ဘယ်တက္ကသိုလ်ကို ရွေးချယ်မှာလဲ

တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သော ကျောင်းသားများ ၀င်ခွင့်ရရှိနေသည့် လမ်းမတော်မြို့နယ်ရှိ ဆေးတက္ကသိုလ် (၁)ကို တွေ့ရစဉ်/ဓာတ်ပုံ - နစ်ကီ
၂၀၁၅ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသည့် ကျောင်းသူ၊ ကျောင်းသားများ အခြေခံပညာကျောင်းတွင် ပညာသင်ကြားလာခဲ့ပြီးနောက် အဆင့်မြင့်ပညာ ကဏ္ဍသို့ ကူးပြောင်းရမည့် အချိန် ကာလသို့ ရောက်ရှိလာပြီဖြစ် သည်။
မိမိတို့၏ တက္ကသိုလ်ဝင်စာမေးပွဲရမှတ် အနည်းအများပေါ် မူတည်၍ ဝါသနာပါရာ အသက်မွေးဝမ်းကျောင်း ဘာသာရပ်ကို ဆက်လက်ရွေးချယ်နိုင်ကာ ရရှိခဲ့သည့်ရမှတ်နှင့် ကိုက်ညီမည့် ဘာသာရပ်ကို ရွေးချယ်ကြရသည့်အချိန်  တစ်ခုလည်း ဖြစ်သည်။
ယခုပညာသင်နှစ်တွင် ထူးခြားမှုတစ်ခုအနေဖြင့် တက္ကသိုလ် များကို ရွေးချယ်ရာ၌ ဒေသကန့်သတ်ချက်မရှိတော့ဘဲ မိမိတို့တက်ရောက်လိုသည့် တက္ကသိုလ်ကို အတိအကျရွေးချယ်တက်ရောက် နိုင်ခွင့် ရရှိမည်ဖြစ်သည်။ ၂၀၁၅တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်တွင် ပါရှိသည့် တက္ကသိုလ်များအနက် မိမိတို့ရရှိသော ရမှတ်များနှင့် ကိုက်ညီနိုင်သည့် တက္ကသိုလ်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ဆေးတက္ကသိုလ်
ဆေးတက္ကသိုလ်ရွေးချယ်မည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ယခုနှစ်တက္ကသိုလ်ဝင် ခွင့်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်ကို အနိမ့်ဆုံးရမှတ် မဖော်ပြထားဘဲ ဝင်ခွင့်လျှောက်ထား သည့် ရမှတ်အများဆုံးမှ သတ်မှတ်ထားသည့် လူဦးရေပြည့်သည် အထိ ဝင်ခွင့်ရွေးချယ်မည်ဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူများ လျှောက်ထားနိုင်ပြီး တက် ရောက်ခွင့်ရရှိသူများသည် သင်တန်းပြီးဆုံးသည်အထိ တက် ရောက်ရမည်ဖြစ်သည်။ ဝင်ခွင့်ရွေးချယ်ရာတွင် အမျိုးသား ၅၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၀ ရာခိုင်နှုန်းဖြင့် သင်တန်းသားဦးရေ ၁,၅၀၀ ဦး ရွေးချယ်မည်ဖြစ်သည်။
ဘွဲ့ရရှိပြီးပါက နိုင်ငံတော်မှ လိုအပ်သည့်အချိန်တွင် နိုင်ငံ့ဝန် ထမ်းအဖြစ် အနည်းဆုံး သုံးနှစ် တာဝန်ထမ်းဆောင်ပါမည်ဟု ဝန်ခံကတိ လက်မှတ်ရေးထိုးရမည် ဖြစ်ပြီး ပျက်ကွက်ပါက လျော်ကြေးငွေ ကျပ် ၁၀ သိန်း ပေးလျော်ရမည်ဖြစ်သည်။ ပြီးခဲ့သည့်ပညာသင်နှစ်တွင် ဆေးတက္ကသိုလ်ဝင်ခွင့်ရရှိသည့် အနိမ့်ဆုံးရမှတ်သည် အမျိုးသား ၄၈၆မှတ်နှင့် အမျိုးသမီး ၅၀၅မှတ်ဖြင့် ဝင်ခွင့်ရရှိခဲ့သည်။ သွားဘက်ဆိုင်ရာတက္ကသိုလ်များသို့ ဝင်ခွင့်ဦးရေကို အမျိုးသား ၆၀ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၄၀ ရာခိုင်နှုန်း လက်ခံမည်ဖြစ်ပြီး ဘွဲ့ရရှိပြီးပါက နိုင်ငံတော်မှ လိုအပ်သည့် အချိန်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး သုံးနှစ်တာဝန် ထမ်းဆောင်မည်ဟု ဝန်ခံကတိလက်မှတ်ရေးထိုးရမည်ဖြစ်သည်။ ပြီးခဲ့သည့်ပညာသင်နှစ်တွင် သွားဘက်ဆိုင်ရာတက္ကသိုလ်သို့ အမျိုးသား ၄၅၆ မှတ်နှင့် အမျိုးသမီး၄၉၅ မှတ်ဖြင့် ဝင်ခွင့်ရရှိခဲ့သည်။
ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်
ရန်ကုန်နှင့် မန္တလေးတက္က သိုလ်ဝင်ခွင့်အတွက် သတ်မှတ်ချက်ကို ယမန်နှစ်ထက် လျှော့ချ၍ အမြင့်ဆုံးရမှတ် ၄၇၅ မှတ်နှင့် ဝင်ခွင့် လျှောက်ထားနိုင်သည်။
ရန်ကုန်တက္ကသိုလ်တွင် ဘာသာရပ်တစ်ခုလျှင် ကျောင်းသား ဦးရေ ၅၀ ဖြင့် စုစုပေါင်း ၁,၁၀၀ ဦးနှင့် မန္တလေးတက္ကသိုလ်တွင် ဘာသာရပ်တစ်ခုလျှင် ၇၅ ဦးဖြင့် စုစုပေါင်း ၁,၅၇၅ ဦးခေါ်ယူမည်ဖြစ်  သည်။
ယခုနှစ် ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်အမြင့်ဆုံးမှာ အင်္ဂလိပ်စာဘာသာရပ်ဖြစ်ပြီး အနိမ့်ဆုံး ရမှတ် ၄၇၅မှတ် သတ်မှတ်ထားပြီး ၎င်း၏ နောက်တွင် ရမှတ် ၄၅၀ နှင့် အ ထက်ဖြင့် ဥပဒေပညာ၊ နိုင်ငံတကာ ဆက်ဆံရေး၊ ကွန်ပျူတာသိပ္ပံနှင့် နိုင်ငံရေးသိပ္ပံဘာသာရပ်တို့ကို လျှောက်ထားနိုင်သည်။ ရန်ကုန်နှင့် မန္တလေးတက္က သိုလ် တွင် ယမန်နှစ် ပညာသင်နှစ် ၌ ဘာသာရပ် ၂၁ ခုအတွက် ဝင်ခွင့် များ ခေါ်ယူခဲ့ပြီးနောက် ယခုနှစ်တွင် စာကြည့်တိုက်နှင့် သုတပညာဘာသာရပ်ကို တိုးမြှင့်သင် ကြားခဲ့သည်။
ရန်ကုန်နှင့် မန္တလေးနည်းပညာတက္ကသိုလ် (Centre of Excellence - CoE)
ရန်ကုန်နှင့် မန္တလေးနည်းပညာတက္ကသိုလ်သည် နှစ်စဉ် ကျောင်းသူ၊ ကျောင်းသားများ စိတ်ဝင်တစား လျှောက်ထားကြပြီး ဝင်ခွင့်အမှတ်လည်း မြင့်မားခဲ့သည်။
ယခုနှစ် ရန်ကုန်နှင့် မန္တ လေးနည်းပညာတက္ကသိုလ်ဝင်ခွင့် အမှတ်မှာ အနိမ့်ဆုံးရမှတ် ၄၈၀သတ်မှတ်ထားပြီး ဝင်ခွင့်ရွေးချယ်ရာတွင် အမျိုးသားဦးရေ ၅၀ ရာခိုင်နှုန်းနှင့် အမျိုးသမီးဦးရေ ၅၀ ရာခိုင်နှုန်းစီဖြင့် တက္ကသိုလ် တစ်ခုလျှင် သင်တန်းသားဦးရေ ၃၀၀ စီလက်ခံမည်ဖြစ်သည်။ ပြီးခဲ့သည့်ပညာသင်နှစ်တွင် ရန်ကုန်နည်းပညာတက္ကသိုလ် (CoE) ဝင်ခွင့်ရရှိသည့် အနိမ့်ဆုံးရမှတ်မှာ အမျိုးသား ၅၀၉ မှတ်နှင့် အမျိုးသမီး ၄၉၈ မှတ်ဖြင့် ဝင်ခွင့်ရရှိခဲ့ပြီး မန္တလေးနည်းပညာတက္ကသိုလ်သို့ အမျိုးသား ၄၈၅ မှတ်နှင့် အမျိုးသမီး ၄၈၀ မှတ်ဖြင့် ဝင်ခွင့်ရခဲ့သည်။
နည်းပညာတက္ကသိုလ်
ယခုပညာသင်နှစ်အတွက် ထူးခြားမှုအနေဖြင့် နည်းပညာတက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူသည် မိမိလျှောက်ထားလိုသည့် နည်းပညာတက္ကသိုလ်အမည်နှင့် တက္ကသိုလ်တည်ရှိရာမြို့များကို ဦးစားပေး အစီအစဉ်အလိုက် ထည့်သွင်းရေးသားရမည် ဖြစ် သည်။
ဝင်ခွင့်ရွေးချယ်ရာတွင် အမျိုးသားဦးရေ ၆၀ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၄၀ ရာခိုင်နှုန်းဖြင့် လက်ခံမည်ဖြစ်သည်။ ပြီးခဲ့သည့်ပညာ သင်နှစ်တွင် နည်းပညာ တက္ကသိုလ်များသို့ အမျိုးသား ၄၁၂ မှတ်နှင့် အမျိုးသမီး ၄၁၈ မှတ်ဖြင့် ဝင်ခွင့် ရရှိခဲ့သည်။
ကွန်ပျူတာတက္ကသိုလ်
အဆင့်မြင့် ကွန်ပျူတာတက္က သိုလ် ( Centre of Excellence -CoE)ဖြစ်သည့် ရန်ကုန်ရှိ သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်အတွက် အနိမ့်ဆုံးရမှတ်၄၅၀ ဖြစ်ပြီး မန္တလေးကွန်ပျူတာ တက္ကသိုလ်အတွက် အနိမ့်ဆုံး ရမှတ် ၄၂၀ မှတ်ဖြစ်သည်။ တက္ကသိုလ်တစ်ခုစီတွင် ကျောင်းသားဦးရေ ၂၀၀ ဦးစီ လက်ခံမည်ဖြစ်ပြီး သင်တန်းကာလ ငါးနှစ်တက်ရောက်ရမည်ဖြစ်သည်။
ပြီးခဲ့သည့်ပညာသင်နှစ်တွင် အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ်များသို့ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ် ၄၈၀ ဖြင့် ဝင်ခွင့်ရရှိခဲ့သည်။ ကျန်ကွန်ပျူတာတက္ကသိုလ်များသို့ ဝင်ခွင့် လျှောက်ထားသူများသည် မိမိလျှောက်ထားလိုသည့် နည်း  ပညာတက္ကသိုလ်အမည်နှင့် တက္ကသိုလ်တည်ရှိရာမြို့များကို ဦးစား ပေးအစီအစဉ်အလိုက် ထည့်သွင်းရေးသားရမည်ဖြစ်သည်။
ပြီးခဲ့သည့်ပညာသင်နှစ်တွင် ကွန်ပျူတာတက္ကသိုလ်များသို့ ၃၆၅ မှတ်ဖြင့် ဝင်ခွင့်ရရှိခဲ့သည်။
စီးပွားရေးတက္ကသိုလ်
ထူးခြားမှုအနေဖြင့် စီးပွားရေးတက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ်ဝင်စာမေးပွဲတွင် မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူတိုင်း လျှောက်ထားနိုင်ပြီဖြစ် သည်။ သို့သော် ဘာသာရပ် အသီးသီးတွင် ရမှတ် ၅၀ မှတ်နှင့်အထက် ရရှိပြီး စုစုပေါင်းရမှတ် ၃၅၀နှင့်အထက်ရှိရမည်ဖြစ်သည်။ ဝင်ခွင့်ဦးရေအနေဖြင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ကျောင်းသားဦးရေ ၁,၂၀၀ ဦး၊ မုံရွာစီးပွားရေးတက္ကသိုလ်တွင် ကျောင်းသားဦးရေ ၁,၀၀၀ ဦးနှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ကျောင်းသားဦးရေ ၇၅၀ ဦးကို ဝင်ခွင့်လက်ခံမည် ဖြစ်သည်။ ပြီးခဲ့သည့်ပညာသင်နှစ်က ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ၄၀၃ မှတ်၊ မိတ္ထီလာတွင် ၃၇၁ မှတ်နှင့် မုံရွာတွင် ၃၅၀ မှတ်ဖြင့် ဝင်ခွင့်ရရှိခဲ့သည်။
ပညာရေးတက္ကသိုလ်
ရန်ကုန်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အမျိုးသား ၅၀ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၀ရာခိုင်နှုန်းဖြင့် ကျောင်းသားဦးရေ ၃၀၀ ဦးစီ လက်ခံမည်ဖြစ်ပြီး စုစုပေါင်း ၆၀၀ ဦး လက်ခံမည်ဖြစ် သည်။ အဆိုပါ ၆၀၀ ဦးတွင် သိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူ ၃၀၀ဦး၊ ဝိပ္ပံဘာသာတွဲနှင့် ဝိဇ္ဇာဘာသာ တွဲဖြင့် အောင်မြင်သူ ၁၅၀ ဦးစီလက်ခံမည်ဖြစ်သည်။ ပြီးခဲ့သည့်  ပညာသင်နှစ်တွင် ပညာရေးတက္က သိုလ်များသို့ သိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူ အမျိုးသား ၄၄၈မှတ်နှင့် အမျိုးသမီး ၄၇၄ မှတ်၊ ဝိပံ္ပဘာသာတွဲဖြင့် အောင်မြင်သူ ၄၅၃မှတ်နှင့် ဝိဇ္ဇာဘာသာတွဲ အမျိုးသား၄၂၀ မှတ်နှင့် အမျိုးသမီး ၄၄၀ မှတ်တို့ဖြင့် ဝင်ခွင့်ရရှိခဲ့သည်။  တိုက်ရိုက်လျှောက်ထားရမည့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၊ ရန်ကုန်စီးပွားရေးတက္က သိုလ် (လှိုင်နယ်မြေ)၊ အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်၊ မန္တလာကောလိပ်၊ စိုက်ပျိုးရေး တက္ကသိုလ်(ရေဆင်း)၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း)၊ သစ်တောတက္ကသိုလ်(ရေဆင်း)၊ မြန်မာသတင်းအချက်လက်နှင့် နည်းပညာတက္ကသိုလ်(မန္တလေး)၊ သမဝါယမတက္ကသိုလ်နှင့် ကောလိပ်များ၊ ယွန်းပညာကောလိပ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များသည် သတင်းစာ များတွင် သီးခြား ကြေညာ၍ လျှောက်လွှာ ခေါ်ယူမည်ဖြစ် သည်။ ၂၀၁၅ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်မှ ကျောင်းသူ၊ကျောင်းသားများ စိတ်ဝင်စားမှု အများဆုံးဖြစ်မည့် တက္ကသိုလ်အချို့၏ ဝင်ခွင့်ရွေးချယ်မှုများကို ရွေးချယ်ဖော်ပြခဲ့ပြီး တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရာတွင် မိမိတို့ ဝါသနာနှင့် ထပ်တူကျမည့် ဘာသာရပ်များကို ရွေးချယ်သင်ကြားနိုင်ကြပါစေ။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။