အမျိုးသားသစ္စာဖောက်လို့ သတ်မှတ်တဲ့ သူတွေဟာ ဘာလဲ၊



၂၀၁၂ ခုနှစ် နောက်ပိုင်းမှ ပေါ်လာတဲ့ သူတွေက အမျိုးသားသစ္စာဖောက်လို့ ပြောရအောင် ဘယ်သူတွေမို့လို့လဲ
-----------------------------
“ ရှေးကျတဲ့ တကိုယ်ကောင်းဆန်တဲ့ အတွေးအခေါ်တွေကို ပြောင်းလဲပြီး စကားပြောဆင်ခြင်သင့်ပြီ၊ မဟုတ်ရင် တပြည်နယ်လုံး ညီလာခံခေါ်ပြီးတော့ အမျိုးသားသစ္စာဖောက်လို့ ပြန်သတ်မှတ်ရလိမ့်မယ်။ ”


မိုးဇော်မြင့် - News Article

အခုတလော ရခိုင်ပြည်နယ်မှာ ရုတ်ရုတ်ရဲရဲဖြစ်အောင်၊ အဆင်းရဲဆုံးဖြစ်နေတဲ့အထဲက ပိုပြီး ဆင်းရဲမှုကို သက်တမ်းရှည်စေတဲ့ ဆိုးရွာတဲ့ ရေကြီးမှု ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီအထဲမှာ ပြည်သူ ၂၅၀၀၀ လောက်ဟာ အစာရေစာ မလုံလောက်မှုတွေ၊ နေထိုင်စရာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ ပိုဆိုးတာက လယ်ယာမြေကို အဓိကထားပြီး လုပ်ကိုင်နေရတာမှာ ရေကြီးတာကြောင့် လယ်ယာမြေဧက ၅ သိန်းကျော် ပျက်စီးသွားပါတယ်။ ရခိုင်ပြည်နယ်ဟာ ဆင်းရဲတွင်းနက်ကို ပိုပြီးရောက်သွားသလိုပါပဲ။

ဒီလောက် ရခိုင်ပြည်နယ်မှာ အားလုံးသူအတွက် အရေးကြီးနေတဲ့ အချိန်မှာ ဒီထက်အရေးကြီးတဲ့ ရခိုင်ပြည်နယ် အနာဂတ် ရှေ့ဆက်ရမယ့်လမ်းအတွက် ကိစ္စတစ်ခုလည်း ပေါ်လာပါတယ်။ ဒါကတော့ ရခိုင်ပြည်နယ် နိုင်ငံရေးမှာ အချင်းချင်း မကျေမနပ်မူတွေ၊ ပြည်သူတွေရဲ့ သြဇာခံချင်တဲ့ အာဏာ၊ လုပ်ပိုင်ခွင့်တွေကို လုနေကြတာတွေ၊ ပြည်သူတွေကို အသုံးချပြီး ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်နေကြတဲ့ စတဲ့အကြောင်းအရာတွေ ဖြစ်ပါတယ်။

အဓိကတော့ လူ ၁၀ ကျော် (သို့မဟုတ်) အဖွဲ့အစည်း ၂၀ တောင်မပြည့်တဲ့ လူအုပ်စုတခုက “ရဟန်းရှင်လူပြည်သူပေါင်းစုံ” ဆိုတဲ့ စကားကို သုံးပြီးတော့ ရခိုင်ငံရေးမှာ အမျိုးသားရေးအတွက် အသက်နဲ့ ထပ်တူ ပေးဆပ်လာတဲ့ ခေါင်ဆောင်တွေကို ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်အောင်၊ အချင်းချင်း ကြားမှာ ပြဿနာတွေ တိုးပွားအောင် လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။

အဲဒီလူတစုက “ရဟန်းရှင်လူပြည်သူပေါင်းစုံပါဝင်တဲ့ ရခိုင်လူထုအစည်းအဝေး”ဆိုပြီး ခေါင်းစဉ်တပ်ကာ အမျိုးသားရေး ခေါင်းဆောင်ကြီးတစ်ဦးဖြစ်တဲ့ စာရေးဆရာလည်းဖြစ်၊ ရခိုင်အမျိုးသားပါတီရဲ့ စီအီးစီအဖွဲ့ဝင်လည်း ဖြစ်တဲ့ ဆရာဦးဦးလှစောကို ပြည်သူ့ခေတ်ဂျာနယ်မှာ စည်သူအောင်မြင့်နှင့် အင်တာဗျူးမှာ ရိုဟင်ဂျာ ဆိုတဲ့စကားနဲ့ အတူယှဉ်တွဲနေထိုင်ရေးကို သုံးနှုန်းပြောဆိုထားတယ်ဆိုပြီး ကန့်ကွက်ရှုတ်ချထားပါတယ်။ နောက်နောင်ထပ်သုံး ရင် အမျိုးသားသစ္စာဖောက်လို့ သတ်မှတ်မယ်ဆိုပြီးတော့ သြဂုတ်လ ၉ ရက်နေ့ ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်ကို ထောက်ခံဆွေးနွေးခဲ့တဲ့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ရဟန်းတော်များအဖွဲ့ဝင်လည်းဖြစ်၊ စစ်တွေမြို့ သာသနာ့ရံသီ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်လည်းဖြစ် ဦးဓမ္မိက အခုလိုပြောပါတယ်။
“ရခိုင်တစ်မျိုးသားလုံး ရဟန်းရှင်လူတွေက ဒီရိုဟင်ဂျာဆိုတဲ့စကားကို လုံးဝလက်မခံဘူးလေ။ နိုင်ငံတော်သမ္မတ ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိ ၊ ဦးဇင်းတို့ရဟန်းရှင်လူတွေ ရခိုင်ပြည်သူ၊ ပြည်သားတွေကလည်း ရခိုင်ပြည်မှာ လုံးဝရိုဟင်ဂျာဆိုတာ မရှိ၊ ဘင်္ဂလီပဲရှိတယ်။

အဲဒါကို ဆရာဦးလှစောက ထပ်တစ်လဲလဲ စည်သူအောင်မြင့်နဲ့ အမေးအဖြေလုပ်တုန်းက (ရိုဟင်ဂျာ)၂ ဆိုပြီးတော့ သုံးနှုန်းထားတယ်။ အဲ့ဒီထဲမှာလဲ သူသုံးတဲ့စကားနဲ့၊ ရိုဟင်ဂျာထဲမှာလည်း တစ်ကယ့်အစွန်းရောက်တဲ့ ရိုဟင်ဂျာရှိသလို သာမန်အားဖြင့်လည်း ရိုဟင်ဂျာရှိတယ်ဆိုတဲ့စကားကို သူကသုံးနှုန်းထားတယ်။ မသိကျိုးကျွန်ပြုပြီးတော့ ရိုဟင်ဂျာဆိုတဲ့စကားလုံးကို တရားဝင်အနေနဲ့ သုံးချင်တဲ့သဘောနဲ့ အစွန်းရောက်၊ အစွန်းမရောက် ဆိုပြီး ခွဲပြီးတော့ လုပ်တယ် ဦးဇင်းတို့က ရိုဟင်ဂျာမရှိ ၁၉၈၂ ခုနှစ် ဥပဒေနဲ့ အကောင်အထည်မဖော်ဘဲနဲ့ ကတော့ အတူတကွ နေထိုင်ရေးဆိုတဲ့မူကို တရားဝင်အနေနဲ့ ဖော်ဆောင်လို့ကတော ဦးဇင်းတို့တော့ ကလုံးဝသဘောမကျပါ။ ” လို့ ဆိုပါတယ်။
အမှန်တကယ်တော့ သူတို့စွပ်စွဲတဲ့အတိုင်း မဟုတ်ဘဲ၊ သူတို့အုပ်စုတခုဟာလည်း ရခိုင်ပြည်သူ တစ်ရပ်လုံးကို ကိုယ်စားပြုတာမဟုတ်ဘူးလို့ သိရပါတယ်။ အဲဒီထုတ်ပြန်အချက်အပေါ်မှာ ဆရာဦးဦးလှစောက အခုလိုပြောကြားပါတယ်။

“ကျနော့်အင်တာဗျူးနဲ့ ပတ်သတ်ပြီးတော့ ဝိဝါဒကွဲပြားပြီးတော့ တန်ပြန်လှုပ်ရှားမှုတွေ ဖြစ်တယ်လို့သိရတယ်။ အမှန်ကတော အကုန်လုံး သိပြီးသားပါ။ ကျနော်လည်း တောက်လျှောက် ဒီဘင်္ဂလီရိုဟင်ဂျာတွေကို ရှုပ်ချပြီးတော့ တိုက်လာတာ နိုင်ငံတကာစင်မြင့်ထက်မှာ၊ သံတမန်လောကထဲမှာပါ ကျနော်တိုက်လာတာပဲ။ သို့သော် ဒီလိုအကျအနကောက်ပြီးတော့ တိုက်ခိုက်တာမျိုးကတော့ ကျနော်အနေနဲ့တော့ ဒါမဖြစ်သင့်၊ နောက် ရခိုင်ပြည်သူ တစ်ရပ်လုံး ဖီးဒုက္ခသင့်(ရောက်)နေတဲ့အချိန်မှာ စစ်တွေမြို့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ လူတွေကိုစုပြီးတော့ အမျိုးသားသစ္စာဖောက် တံဆိပ်ကပ်တယ်။ ဘာညာဆိုတာကတော့ ဒါဟာ နိုင်ငံရေးလုပ်ကြံမှုတစ်ခုလို့ပဲ ကျနော်ယူဆပါတယ်။ အမှန်ကတော့ ကျနော်တို့ ဒီမိုကရေစီကို ယုံကြည်တယ်ဆိုရင် လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းဆွေးနွေးပါ။ ဆွေးနွေးသင့်ပြီးတော့ ကုလားပြဿနာကို ဘယ်လိုဖြေရှင်းကြမှာလဲ အဖြေရှာကြမယ်။ အခုအဖြေမရှိဘဲ ဟိုလူ့ကိုအပြစ်ချ ဒီလူ့ကိုအပြစ်ချ လုပ်တာကတော့ ကျွန်တော်တို့ အမြဲတမ်းပြောနေတဲ့ အမျိုးသားစည်းလုံးမှုကို ပြိုကွဲစေချင်တယ်။ ပြိုကွဲဖို့ တမင်လုပ်နေတဲ့ လုပ်ရပ်တွေလို့ ကျွန်တော်မြင်တယ်။ ဒီလုပ်ရပ်မှာတွေမှာလည်း တာဝန်ရှိတဲ့လူ ခေတ်ပညာတတ် ၃၊ ၄ ယောက်ပါရှိတယ်။ ကျွန်တော် နာမည်မပြောလိုပါဘူး။ သို့သော် အားလုံးသိပါတယ်၊ အရင်တုန်းကလည်း Development ဂျာနယ်ကို ကျွန်တော်တို့ တန်ပြန်တိုက်ခိုက်တဲ့ လှုပ်ရှားမှုတွေ၊ တကယ့် လူငယ်ဂျာနယ်လစ်တစ်ယောက်ကို ခြိမ်းခြောက်တယ်၊ စော်ကားတယ်။

လှုပ်ရှားမှုတွေကိုလည်း ဒီ ၃၊၄ ယောက်ကပဲ ဦးဆောင်ပြီးလုပ်တာ။ ဒီလုပ်ဟာ ရခိုင်ပြည် အကျိုးစီးပွါးရေးအတွက် ဘာတစ်ခုမှကျိုးမရှိပါ၊ ကျွန်တော်ကတော့ နိုင်ငံရေးမှာ အတိုက်အခိုက်တော့ ဖြစ်တတ်တဲ့သဘာဝရှိတတ်ပါတယ်။ သို့သော် ဒီအမှုအကျင့်ကတော့ ဖျောက်ရပါဖို့၊ အကျိုးမရှိပါ။ ” လို့ ပြောပါတယ်။

အဲဒီလူတစုထဲမှာ စစ်တွေမြို့က စည်းကမ်းထိန်းသိမ်းရေးနဲ့ ရဟန်းတော်များအဖွဲ့က ဦးဆောင် သံဃာတော်တွေ၊ စစ်တွေမြို့ မိမြို့ဖအဖွဲ့ဝင်ဖြစ်တဲ့ ဦးသာပွင့်၊ ဦးသန်းထွန်း၊ ရခိုင်အမျိုးသားပါတီက ဦးကျော်ဇော်ဦးနဲ့ တခြားအဖွဲ့အစည်းငယ်တွေက ဦးဆောင်သူတွေ ပါဝင်တယ်လို့ သိရပါတယ်။ သူတို့မှာ အဖွဲ့အစည်းတွေဆိုပေမယ့် တကယ့်စနစ်တကျ တည်ဆောက်ထားတဲ့ အဖွဲ့အည်းတွေ မဟုတ်ဘူး။ သူတို့ပြောဆိုတဲ့ စကားဟာလည်း ရခိုင်ပြည်သူလူထုတစ်ရပ်လုံး သဘောထားမဟုတ်ဘူး။ သူတို့ဟာ ရခိုင်အမျိုးသား စည်းလုံးညီညွှတ်ရေးကို ပျက်ပြားစေတဲ့ အပြုအမူကို လုပ်ဆောင်နေကြတယ်။ ပြီးတော့ အဲဒီအထဲက မြို့မိမြို့ဖဆိုတဲ့သူတွေဟာ အစိုးရကိုလည်း မုန်းတီးအောင် ပြောတယ်၊ အစိုးရဆီကလည်း ပိုက်ဆံတွေ၊ ကားတွေ၊ အဆောင်အယောင်တွေကို ယူကြတယ်၊ သူတို့ကို ရခိုင်အမျိုးသားရေးထဲမှာ ဘယ်လိုယုံရမလဲလို့ ရခိုင်ခေါင်းဆောင်ကြီးတွေက ပြောဆိုနေကြပါတယ်။

အမျိုးသားသစ္စာဖောက်လို့ သတ်မှတ်တဲ့ သူတွေဟာ ဘာလဲ၊ ဘယ်လိုလူစားမျိုးတွေလဲ၊ ရခိုင်အမျိုးသားရေးထဲမှာ ဘယ်လောက်ထိ ပေးဆပ်ပြီးပြီလဲ၊ ဘယ်လောက်ထိ လုပ်ပြီးပြီလဲ၊ ဒီနေ့ မနက်ဖန် (ကုလားအရေးအခင်း ၂၀၁၂ ခုနှစ် နောက်ပိုင်း) မှ ပေါ်လာတဲ့ သူတွေက အမျိုးသားသစ္စာဖောက်လို့ ပြောရလောက်အောင် ဘယ်သူတွေမို့လို့လဲ၊ ပထမဆုံး အမျိုးသစ္စာဖောက်လို့ သတ်မှတ်ခံခဲ့ရဖူးတဲ့ ရခိုင်လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးက မေးခွန်းထုတ်လိုက်ပါတယ်။

ပြီးတော့ သူတို့ဟာ မပြောပါးလောက်တဲ့ လူတစ်ချို့နဲ့ သံဃာတော်တွေကို ရှေ့တန်းအဖြစ်ထားပြီးတော့ ရခိုင်နိုင်ငံရေးထဲမှာ အချင်းချင်း ပြဿနာကို ကြီးပွားအောင် သွေးထိုးမှုတွေ၊ နောက်ကွယ်က ကြိုးကိုင်မှုတွေ လုပ်နေကြတာဖြစ်တယ်လို့ အမျိုးသားသစ္စာဖောက်အဖြစ် သတ်မှတ်ခံခဲ့ရဖူးတဲ့ စာရေးဆရာ အောင်ရဲလင်းက အခုလို ပြောပါတယ်။

“ လက်ရှိ ရခိုင်နိုင်ငံရေးမှာ အထူးသဖြင့် တစ်ဖက်နိုင်ငံကဝင်လာတဲ့ နိုင်ငံသားတွေနဲ့ ပတ်သက်ပြီးတော့ ရခိုင်နိုင်ငံရေးမှာ အတွင်းကျကျ ဦးဆောင်နေတဲ့ လူတန်းစားတစ်ရပ်က ဖျက်လိုဖျက်စီးနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားထက် သူတို့အကျိုးစီးပွားကို တည်ဆောက်ဖို့အတွက်နေပြီးတော့ အသုံးချတဲ့ နည်းလမ်းတွေကို အသုံးပြုလာကြတာကို တွေ့လာရတယ်။ မီဒီယာလွတ်လပ်ခွင့်ကိုပါ သူတို့က တကယ့်ကို ပိတ်ပင်လာတယ်၊ ရခိုင်ပြည်သူလူထု ဆိုပြီးတော့ နာမည်ခံထားတဲ့ လူ ၄၊ ၅ ဆယ်လောက်ကို ကိုယ်စားပြုတဲ့ ပြည်သူကို ကိုယ်စားပြုတဲ့ ပြည်သူကတော့ စစ်မှန်တဲ့ ပြည်သူဟုတ်မှာတော့ မဟုတ်ဘူး။

ပိုမိုပြီးတော့ တည်ငြိမ်မှုတစ်ခုကို မရောက်လာဖို့အတွက် လုပ်ထားရာကျတယ်လို့မြင်တယ်၊ သူတို့ဆီက ထုတ်ပြန်လာတဲ့ အရေးအသား တွေဟာ တစ်ကယ့်နိုင်ငံရေးထဲမှာ နက်နက်ရှိုင်းရှိုင်းပါဝင်နေတဲ့ လူတွေရဲ့ ရေးသားရေးဟန်တွေဖြစ်နေတော့ ဒါတွေဟာ ဆရာတော်ကြီးတွေ ရေးသားတာလုံးဝ မဖြစ်နိုင်လို့ ယူဆရတယ်၊ အတည်ပြုလို့ မရနိုင်သေးတဲ့ သတင်းတွေအရ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကိုနေပြီးတော့ နောက်ကွယ်က ကြိုးကိုင်နေတဲ့လူတွေ၊ ခေါင်းဆောင်တွေလည်း နေပြီးတော့ ရခိုင်အမျိုးသားပါတီထဲမှာသည်သာလျှင် ရှိတယ်လို့လည်း သတင်းတွေရထားတယ်၊ ကျွန်တော်တို့ အတည်ပြုလို့ခက်ပါလိမ့်မယ်။ ” လို့ ပြေပါတယ်။

လက်ရှိ စစ်တွေမြို့က စည်းကမ်းထိန်းသိမ်းရေးနဲ့ ရဟန်းတော်များအဖွဲ့မှာ အရေးအခင်းဖြစ်တ့အချိန်က ပြဿနာတွေကို အချိန်မီ တားဆီးနိုင်ရေးကို ဦးတည်ပြီး ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ အခုအရေးအခင်းလည်းပြီးပြီဖြစ်တဲ့အတွက် အဲဒီအဖွဲ့အစည်းမှာ နောက်ထပ်မလိုအပ်တော့ဘဲ ပြန်ပြီးဖျက်သင့်နေပြီလို့ ဆရာအောင်ရဲလင်းက ဆိုပါတယ်။

ဆက်လက်ပြီး ရခိုင်နိုင်ငံရေးထဲမှာ တက်တက်ကြွကြွ လက်ရှိအချိန်ထိ ပါဝင်ဆောင်ရွက်နေတဲ့ ၀ံလက်ဖောင်ဒေးရှင်းက ဒါရိုက်တာအဖွဲ့ဝင် ဦးခိုင်ကောင်းစံကိုလည်း ဘင်္ဂလီတွေနဲ့ ညစာစားတယ်ဆိုပြီး အမျိုးသားသစ္စာဖောက်လို့ သတ်မှတ်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဦးခိုင်ကောင်းစံက အခုလိုပြောဆိုထားပါတယ်။

“ ကျွန်တော်တို့က ဘာတုန့်ပြန်ချင်လဲဆိုရင် စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းပျိုများအဖွဲ့ စစ်တွေမြို့နဲ့ စစ်တွေမြို့ပေါ်ရှိ လူမှုအဖွဲ့စည်းများဟာ ကျွန်တော်တို့နဲ့ တစ်စုံတစ်ရာ ထိတွေ့ပြောဆိုမှုမလုပ်၊ နောက်ပြီးတော့ ကျွန်တော်တို့ဟာ ကုလားနဲ့ သူတို့ တစ်ဖက်သတ်စွပ်စွဲ သလို ကုလားနဲ့ပေါင်းပြီး အတူတကွ နေထိုင်လိုတဲ့အကြောင်း သွားဆွေးနွေးခြင်းမဟုတ်။ တစ်ဖက်သတ် ထုတ်ပြန်တဲ့ထုတ်ပြန်မှုဟာ ကျွန်တော်တို့ လုပ်ဆောင်လာတဲ့ အမျိုးသားရေး လမ်းကြောင်း၊ လူမှုရေးလမ်းကြောင်းတွေကို ထင်ယောင်ထင်မှားဖြစ်စေတယ်။ ဒါဟာ ဥပဒေနဲ့လည်းမညီ နောက်နောင် ကျွန်တော်ကတော့ ဒီလိုသာထုတ်ပြန်မယ်ဆိုရင် ကျွန်တော့်အနေနဲ့ ဥပဒေကြောင်းအရ တရားစွဲဆိုဖို့အပိုင်း ကျွန်တော့် ပုဂ္ဂိုလ်ရေးအရ ကျွန်တော်ကတော့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ”

ရခိုင်အမျိုးသားပါတီ ဆရာဦးဦးလှစောနဲ့ စည်သူအောင်မြင့် အင်တာဗျူးမှာ အဓိက ဘာကိုဆိုလိုတာကိုလည်း ပြည်သူတစ်ဦးဖြစ်တဲ့ စစ်တွေမြို့ ဒေသခံ ကိုဝေဟင်အောင်က အခုလိုပြောပါတယ်။

“အင်တာဗျူး တစ်ခုလုံးမှာ ခြုံငုံကြည့်လိုက်တော့ တောင့်ပေါင်းစုံနဲ့ ရှုဒေါင့်ပေါင်း မြောက်များစွာပါတာကိုတွေ့ရတယ်။ ပြဿနာတစ်ခုရဲ့ အဖြေကို ရှာနိုင်လောက်အောင်ထိ အဲဒီအမေးအဖြေထဲမှာတွေ့ရတယ်။ နိုင်ငံရေးတစ်ခုရဲ့ အကျပ်အတည်းထဲက နိုင်ငံရေးတစ်ခုလုံးရဲ့ဖက်ပေါင်း (ထွက်ပေါက်) ဆွဲခေါ်သွားတဲ့ ပညာရှင်တစ်ယောက် အမြင်ပါတာကို ကျွန်တော့် အနေနဲ့တွေ့ရတယ်။ အမျိုးသား သစ္စာဖောက်ဆိုရင် လူမျိုးတစ်မျိုးလုံးပါတယ်၊ ရခိုင်ပြည် တစ်ပြည်နယ်လုံးက လူမျိုးတစ်မျိုးတည်းမဟုတ် ရခိုင်လို့ခံထားတဲ့ ဧရာဝတီကရခိုင်၊ ဘင်္ဂလားဒေ့ရ်နိုင်ငံကရခိုင်၊ အိန္ဒိယနိုင်ငံကရခိုင်၊ ဒီရခိုင်တွေ အားလုံးအပေါ်သက်ဆိုင်တယ်။

ဒီရခိုင်ဆိုတဲ့စကားလုံးက၊ ဒီရခိုင်ဆိုတဲ့ စကားလုံးတစ်ခုပေါ်မှာ ဘယ်အချက်ကိုကျူးလွန်မှ ဘာသစ္စာဖောက်လို့၊ ဘယ်နေ့ ဘယ်ရက်က ဘယ်ညီလာခံအရ ဘယ်စိတ်ဓါတ်အရ လုပ်ထားလဲဆိုတဲ့ မေးခွန်းမျိုးလည်း ကျွန်တော် ထုတ်ဖို့လိုတယ်လို့ထင်တယ်၊ လူတစ်စုက နေပြီးတော့ ထင်သလိုသုံးနေတယ်ဆိုတာက လူမျိုးတစ်မျိုးအပေါ်မှာ အလွန်အကျူး မလိုလားအပ်ပဲ အသုံးချနေတယ်လို့ ကျွန်တော်ကမြင်တယ်။”

အခုအချိန်မှာ ရခိုင်ပြည်နယ်မှာ ကုလားထက် အရေးကြီးတဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။ အခု ရခိုင်ပြည်နယ်မှာ ရေဘေးအန္တရာယ်လိုမျိုး၊ နောက် မြန်မာနိုင်ငံထဲမှာ တခြားတိုင်းနဲ့ ပြည်နယ်တွေနဲ့အတူ တန်းတူအခွင့်အရေးတွေ ရရှိဖို့၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ဖို့၊ တခြား ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးပိုင်းတွေမှာ လုပ်ရမယ့် အလုပ်တွေ အများကြီးရှိပါတယ်။ ဒါကို မျက်ကွယ်ပြုပြီး ကုလားကိစ္စတခုတည်းမှာပဲ လုံးထွေးနေမယ်ဆိုရင် ကျနော်တို့ အရင်တုန်းက ရွှေဂတ်စီမံကိန်းက ရပိုင်ခွင့်တွေ ဆုံးသွားသလို နောက်ထပ်လည်း ဆုံးရှုံးရနိုင်ပါတယ်။

အဲဒီတော့ ရခိုင်ပြည်နယ် လုပ်ရမယ့် အမျိုးသားရေး လမ်းကြောင်းတွေမှာ တန်းတူရပ်တည်နိုင်ဖို့၊ ပညာရေးနိမ့်ကျနေတာကို မြှင့်တင်နိုင်ဖို့၊ အလုပ်အကိုင်ရှားပါးမှုနဲ့ ဆင်းရဲမှုလျော့ချရေးကို လုပ်ဆောင်နိုင်ဖို့၊ ရခိုင်ပြည်နယ်မှာ ဖော်ဆောင်နေတဲ့ စီမံကိန်းတွေထဲက ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေကို ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကို ဦးစားပေး လုပ်ဆောင်သင့်ပါတယ်။ ကျနော်တို့ အချင်းချင်းကြားမှာ ပြဿနာတွေ၊ မကျေနပ်ချက်တွေကိုပဲ အဓိကထား လုပ်ဆောင်နေမယ်ဆိုရင် ရခိုင်ပြည်နယ်ဟာ တခြားပြည်နယ်တွေ၊ တိုင်းတွေနဲ့စာရင် ဒီထက်မက နောက်ကျကျန်ခဲ့ပါလိမ့်မယ်။

ပြည်သူတစ်ရပ်လုံးကိုလည်း ကိုယ်စားမပြု၊ အမျိုးသားညီညွှတ်ရေးကိုလည်း ထိခိုက်နိုင်တဲ့ လူအုပ်စုအနေနဲ့ အသက်နဲ့ထပ်တူ ပေးဆပ်နေတဲ့ ခေါင်းဆောင်ကြီးတွေကို လိုက်ပြီးကန့်ကွက်ရှုတ်ချ၊ အမျိုးသားသစ္စာဖောက်လို့ သတ်မှတ်နေအုံးမယ်ဆိုရင် ရခိုင်အမျိုးသားညီလာခံကို နောက်တစ်ကြိမ်ထပ်ခေါ်ပြီး ပြန်ပြီး အမျိုးသားသစ္စာဖောက်လို့ သတ်မှတ်ရပါလိမ့်မယ်။ ရှေ့တန်းက ပြေးနေတဲ့ သံဃာတော်တွေအနေနဲ့လည်း မိမိတို့ဟာ အသုံးချခံဖြစ်နေတယ်ဆိုတာကို သေစာစဉ်းစားပြီး နောက်ကွယ်က ဘယ်လိုရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်နေတာလဲဆိုတာကို ပြန်ပြီး စိစစ်သင့်ပါတယ်။

အခု တနိုင်ငံလုံး အတိုင်းအတာအရ နိုင်ငံတော် သံဃမဟယနအဖွဲ့၊ ကမ္ဘာအေးရုံးချုပ်က သာသနာသန့်ရှင်းရေးလုပ်မယ်လို့ သိရပါတယ်။ အဲဒီအထဲမှာ ရခိုင်ပြည်နယ်က ၀ိနည်းနဲ့မညီတဲ့ သံဃာတချို့ ပါသွားနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရှေ့တန်းက ပြေးနေတဲ့ သံဃာတော်တွေ သတိထားဖို့ လိုပါလိမ့်မယ်။ ဒါကြောင့် ခေါင်းတွေပဲဖြစ်ဖြစ်၊ သံဃာတော်တွေပဲဖြစ်ဖြစ်၊ ပြည်သူတွေပဲဖြစ်ဖြစ် အားလုံးက လက်ခံနိုင်တဲ့ အတွေအခေါ်တွေကို ပြောင်းလဲသင့်ပြီး မိမိတို့ဟာ တစ်ယောက်တည်းနေတာမဟုတ်ဘဲ ဘေးပတ်ဝန်ကျင်၊ မိတ်ဆွေတွေ ရှိတယ်ဆိုတာကို လက်ခံပြီးတော့ အမျိုးသားရေး စည်းလုံးမှုကို ပြိုကွဲစေမယ့် အသုံးအနှုန်းတွေ၊ ပြောစကားတွေကို ဆင်ခြင်သင့်ပြီလို့ ထင်ပါတယ်။ တကယ်လို့ မပြောင်းလဲသေးဘဲ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် ရခိုင်နိုင်ငံရေးမှာ အချင်းချင်း ပြဿနာကြားထဲက ရုဏ်းထွက်နိုင်မှာမဟုတ်ဘူး။ အဲဒါဆိုရင် မြန်မာနိုင်ငံရေးထဲမှာ ရခိုင်ပြည်သူတွေရဲ့ ရပိုင်ခွင့် ဆုံးရှုံးသွားနိုင်တယ်လို့ သုံးသပ်ပါရစေ။ ။

_____Development Media Group
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။