ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ယခုရက်ပိုင်းအတွင်း အရည်အသွေးမပြည့်မီဘဲ အရောအနှောများပါဝင်သည့် ပဲဆီဆယ်မျိုးကို ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းရန် ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၂၂ ရက်တွင် ကြေညာခဲ့သည်။ ထို့ပြင် အသင့်စား စားသောက်ကုန်များအပါအ၀င် စားသောက်ကုန်အချို့တွင် တာရှည်ခံစေရန် ဓာတုဆေးဝါးများ သုံးစွဲထားခြင်း၊ ခွင့်မပြုသည့် အန္တရာယ်ရှိဆိုးဆေးများ သုံးစွဲရောင်းချခြင်းတို့ ပြုလုပ်နေကြောင်း သတင်းများကြောင့် စားသုံးသူပြည်သူများကြား စိုးရိမ်မှု များမြင့်တက်နေပြီး အန္တရာယ်ရှိအစားအသောက်များကို FDA ကဲ့သို့ အစိုးရတာဝန်ရှိသူများက ထိထိရောက်ရောက်ကြပ်မတ်စစ်ဆေးစေလိုကြောင်း ပြောကြားထားသည့် အသံများကို စုစည်း တင်ဆက်လိုက်ပါသည်။
မဇင်မာမြင့်
(အလှကုန်ဆိုင်ပိုင်ရှင်) လှည်းတန်းဈေး။
မလွှဲသာလို့သာ အစားအသောက်တွေကို စားနေရတယ်။ ဓာတု ဆေးကင်းတယ်လို့တော့ မထင်ဘူး။ ဘယ်အစားအစာမဆို ဓာတုဆေးနဲ့ လွတ်တာမရှိဘူး။ အိမ်မှာသေချာလုပ်စားမှ မပါမှာ။ အိမ်မှာလုပ်စားမယ် ဆိုရင်တောင် ကုန်ကြမ်းမှာ ဓာတုဆေးပါတာတွေရှိမယ်။ ဘယ်လိုမှ ရှောင်လွှဲလို့မရဘူး။ လက်ရှိမှာ ကင်ဆာတွေလည်း အဖြစ်များလာတယ်။ FDA မှာ မှတ်ပုံတင်ထားတဲ့ အစားအသောက်တွေကလည်း စစ်တုန်းက တစ်မျိုး၊ နောက်ကျအရည်အသွေးက တစ်မျိုးဖြစ်တဲ့အခါကျတော့ ရောဂါဖြစ်မှာတော့ သေချာတယ်။ ကိုယ်တိုင်အပင်စိုက်စားမှပဲ ဖြစ်တော့မယ်။ အော်ဂဲနစ်ဟင်းသီးဟင်းရွက်တွေဆိုရင်လည်း သူဌေးတွေပဲ စားနိုင်တာ အောက်ခြေလူတန်းစားတွေက ၀ယ်မစားနိုင်ဘူး။ အစိုးရအနေနဲ့တော့ အစားအသောက်စစ်ဆေးတာကို သေချာလုပ်ပေးသင့်တယ်။ စစ်တုန်းခဏတော့ စစ်ဆေးတယ်။ ပြီးရင် ပြီးရောလုပ်လို့မရဘူး။ အစားအသောက် စစ်ဆေးရေးကိုတော့ အမြဲတမ်းစစ်ဆေးပြီးထုတ်ပြန်ပေးစေလိုပါတယ်။
မမိုးသူဇာ
(ဆေးရုံဝန်ထမ်း) မြောက်ဥက္ကလာပမြို့နယ်။
အခုလက်ရှိနေ့တိုင်းစားနေတဲ့ အစားအစာတွေမှာ ဆိုးဆေးတွေ၊ တာရှည်ခံဓာတုဆေးတွေပါဝင်နေတယ်လို့ သံသယဖြစ်မိတာကြာပါပြီ။ ဒါပေမဲ့လည်း ဒါတွေပဲစားစရာရှိနေတော့ ရွေးပြီးစားသောက်ရဖို့က မလွယ်ဘူး။ သိသိသာသာဓာတုဆေးပါတာတွေကိုပြောရရင် မျှစ်တွေ ဆေးဆိုးထားတာ အရမ်းသိသာတယ်။ အခုနောက်ပိုင်းမှာဆိုရင် ကြက် ဥအတုတွေတောင် ပေါ်လာတယ်။ လက်ဖက်မှာဆိုလည်း နှစ်ပြန်ကြော် တွေမှာ ကော်တွေနဲ့သုံးထားတာလို့ ကြားမိတယ်။ တကယ်ကို အန္တရာယ်အရမ်းများပါတယ်။ စားမိရင် မလွယ်ပါဘူး။ ဒီမှာက ကြိုတင်ကာကွယ် တာ အရမ်းရှားပါတယ်။ ဒါကြောင့် ပထမအဆင့်အနေနဲ့ နေ့စဉ်ရောင်းနေ တဲ့ ဈေးတွေမှာ တာဝန်ရှိသူတွေက အရင်ဆုံးကြီးကြပ်ရမယ်။ တစ်ရက် တည်းမလုပ်ဘဲနဲ့ နေ့စဉ်လုပ်ဆောင်သင့်တယ်။ တစ်ရက်တည်းစစ်ဆေး ရင် စစ်ဆေးတဲ့တစ်ရက်ပဲ ကင်းပြီး ကျန်တဲ့ရက်တွေမှာ အရင်လိုပဲ ပြန်ဖြစ်ဖြစ်သွားလို့ပါ။
ဒေါက်တာစိုင်းဟန်
မြောက်ဥက္ကလာပမြို့နယ်
ကျွန်တော်တို့နေ့စဉ်စားသုံးနေရတဲ့ အစားအသောက်တွေမှာလည်း ဓာတုပစ္စည်းဆိုတာ အနည်းနဲ့ အများပေါ့။ ဒါက တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ပြဿနာတစ်ခုပါ။ အစားအသောက်မှာ ဆိုးဖို့ခွင့်မပြုတဲ့ ဆိုးဆေးတွေ၊ ဓာတုဆေးဝါးတွေဟာ ကင်ဆာကို တွန်းအားပေးတယ်။ ချက်ချင်းစား ချက်ချင်းအော့အန်၊ ဗိုက်အောင့်တာမျိုးမဟုတ်သော်လည်း ရေရှည်အ တွက် လုံးဝမကောင်းဘူး။ ပြည်သူတွေအတွက် အန္တရာယ်ရှိပါတယ်။ သေချာကြီးကြပ်သင့်တယ်။ သို့သော် ကျွန်တော်သိရသလောက်တော့ မြန်မာနိုင်ငံရဲ့ စားသုံးသူကာကွယ်ရေးဥပဒေဆိုတာကြီးမှာ နည်းဥပဒေ မရှိသေးတဲ့အတွက် သူတို့အနေနဲ့လည်း လုပ်ရကိုင်ရတာ၊ အရေးယူမှုတွေအားနည်းနေတယ်ထင်ပါတယ်။ နည်းဥပဒေအမြန်ဆွဲဖို့ လိုအပ်ပါတယ်။
ကိုကျော်ကျော်ဟန်
(အားကစားကလောင်ရှင်)
ဘယ်လောက်သန့်တယ်ပြောပြော..ကိုယ်မြင်ရတာမှ မဟုတ်တာ။ ဒီအတိုင်းဆို ဘယ်အစားအသောက်ကိုမှ လိပ်ပြာသန့်သန့်စားလို့ရမှာ မဟုတ်ဘူး။ မစားရင်လည်း ဘယ်လိုလုပ်မလဲ။ ပုစွန်ကိုတောင် ကိုယ့်ရှေ့မှာ တင်မဲနယ်ဆိုးတာတွေ့ဖူးတယ်။ FDA တို့လို အဖွဲ့အနေနဲ့ပိုပြီး ကြပ်မတ် သင့်တယ်။ ဒါတောင် လွယ်မှာမဟုတ်ဘူး။ တစ်ပြည်လုံးကျန်းမာရေး လည်း စိုးရိမ်စရာကောင်းတယ်။ အခုလည်း ကင်ဆာအဖြစ်များနေတာ ဆိုး ဆေးတွေကြောင့်ပါတယ်လို့ နားလည်သူတွေပြောနေကြတာပဲ။ တကယ်လိုက်စစ်ရင်ကျယ်ပြန့်မယ်ထင်တယ်။ ဈေးတွေရော၊ ဆိုင်တွေရော အများကြီး။ အဓိကကတော့ လူတွေရဲ့ အခြေခံစားကုန်ထုတ်လုပ်တဲ့ လုပ်ငန်းကြီးတွေ။ အဲဒါတွေရဲ့ အရင်းအမြစ်တွေ။ ဒါတွေကို သေချာစစ် သင့်ပါတယ်။ ကြက်ဥအတုဆိုရင် နယ်စပ်က၀င်တယ်ပြောကြတယ်။ ကြပ်မတ်ရမှာပေါ့။
ဒေါက်တာထွန်းဇော် (ညွှန်ကြားရေးမှူး၊
အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲမှုဦးစီးဌာန)
ရောနှောဆီအပါအ၀င်စားသုံးရန် မသင့်တဲ့ အစားအသောက်တွေ၊ ဆေးဝါးတွေ၊ အလှကုန်တွေကို အသုံးမပြုကြဖို့ ပြည်သူတွေအနေနဲ့ FDA က ထုတ်ပြန်ထားတဲ့ သတင်းတွေကိုလည်း လက်ဆင့်ကမ်းအသိပေးဖို့ လိုအပ်ပါတယ်။ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ ဂျာနယ်အပါအ၀င်မီဒီယာအမျိုးမျိုးကို အသုံးပြုလေ့လာခြင်းဖြင့် သိနိုင်ပါတယ်။ ကျွန်တော် တို့ဌာနကလည်း ရှေ့ဆက်ပြီး စစ်ဆေးဖို့တွေရှိတယ် ကြေညာပေးသွား ဦးမှာပါ။ လက်ရှိကြေညာလိုက်တဲ့ ဆီအရောအနှောတွေက စံနှုန်းမမီ ဘူး။ မှတ်ပုံတင်တာက ပဲဆီဆိုပြီး ရောနှောဆီဖြစ်နေတယ်ဆိုတာ သိတဲ့ အတွက် ကျန်းမာရေးဌာနကလည်း ဈေးကွက်ကနေ ပြန်သိမ်းခိုင်းပါ တယ်။ ဆိုးဆေးတွေနဲ့ ဓာတုပစ္စည်းတွေကတော့ ရေရှည်မှာ အစာအိမ်အူလမ်းကြောင်းကို ဒုက္ခပေးပြီး ကင်ဆာ ရောဂါဖြစ်ဖို့ အားပေးတယ်။
မစန်းသန္တာထွန်း
(သူနာပြုဆရာမ)
အစားအသောက်တွေထဲမှာ မျှစ်ဆိုရင် ဆိုးဆေးတွေ သုံးတယ်။ ခရမ်း ချဉ်သီးတွေဆိုလည်း မှည့်ဆေးတွေသုံးနေကြတယ်။ ကန်စွန်းရွက်ဆိုရင် ပိုးသတ်ဆေးတွေ ဖျန်းနေကြတယ်။ အစားအသောက်တော်တော်များများကတော့ ဆိုးဆေး၊ အရောအနှောတွေ၊ တာရှည်ခံဓာတုဆေးတွေသုံးနေ ကြတာပဲလေ။ ဆိုင်တွေမှာ ၀ယ်စားရင်လည်း အဲဒီအစားအသောက်တွေ က အန္တရာယ်ကင်းလားဆိုတာ မသိနိုင်ပါဘူး။ ကျန်းမာရေးပိုင်းမှာလည်း ဒီလိုအစားအသောက်တွေကြောင့် ၇၅ ရာခိုင်နှုန်းလောက်ထိ ထိခိုက်နိုင် တယ်။ အထူးသဖြင့် အစာအိမ်၊ နှလုံးရောဂါတွေပေါ့။ ဆိုးဆေး၊ အရော အနှောတွေ၊ တာရှည်ခံဓာတုဆေးတွေကြောင့် ကျန်းမာရေးစိုးရိမ်ရပေ မယ့် စားနေရတာပဲလေ။ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်ကလည်း အစားအသောက်တွေကို စိတ်ချလက်ချစားနိုင်ဖို့ စစ်ဆေးမှုတွေကို အခု လုပ်နေတာထက် ပိုပြီးထိရောက်အောင် လုပ်ပေးစေချင်တယ်။
ကိုဇော်လင်း
(အငှားယာဉ်မောင်း) လှည်းတန်း။
တာရှည်ခံဓာတုဆေးတွေက အစားအသောက်တွေ တော်တော် များများမှာပါတယ်ထင်တယ်။ ကျန်းမာရေးကတော့ လက်ရှိမှာ ဆိုးဆိုး ရွားရွားချက်ချင်းထိခိုက်မယ်မထင်ဘူး။ အပြင်စာတွေများများစားရင်တော့ ဆိုးရွားတဲ့ ကျန်းမာရေးကတော့ အနှေးနဲ့ အမြန်ကြုံလာရမှာပါ။ အစား အသောက်နဲ့ပတ်သက်ပြီး စိုးရိမ်စိတ်ကတော့ အရင်တုန်းကတော့ရှိ တယ်။ အခုတော့မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ ဒါမှမစားရင် စားစရာမရှိတော့လို့။ အတတ်နိုင်ဆုံးတော့ သန့်ရှင်းတဲ့ဟာတွေရွေးစားတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အစားအသောက်နဲ့ပတ်သက်ပြီး သေချာလုပ်ပေးစေချင်တယ်။ ဈေးကွက်ထဲတော်တော်လေးဖြန့်ပြီး လူတော်တော်များများစားပြီးတော့မှ ဓာတုဆေးတွေပါလို့။ ဆိုးဆေးတွေပါလို့ ပြန်တားမြစ်တာထက် အချိန်မီ မဖြန့်ချိနိုင်အောင် တားမြစ်ပေးစေချင်တယ်။ လုပ်တဲ့သူတွေကိုလည်း ပြင်းထန်စွာ အရေးယူပေးသင့်တယ်။ ရယ်ဒီမိတ်အစားအစာတွေအပြင် အသား၊ ငါး၊ အသီးအနှံတွေကိုပါ စစ်ဆေးပေးရင်ကောင်းမယ်။ အသီးအနှံတွေဆို ဆေးထိုးရောင်းတာ။ အသားတွေဆို ရေထိုးရောင်းတာတွေရှိတယ်။ ဘေးကင်းတဲ့ အစားအသောက်တွေ စားနိုင်အောင် တာဝန်ရှိသူတွေအနေနဲ့ သေချာစိစစ်အရေး ယူပေးစေချင်တယ်။
မခင်သန့်ဇင်
(အိမ်ရှင်မ)ဒဂုံမြို့နယ်
လက်ရှိစားသောက်နေတဲ့ အစားအစာတွေက ဆိုးဆေးတွေ၊ ဓာတု ဆေးတွေနဲ့ ကင်းတယ်လို့တော့ မထင်ဘူး။ ငရုတ်သီးအစိမ်းမှုန့်တို့ အ ကျက်မှုန့်တို့က မမြင်ရဘူးလေ။ မှိုတက်လို့တက်မှန်းမသိရဘူး။ နောက် ပုစွန်ခြောက်တို့၊ လက်ဖက်စားရင်ဒါတွေက မပါမဖြစ်စားနေရတာပဲ။ ဟင်းချက်ရင်လည်း ငရုတ်သီးမှုန့်ကမပါမဖြစ်သုံးနေရတာပဲ။ ပါတယ်ဆို တာသိပေမယ့် မရှောင်နိုင်ဘူး။ တခြားအသီးအနှံတွေ သားငါးတွေကို တော့ ကာကွယ်ပြီးစားတာပေါ့နော်။ ဒီလိုမျိုးအသေးအမွှားလေးတွေကျ တော့ စိုးရိမ်ပေမယ့်လည်း မကာကွယ်နိုင်ဘူး။ အများဆုံးကတော့ ကင် ဆာပေါ့။ လည်ချောင်းကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာတို့က ဒါကဖြစ်တယ်လို့ထင်တာပဲ။ ကိုယ်က ကလေးလည်းရှိတော့ ပဲဆီတို့၊ ကုလားပဲတို့ကျွေးတယ်။ အဲဒီအခါကျရင် တတ်နိုင်သလောက်တော့ သီးနှံဆိုရင်လည်း ဆားရေစိမ်တာတို့၊ ရေနဲ့ သေချာပြုတ်တာတို့လုပ်တယ်။အဓိကကတော့ စိုးရိမ်စိတ်နဲ့ စားနေရတာမဟုတ်ဘဲနဲ့ လုံးဝအန္တရာယ်ကင်းတာတွေ စားရတာတော့ ပိုကောင်းတာပေါ့နော်။ အခုကတော့ စိုးရိမ်နေရတာ။ သစ်သီးတွေဆိုရင်လည်း ဓာတုဆေးတွေသုံးတော့ ဆင်ခြင်စား နေရတာ။ အဲဒီလိုမျိုးတော့ မဖြစ်စေချင်ဘူး။
ဒေါက်တာ ခိုင်မျိုး
ဆေးပညာမဟာသိပ္ပံ (ရောဂါဗေဒ) ဆေးတက္ကသိုလ် မန္တလေး
ဆိုးဆေးပါ ပါကင်လှလှ တရုတ်မုန့်တွေကို မရှင်းနိုင်ချိန်မှာ ပဲကြီး လှော်၊ လက်ဖက်၊ ငါးပိငါးခြောက်လို အခြေခံစားကုန်တွေကပါ ဆိုးဆေး၊အရောအနှောမကင်းအန္တရာယ်ရှိတာတွေ ဖတ်လာရတော့ ဘာပြော ရမှန်းကို မသိတော့ပါဘူး။ လက်ရှိစားနေတဲ့ အစားအစာတွေကို ဆိုးဆေး၊အရောအနှောတာရှည်ခံ ဓာတုဆေးတွေသုံးတာ ကင်းမယ်လို့ လုံးဝမထင် ပါဘူး။ သဘာဝအတိုင်းမဟုတ် တာရှည်ခံရန် ထုတ်ထားတဲ့ ဘယ် အစားအစာကိုမဆို သံသယ၀င်နေမိပါတယ်။ အဲဒီသဘာဝအတိုင်း မဟုတ်တဲ့ အစားအစာတိုင်းက ကျန်းမာရေးကို အနှေးနဲ့အမြန်ဆိုသလို ဆိုးဆိုးရွားရွားထိခိုက်စေမှာ အသေအချာပါပဲ။ နာတာရှည် အသည်းရောဂါ၊ ကျောက်ကပ်ရောဂါရှင်တွေ အဆမတန်ပိုများလာနေတာဟာ သက်သေပါပဲ။ အက်ဖ်ဒီအေကို Pass ဖြစ်ခဲ့ပြီဆိုရင် ရဲရဲဝံ့ဝံ့စားရဲတဲ့စိတ်မျိုး ၀င်လာတဲ့အထိ ဆောင်ရွက်ပေးစေချင်ပါတယ်ဗျာ။ အခုတော့ မစားသင့်မှန်းသိလည်း ရွေးချယ်စရာမရှိ မသိချင်ယောင်ဆောင်စားနေကြရဆဲပဲလို့ပြောချင်ပါတယ်။ တံဆိပ်တပ်၊ လိပ်စာပါအစားအသောက်တွေအပြင်၊ တံဆိပ်မဲ့၊ လက်ဆင့်ကမ်းဈေးကွက်ထဲ ရောင်းနေတဲ့ အစားအစာတွေကို လည်း စစ်ဆေးစေချင်တယ်။ အဲဒီနေရာက စားသုံးသူနဲ့ အနီးဆုံး အန္တရာယ်အပေးဆုံးနေရာပါ။
ဒေါ်တင်လှ
(အိမ်ရှင်မ) ကမ္ဘာအေး
အစားအသောက်တော်တော်များများမှာ ဆိုးဆေးနဲ့ တာရှည်ခံဆေး တွေ သုံးထားတာကို ဈေးကွက်ထဲမှာ တွေ့နေရတယ်။ ဥပမာ- မျှစ်၊ အချဉ်ထုပ်၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ ပုစွန်ခြောက်တွေမှာ ဆိုးဆေးသုံး တာ အများဆုံးတွေ့ရတယ်။ တာရှည်ခံဆေးဆိုရင်လည်း ပဲပြားတို့၊ မုန့် ဖတ်တို့မှာ သုံးတယ်လို့ ကြားတယ်။ အခုခေတ်က ဘယ်အစားအစာမှာ မဆို ဆိုးဆေးနဲ့ တာရှည်ခံဆေးတွေ ပါနိုင်တဲ့အတွက် ကျန်းမာရေးမထိခိုက်အောင် တတ်နိုင်သမျှတော့ ရှောင်ပြီးစားတယ်။ စားသုံးသူတွေဘက်က အစားအသောက်တွေကို စိတ်ချလက်ချစားနိုင်အောင် ရောင်းချသူတွေ အနေနဲ့ ဆိုးဆေးနဲ့ တာရှည်ခံဆေးတွေမပါဝင်ဘဲ ရောင်းပေးစေချင်ပါ တယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့လည်း ဒီလိုရောင်းချနေသူ တွေကို ထိထိရောက်ရောက်အရေးယူမှရမယ်။
ကိုဖြိုးဝေလင်း
(ကွင်းဆင်းဘူမိဗေဒအရာရှိ)
အစားအသောက်တွေမှာ ဆိုးဆေးနဲ့ တာရှည်ခံဖို့ ဓာတုဆေးတွေသုံး ထားတယ်လို့ ထင်ပါတယ်။ ရယ်ဒီမိတ်အစားအစာတွေဖြစ်တဲ့ လက် ဖက်ထုပ်တွေမှာ ပါမယ်လို့ သံသယဖြစ်မိတယ်။ ဆိုးဆေးနဲ့ တာရှည်ခံ တဲ့ အစားအစာတွေကို စားနေရတဲ့အတွက် ကျန်းမာရေးဆိုးဆိုးရွားရွား ဖြစ်လာမှာစိုးရိမ်တယ်။ အချိုမုန့်တွေကို အများဆုံးစားနေရတဲ့အတွက် မှတ်ဉာဏ်ချို့ယွင်းသွားမှာ စိုးရိမ်တယ်။ အစားအသောက်တွေကို လုံခြုံ စွာစားနိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ကျောင်းတွေနဲ့ ရပ် ကွက်တွေမှာ ဈေးရောင်းချသူတွေကို ဆိုးဆေးမသုံးဖို့နဲ့ တာရှည်ခံဖို့အ တွက် ဓာတုဆေးတွေမသုံးကြဖို့ ပညာပေးလုပ်ငန်းတွေလိုက်လံလုပ်ဆောင်ပေးစေလိုပါတယ်။
ဒေါ်လှနှင်း
(အိမ်ရှင်မ)မရမ်းကုန်း
အခုလက်ရှိအစားအသောက်တွေမှာ ဆိုးဆေးတွေနဲ့ တာရှည်ခံဖို့ ဓာတုဆေးသုံးတာတွေ ကင်းတယ်လို့ မထင်ပါဘူး။ မျှစ်၊ ငရုတ်သီးမှုန့် နဲ့ သားငါးတွေမှာ ဆိုးဆေးနဲ့ တာရှည်ခံဖို့ ဓာတုဆေးသုံးတယ်လို့ သံသ ယဖြစ်မိတယ်။ လက်ရှိစားနေတဲ့ အစားအစာတွေမှာ ဆိုးဆေးနဲ့ တာရှည်ခံဖို့ ဓာတုဆေးသုံးတဲ့ အစားအစာတွေကို အနည်းနဲ့အများစားမိတဲ့အတွက် စိုးရိမ်မှုဖြစ်တယ်။ နှလုံးရောဂါနဲ့ အဆီပိတ်မှာကို စိုးရိမ်တယ်။ အစား အသောက်တွေကို လုံခြုံစိတ်ချစွာစားနိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေ က အစားအသောက်တွေမှာ သန့်ရှင်းမှုရှိ၊ မရှိစစ်ဆေးမှုတွေကို အခုထက်ပိုပြီး အားထည့်ပြီး လုပ်ကိုင်စေလိုပါတယ်။
မပန်းနုရောင်
(ဖက်ရှင်ဆိုင်ပိုင်ရှင်)
စားသုံးနေချိန်ကာလတွေမှာတော့ ချက်ချင်းတော့ အာနိသင်မပြ နိုင်ဘူးပေါ့။ ကြာလာတာနဲ့အမျှ ကျန်းမာရေးကို ထိခိုက်လာမှာပါ။ ဖြစ်နိုင်မယ်ဆိုရင် ရေသန့်ကအစ အစစအရာရာစစ်ဆေးပေးသင့်ပါတယ်။ ပြီး ရင် တားမြစ်သင့်ပါတယ်။ ဘယ်အစားအစာကိုမှ မယုံတာ။ နှစ်ပြန်ကြော်ဆိုလည်း ရေသန့်ဘူးထည့်ကြော်တယ်ပြောနေကြတယ်။ ငရုတ်သီးမှုန့်၊ ငါးပိ၊ ကော်ဖီမှုန့်ပစ္စည်းတော်တော်များများက အရောအနှောများတယ်။ စစ်ဆေးရမယ်ဆိုရင် အကုန်လုံးနီးပါးပဲ။
မသန္တာလင်း
(ဖန်စီပစ္စည်းဆိုင်ပိုင်ရှင်) ကမာရွတ်မြို့နယ်။
အခုစားနေတဲ့ အစားအစာတွေမှာ တာရှည်ခံဆိုးဆေးတွေမကင်းဘူး လို့ ထင်ပါတယ်။ ဆီတွေဆိုလည်း ပဲဆီစစ်စစ်ဆိုတာရှားသွားပြီ။ စားအုန်းဆီတွေများလာတယ်။ ဒီနောက်ပိုင်းမှာ တရုတ်ကလာတဲ့ ဆီတွေလည်း အရမ်းများလာတယ်။ ဒီအစားအသောက်တွေကိုပဲ နေ့စဉ်စားနေရတော့ ကိုယ့်ရဲ့ ကျန်းမာရေးကို စိုးရိမ်လာတယ်။ စားအုန်းဆီအရောအနှောတွေစားမိတော့ ပုံမှန်ထက် နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်တဲ့ရောဂါတွေ အသည်းအဆီဖုံးတဲ့ရောဂါတွေ မြန်မြန်ဖြစ်လာနိုင်တယ်။ လူငယ်တွေထက် လူကြီးတွေကို ပိုစိုးရိမ်မိပါတယ်။ ဒါကြောင့် ကျန်းမာရေးအရ အစားအသောက်ပိုင်းမှာ တာဝန်ရှိသူတွေက အခုထက်ပိုပြီး ကြီးကြပ်ကွပ်ကဲပေးကြပါ။ ဈေးတွေမှာ ရောင်းချနေကြတဲ့ ဓာတုဆေးဝါးပါတဲ့ အစားအသောက်တွေကို လည်း ထိထိမိမိဆောင်ရွက်ပေးကြပါလို့လည်း ပြောချင်ပါတယ်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။