ပီချောင်းအရပ်တွင် စစ်တပ်မှအတင်းခိုင်းစေမှုများ ရှိနေ

သြဂုတ် ၂၈ ၊ ၂၀၁၅

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ပီချောင်းဘက်တွင်နေထိုင်သော ဒေသခံများအား မိမိတို့ရပ်ရွာတွင် တာဝန်ကျနေသော စစ်သားများက အချိန်မရွေး လုပ်အားခလည်းမပေး၊ စက်လှေအသုံးပြုခလည်းမပေးဘဲ စက်လှေဖြင့် ဟိုရွာပို့ခိုင်း ဒီရွာပို့ခိုင်း ခိုင်းစေမှုမကြာခဏ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ခူမီးမီဒီယာသို့ပြောသည်။

"လိုအပ်ရင် စက်လှေရှိတဲ့ လူတွေကိုခေါ်ပြီး တစ်ခြားရွာကို ပို့ခိုင်းတယ်။ တခါတလေ ကိုယ်မအားရင်တောင် လိုက်ပို့ပေးရတယ်။ အဲလိုပို့ပေးလို့ လုပ်အားခလည်းပေးလေ့မရှိပါဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ တခြားရွာသို့ စက်လှေဖြင့်ပို့ပေးရန်ပြောဆိုသောအခါ စစ်သားများကို နဂိုကတည်းက ကြောက်လန့်နေရသည့် ဒေသခံများအနေဖြင့် မည်သည့်အကြောင်းပြချက်မှမပေးရဲဘဲ ပို့ဆောင်ပေးနေရခြင်းဖြစ်သည်ဟု သိရသည်။

လွန်ခဲ့သော ဇွန်လ ၁၈ရက်နေ့ ညနေပိုင်းက တည်းခိုရန်ရောက်လာကြသော စစ်ဗိုလ်တစ်ဦးအား မိဘအိမ်တွင်မရှိ၍ တစ်ခြားနေအိမ်တွင် တည်းခိုရန်တောင်းဆိုခြင်းကြောင့် စစ်သားအား အာခံသည်၊ ရခိုင်လက်နက်ကိုင်များနှင့် ဆက်သွယ်သည်ဟု အတင်းစွပ်စွဲပြောဆိုကာ ရေတံခွန်ကျေးရွာမှ ဦးဝှေ့ဘဲ၏သား မောင်ကျော်ထွန်းအား ခလရ-၃၇၇ မှစစ်သားများက ကြိုးတုတ်ချည်နှောင်ခဲ့သည့် ဖြစ်ရပ်မျိုးလည်း မြင်တွေ့နေရ၍ ပီချောင်းဒေသခံများ၏ စိတ်တွင် စစ်သားကိုကြောက်လန့်နေရခြင်းမှာ အထူးအဆန်းမဟုတ်ပေ။

လက်ရှိပီချောင်းဘက်တွင် တာဝန်ကျသော တပ်ရင်းများမှာ ခလရ ၃၇၄၊ ၂၈၉ နှင့် အခြားတပ်ရင်းများဖြစ်ပြီး ယခုကဲ့သို့ ခိုင်းစေမှုသည် စစ်တပ်နှင့် ရခိုင်လက်နက်ကိုင်တို့ စစ်ပွဲဖြစ်ပြီးနောက်ပိုင်းက စတင်ကြောင်း သိရသည်။

____Khumi Media Group -ခူမီးမီဒီယာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။