်းခဲ့ပြီး အရာရှိအဖြစ် ခန့်အပ်ခဲ့သည်။ ယနေ့မှစပြီး ရေတွက်လျှင် လာမည့်သီတင်းနှစ်ပတ် ရောက်တိုင်း တပ်မတော်အရာရှိ သုံးဦးအရပ်ဘက်ဝန်ကြီးဌာနတွင် အရာရှိအဖြစ် ရောက်လာမည့် သ ဘောပင်။
၎င်းတို့ကို နိုင်ငံခြားရေးဝန် ကြီးဌာနတွင် သံအမတ်ကြီးကစပြီးအားကစား၊ သာသနာရေးဝန်ကြီး ဌာနများ အလယ်သမိုင်းသုတေ သနအရာရှိများအဖြစ် နယ်ပယ်စုံတွင် ခန့်အပ်ခဲ့သည်။
အထက်ပါအရာရှိများအနက် ထက်ဝက်ခန့်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ပို့ဆောင် ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန် ကြီးဌာနတို့သို့ ရောက်ရှိသွားခဲ့ကြ သည်။
ကျန်ထက်ဝက်လောက်က လွှတ်တော်ရုံး၊ ရထားပို့ဆောင် ရေး၊ စီးပွားကူးသန်း၊ ဆောက်လုပ်ရေး၊ ယဉ်ကျေးမှု၊ ပြန်ကြားရေး စသည့် ဌာနအစုံသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ရာထူးအလိုက် ရာခိုင်နှုန်း အားဖြင့် အရပ်ဘက်ပြောင်းလာ သူများအနက်မှ ထက်ဝက်ခန့်သည် တပ်မတော်တွင် ဗိုလ်မှူးအဆင့် ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်သည်။ ၎င်းတို့အနက် ၃၉ ရာခိုင် နှုန်းခန့်သည် ဗိုလ်ကြီးအဆင့်ဖြစ် ပြီး ဗိုလ်မှူးကြီးနှင့် ဒုတိယဗိုလ်မှူး ကြီးအဆင့်မှာ ၁၀ ရာခိုင်နှုန်းခန့် ဖြစ်သည်။ ကျန်ရှိသည့် မပြောပ လောက်သော ပမာဏမှာ အခြား အဆင့်မှအရာရှိများ ဖြစ်သည်။
ဆရာဝန်တွေရဲ့ သပိတ်အောင် မြင်ခဲ့သလား
ကျန်းမာရေးဝန်ကြီးဌာနသို့ တပ်မတော်မှ အရာရှိများရောက်သည်ဆိုသည်က အမှန်ဆိုလျှင် အခြားဝန်ကြီးဌာနများနှင့် နှိုင်းယှဉ်လျှင် ရှားရှားပါးပါးဖြစ်ရပ်တစ်ခု ဖြစ်သည်။
သို့သော်လည်း ဆေးလောကသားများတွေ ညီညွတ်မှုက ‘‘အများက မလိုလားဘူးဆိုတော့လည်း ဆက်မလုပ်တော့ဘူး’’ဟု ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက ထုတ်ပြောခဲ့ရသည်အထိ အောင်မြင်ခဲ့သည်။
ဝန်ကြီးပေးခဲ့သည့် ကတိ ကြောင့် ဆရာဝန်နှင့် ဆေးလောကသားများ၏ ဆန္ဒပြည့်ဝပြီလားဆို သည့် မေးခွန်းကိုတော့ အချိန်က အဖြေပေးလိမ့်မည် ဖြစ်သည်။
တပ်မတော်မှ အရပ်ဘက်သို့ တိုက်ရိုက်ကူးပြောင်းသည့်စနစ် တွင် ပြဿနာအချို့ရှိသည်ကို ကျန်းမာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ သန်း အောင်ထက်ရာထူးကြီးသည့် ဒု သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း က ၀န်ကြီးမပြောမီ လွန်ခဲ့သည့် သုံးနှစ်ခန့်ကတည်းက ပြောထား ခဲ့ဖူးသည်။
‘‘သာမန်အားဖြင့် အောက် ခြေမှ တက်လာသော ၀န်ထမ်းများ အနေဖြင့် လုပ်ငန်းကျွမ်းကျင်မှု တွင် ပြောရန်မရှိသော်လည်း ကြား မှ ဖြတ်ဝင်လာသော ပုဂ္ဂိုလ်များရှိ လာပါက မူလ၀န်ထမ်းများ စိတ် ဓာတ်ကျဆင်းစေနိုင်ကြောင်း၊ ယင်းအပြင် ၀န်ကြီးဌာန၏ လုပ်ငန်း လည်း အထိုက်အလျောက်ကျ ဆင်းသွားနိုင်ကြောင်း’’ ၂၀၁၂ မေလအတွင်း နေပြည်တော်တွင် ကျင်းပသည့် အစည်းအဝေး တစ် ခု၌ ဒုသမ္မတက အထက်ပါအ တိုင်း ပြောကြားခဲ့ကြောင်း အစိုးရ သတင်းဌာနများက ရေးသားခဲ့သည်။
သို့သော် အစည်းအဝေးပြီး နောက်ရက်များတွင်လည်း တပ်မတော်အရာရှိများအား အရပ်ဘက်ပို့နေဆဲပင်။
မိုးကျရွှေကိုယ်နှင့် အရပ်ဘက် ဆက်ဆံရေး
တပ်မတော်မှ အရပ်ဘက်သို့ ရွှေ့ပြောင်းလာသည့် တပ်မတော် အရာရှိများအား အရပ်ဘက်ဝန် ထမ်းအချို့က မိုးကျရွှေကိုယ် (သို့ မဟုတ်) လေထီးတပ်သားဟု အမည်ပြောင်ပေးထားကြပြီး ၎င်းတို့ ၏ နောက်ကွယ်တွင် ခေါ်ဝေါ်ကြသည်။
အဓိပ္ပာယ်က အောက်ခြေမှ တက်လာသည့် ၀န်ထမ်းတစ်ယောက်မဟုတ်ဘဲ အထက်ကကျလာသည့်အရာရှိအဖြစ် ဆိုလိုခြင်း ဖြစ်သည်။
တပ်မတော်မှ ပြောင်းလာ သည့် အရာရှိအချို့၏ လုပ်ပုံကိုင်ပုံများသည် အဆီအငေါ်မတည့်မှုက လည်း မိုးကျရွှေကိုယ်စနစ်ကို ဝေ ဖန်စရာတစ်ခု ဖြစ်လာခဲ့သည်။
‘‘ပညာရေးနဲ့ ပတ်သက်ပြီး အောင်ချက်ကောင်းအောင် လုပ် မယ်ဆိုပြီး လုပ်ကြတာတွေရှိ တယ်။ အောင်မှတ်က ၄၀ ထက် နည်းလာတယ်။ ၁၀ တန်းအောင် ချက်ကတော့ တက်လာတယ်။ ဒါ ပေမဲ့ ကလေးတွေက အရည်အ သွေးနိမ့်လာတယ်’’ဟု မြန်မာနိုင်ငံ လုံးဆိုင်ရာ ဆရာ၊ ဆရာမများအ ဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ သက်နိုင် ဦးက ပြောကြားသည်။
အရပ်ဘက်ဆေးတက္ကသိုလ် များမှ ဘွဲ့ရထားသည့် ဆရာဝန် လူငယ်များတွင် ကျန်းမာရေးဝန် ကြီးဌာန၌ ၀န်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ခွင့်ရရန် စောင့်ဆိုင်း နေသူအများအပြားရှိနေပြီး ၎င်း တို့ကို မျက်ကွယ်ပြုကာ တပ်မှ အရာရှိများအား ခန့်ထားခြင်း မ လုပ်ရန် မြန်မာနိုင်ငံဆရာဝန်အ သင်းက ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ကြေညာချက်ထုတ်ပြန်ခဲ့ သေးသည်။
‘‘ယေဘုယျအားဖြင့် ဘယ် လုပ်ငန်းမဆို အတွေ့အကြုံရှိဖို့ လိုအပ်တာပဲ။ မဆိုင်တဲ့သူတွေက လုပ်ငန်းတွေကို ဦးဆောင်မယ်ဆို ရင် ပြဿနာရှိနိုင်သလို စဉ်ဆက် မပြတ်လုပ်လာတဲ့ ပညာရှင်တွေ အတွက်လည်း နစ်နာတယ်’’ဟု မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို)အထွေထွေအတွင်းရေးမှူး ပါ မောက္ခ ဒေါက်တာ စောဝင်းက ပြောကြားသည်။
တပ်မတော်သားများအား အရပ်ဘက်ပို့သည့်ကိစ္စနှင့် ပတ်သက်၍ အစိုးရအရာရှိများဘက်တွင် အကြောင်းပြချက်ကိုယ်စီရှိနေခဲ့ကြသည်။
ပြီးခဲ့သည့်နှစ်များက တပ်မတော်အရာရှိ ၆၃ ဦးအား ကော်မ ရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင် ရာထူး များခန့်အပ်လိုက်သည့်အတွက် ဝေဖန်မှုများထွက်ပေါ်ခဲ့သေးသည်။ သို့သော် ကော်မရှင်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် ၀န်ကြီး ဌာနများထံမှ ၀န်ထမ်းများတောင်းသော်လည်း ပြောင်းရွှေ့ထမ်းဆောင်လိုသူမရှိသည့်အတွက် တပ်မတော်အရာရှိများ ခန့်အပ်ခဲ့ရ ကြောင်း ကော်မရှင်က အကြောင်း ပြချက်ပေးခဲ့သည်။
မိုးကျရွှေကိုယ်တိုင်း သုံးမရတော့ဘူးလား
အထက်ပါမေးခွန်းကို လက် ရှိနှင့် အငြိမ်းစားဝန်ထမ်း ၁၈ ဦးခန့်အား မေးမြန်းရာအားလုံးတော့ မဟုတ်ဟု ၎င်းတို့က ဆိုသည်။
လက်အောက်ဝန်ထမ်းများ အား နင်ပဲငဆဆဲဆိုပြီး တပ်မ တော်သားဟောင်း ဖြစ်ကြောင်း အာဏာပြကာ ရိုင်းစိုင်းသည့်အရာ ရှိများရှိကာ ရည်မွန်ယဉ်ကျေးပြီး သင်ယူလိုစိတ်အပြည့်ရှိသည့်အ ရာရှိများလည်း အများအပြားရှိ ကြောင်း ၎င်းတို့က ပြောကြားသည်။
‘‘သူများစကားလည်း နား ထောင်ပေးတယ်။ ဆက်ဆံရေးပြေ ပြစ်ပြီး တကယ်ကြိုးစားလုပ်တဲ့၊ ယဉ်ကျေးတဲ့ အရာရှိကြီးတွေနဲ့ တွဲ လုပ်ရရင်တော့ ဌာနအတွက် တိုး တက်တာပေါ့’’ဟု ဒေါက်တာ သက်နိုင်ဦးက ပြောကြားသည်။
တပ်မတော်မှ အရပ်ဘက် ပြောင်းလာကြသည့် အရာရှိများ ထဲတွင် တပ်၌ သုံးမရသဖြင့် အ ရပ်ဘက်ပို့လိုက်သကဲ့သို့ ဖြစ်နေ သည့်အရာရှိများပါဝင်ကာ ထိပ်တန်းအရည်အချင်းရှိသူများလည်း ပါဝင်ကြောင်း ၎င်းတို့နှင့် အလုပ် တွဲလုပ်ဖူးသူများက ပြောကြား သည်။
‘‘သူတို့က မြန်မာနိုင်ငံမှာ သင်ကြားတဲ့နေရာမှာ အကောင်းဆုံးဆိုတဲ့ ဆရာတွေကို စစ်တက္ကသိုလ်မှာ ခေါ်သင်တာရှိတယ်။ တကယ်လည်း လေ့ကျင့်သားပြည့်ဝနေတဲ့ သူတွေပါ။ တချို့နေရာတွေမှာအပြင်လူတွေအတွက် သာတယ်ဆိုတာ လက်ခံတယ်’’ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာသက်နိုင်ဦးက ပြောကြားသည်။
ယင်းအချက်ကို ပြည်တွင်းလေကြောင်းလိုင်းများသို့ ပြောင်းရွှေ့လုပ်ကိုင်နေသည့် တပ်မတော် (လေ)မှ လေယာဉ်မှူးများ၊ ရေတပ်မှ ပြောင်းလာသည့်ရေကြောင်းဆိုင်ရာပညာရှင်များက သက်သေပြနေခဲ့သည်။
မိုးကျရွှေကိုယ်များကို မကျေ နပ်သည့် ပြဿနာသည် တပ်မှလာ သည်ဆိုသည့်အချက်တစ်ခုတည်း ကြောင့်မဟုတ်ဘဲ ဌာနတွင်းတွင် အာဏာရှင်အသေးစားများကို မသိမသာခွင့်ပြုထားသည့် စနစ် ကြောင့်လည်း ဖြစ်ကြောင်း ၀န် ထမ်းအချို့ကလည်း ပြောကြား သည်။
‘‘ကျွန်တော်တို့ဆီမှာ ဖြစ်နေ တာ အထက်အရာရှိဆိုရင် ဆရာ ပဲ။ တော်ရုံတန်ရုံဆို ခေါင်းငုံ့ခံ နေကြတဲ့သူတွေက များတယ်’’ဟု အထွေထွေအုပ်ချုပ်ရေးဌာနတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာတာ ၀န်ထမ်းဆောင်ခဲ့သူတစ်ဦးက ပြောကြားသည်။
‘‘တပ်က လူတွေထက်တောင် မောက်မာတဲ့အရပ်သားအရာရှိ တွေရှိတယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဆယ်စုနှစ်ပေါင်းများစွာကျင့် သုံးခဲ့သည့် တပ်မတော်မှ အရပ် ဘက်ပြောင်းခဲ့သည့် စနစ်ကို ရပ် တန့်သွားရန် ဆရာဝန်နှင့် ဆေး ပညာရှင်များက ရက်ပိုင်းအတွင်း စွမ်းဆောင်နိုင်ခဲ့သည်။
မိုးကျရွှေကိုယ်နှင့် အရပ် ဘက်ဆက်ဆံရေးတို့တွင် အ ကောင်းအဆိုးများ ဒွန်တွဲနေပြီး အရပ်ဘက်သို့ တပ်အရာရှိများပို့   သင့်၊ မပို့သင့်ဆွေးနွေးမှုများက လည်း ရှိနေဆဲ ဖြစ်သည်။
အနက်ရောင်ဖဲကြိုးသပိတ် ၏ အောင်မြင်မှုက ကျန်းမာရေး လောကတစ်ခုတည်းလား (သို့တည်းမဟုတ်) ၀န်ထမ်းလောက တစ်ခုလုံးလားဆိုသည်ကိုတော့ အချိန်ကသာ အဖြေပေးနိုင်မည် ဖြစ်သည်။
____Ref: 7Day News Journal
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။