လေးမြို့မြစ်ဘေးက ပါးရဲအလှ

ပန်းပေါင်ရွာမှ ပါးရဲထိုးထားသော အမျိုးသမီးကြီးတစ်ဦး/ဓာတ်ပုံ − ဇွဲဉာဏ်
ပန်းပေါင်ကျေးရွာသို့ ရောက်ရှိလာသော ကယ်ဆယ်ရေးသမားများနှင့် သတင်းထောက်များ၏ အာရုံကို အများနှင့်မတူ သွင်ပြင်ထူးခြားနေသည့် အမျိုးသမီးကြီး ခြောက်ဦးက ဖမ်းစားသွားသည်။ သူတို့၏ ထူးခြားနေသည့် မျက်နှာသွင်ပြင်နှင့် ပတ်သက်၍ စိတ်ဝင်တစား မေးမြန်းမှုများကို ယင်းအမျိုးသမီးကြီးများက ဗမာစကားမပီတပီဖြင့် ဂုဏ်ယူစွာရှင်း ပြခဲ့ကြသည်။

လေးမြို့မြစ်ကမ်းနံဘေးတွင် တည်ရှိနေသည့် ပန်းပေါင်ကျေး ရွာသို့ ရောက်ရှိပါက မျက်နှာတစ်ပြင်လုံးအပြည့် ဆေးမင်ထိုးထားသော အမျိုးသမီးများကို တွေ့မြင် နိုင်ပါသည်။ သို့သော် လူဦးရေ နှစ်ရာကျော် နေထိုင်သည့် ယင်းကျေးရွာလေးတွင် ‘‘ပါးရဲ’’ဟုခေါ်သည့် မျက်နှာပြင်အပြည့် ဆေးမင်ထိုးထားသော အမျိုးသမီးများကို များများစားစား တွေ့ရတော့မည် မဟုတ်ပါ။ အသက်အငယ်ဆုံး (၆၅) နှစ်မှ အသက်အကြီးဆုံး (၈၃) နှစ်အရွယ် အမျိုးသမီးကြီး ခြောက်ဦး၏ ပါးပြင်ထက်တွင်သာ ‘‘ပါးရဲ’’များကို မြင်တွေ့ရမည် ဖြစ်သည်။
‘‘အခုကလေးတွေက မထိုးချင်ကြတော့ဘူး’’ဟု အသက် (၇၈) နှစ်အရွယ် ဒေါ်မတင်ထွေးက သွား ကျိုးများပေါ်အောင် ပြုံးရင်းပြောသည်။
ဒေါ်မတင်ထွေးတို့ နေထိုင်သည့် ပန်းပေါင်ကျေးရွာသည် ရေ စီးသန်သည်ဟု နာမည်ကျော်သောမြောက်ဦးမြို့နယ်ရှိ လေးမြို့မြစ် ကမ်းနံဘေးတွင် တည်ရှိသည်။
သူတို့၏ ရွာလေးသို့ သွား ရောက်မည်ဆိုပါက မြောက်ဦးမြို့ မှတစ်ဆင့် ဆင်အိုးကြီးကျေးရွာသို့ နာရီဝက်ခန့်ကြာ သုံးဘီးဆိုင်ကယ် (သို့မဟုတ်) ကားဖြင့်သွားရောက်ရပါမည်။ ထိုမှတစ်ဆင့် စက်လှေ ဖြင့် သုံးနာရီကြာ စီးနင်းပါက ‘‘လေးဒူး’’ ချင်းလူမျိုးအများစု နေထိုင် သော ပန်းပေါင်ကျေးရွာလေးသို့ ရောက်ရှိမည် ဖြစ်သည်။
ဒေါ်မတင်ထွေးတို့ ပန်းပေါင် ကျေးရွာသည်လည်း ရခိုင်ပြည် နယ်တွင် ဖြစ်ပွားခဲ့သော စံချိန်တင် ရေကြီးမှုများကို မကြာသေးမီက ခံစားခဲ့ရသည်။ ဝေးလံခေါင်ဖျား သည့် ပန်းပေါင်ကျေးရွာသို့ အကူအညီများပေးရန် ရောက်ရှိသွားသည့် သတင်းထောက်များနှင့် ကယ်ဆယ်ရေးသမားများက သူတို့၏ သွင်ပြင်သဏ္ဌာန်ကို စိတ်ဝင်တစားမေးမြန်းခဲ့ခြင်း ဖြစ်သည်။
ဒေါ်မတင်ထွေးတို့ ဘ၀တွင်တော့ ထိုကဲ့သို့ အံ့အားတသင့်မေး မြန်းမှုကို ကြုံရဖန်များ၍ ရိုးနေပြီ ဖြစ်သည်။ ဒေါ်မတင်ထွေးက ချော မောလှပသည့် မိန်းမပျိုများကို ဘုရင်များ ကြိုက်နှစ်သက်ကာ တော်ကောက်မခံရစေရန် ရှေးလူကြီး မိဘများက သမီးမိန်းကလေးများ ကို မျက်နှာတွင် ‘‘ပါးရဲ’’ထိုးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
‘‘မျက်နှာဖျက်တာပေါ့’’
‘‘ပါးရဲ’’ကို အသက်(၁၀)နှစ် မပြည့်မီ ထိုးလေ့ရှိကြသည်။ အ ဘယ်ကြောင့်ဆိုသော် ထိုအသက် အရွယ်တွင် ‘‘ပါးရဲ’’ထိုးပါက ပိုမို လွယ်ကူ၍ ဖြစ်သည်။
‘‘အသားနုတုန်းထိုးရင် သွေးသိပ်မထွက်ဘူး။ မရောင်ကိုင်းဘူး’’
‘‘ပါးရဲ’’ထိုးရန် အုန်းဆီ၊ နွားသည်းခြေနှင့် ကျပ်ခိုးတို့ လိုအပ်မည် ဖြစ်သည်။ ထို့ပြင် ယင်းပစ္စည်းများကိုစပ်၍ ပါးပြင်တွင် ရေးထိုး ရန် အပ်နှစ်ချောင်းလည်း လိုအပ် မည်ဖြစ်သည်။ ‘‘ပါးရဲ’’ထိုးသည့် ဆရာအတွက် ပေးရသည့် ငွေ ကြေးကလည်း မနည်းပေ။
‘‘ငါးရာပေးရတယ်။ အခုဆိုရင် ငါးသောင်းတောင်မကဘူး’’ဟု လွန်ခဲ့သည့် နှစ်ငါးဆယ်ကျော်က ‘‘ပါးရဲ’’ထိုးခဲ့သည့် အသက် (၆၅) နှစ်အရွယ် ဒေါ်တင်ရီက ပြောသည်။
‘‘ပိုက်ဆံလည်းပေးရတယ်။ နာလည်းနာတယ်ပေါ့’’ဟု အသက် (၇)နှစ်အရွယ်ကပင် ‘‘ပါးရဲ’’ထိုးခဲ့ သူက ၎င်း၏ အတွေ့အကြုံကို မျက်နှာရှုံ့မဲ့၍ ပြောပြသည်။
ပန်းပေါင်ရွာမှ အမျိုးသမီး များက မိဘလူကြီးများကို မလွန်ဆန်နိုင်သဖြင့် ‘‘ပါးရဲ’’ထိုးရခြင်း ဖြစ်သည်ဟုလည်း ဖွင့်ဟသည်။
ထို့ပြင် အသက်(၁၀)နှစ်အ ရွယ် မိန်းကလေးတစ်ဦးအတွက် မျက်နှာကို ‘‘ပါးရဲ’’ထိုးရခြင်းမှာ လွယ်ကူလှသည်တော့ မဟုတ်။ ‘‘ပါးရဲ’’ထိုးပြီးချိန်မှစ၍ သုံးရက်ခန့် ထမင်းကဲ့သို့ အစားအစာများကို ရှောင်ရလေ့ရှိသည်။
‘‘မျက်နှာရောင်မှာစိုးလို့’’ဟု အစားရှောင်ရသည့် အကြောင်းပြချက်ကို ဒေါ်မတင်ထွေးက ကွမ်း ချိုးတက်နေသည့်သွားများကို ပေါ်အောင်ပြုံးရင်း ပြောသည်။

အလှကိုဖုံးကွယ်လို၍ ပါးရဲထိုးသည့်ဓလေ့ ထွန်းကားခဲ့သည်။/ဓာတ်ပုံ − အောင်ခိုင်
‘‘ပါးရဲ’’ပိုင်ရှင် အမျိုးသမီးများအတွက် ကံကောင်းခြင်းများသည်လည်း သူတို့သွင်ပြင်များ ကြောင့် ရောက်လာလေ့ရှိသည်။ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးရန်ဆို သည့်အကြောင်းပြချက်ဖြင့် ‘‘ပါးရဲ’’ပိုင်ရှင်အမျိုးသမီးကြီး ခြောက်ဦးအနက် နှစ်ဦးသည် ရန်ကုန်မြို့နှင့် ပုဂံမြို့များသို့ ခြေချခွင့်ရရှိခဲ့ဖူးသည်ဟု ယင်းခရီးစဉ်တွင် လိုက်ပါခွင့်ရခဲ့သည့် ဒေါ်မစိန်က ဂုဏ်ယူစွာပြောသည်။ သို့သော် မည်သူ မည်သည့် အဖွဲ့အစည်းဆိုသည်ကိုမူ သူမက အတိအကျမပြောပြတတ်ခဲ့ပါ။
‘‘အလုပ်တွေ လုပ်နေရပေမယ့် ကိုယ်မရောက်ဖူးတဲ့နေရာဆိုတော့ ပျော်တာပေါ့’’ဟု ယင်းခရီးစဉ်တွင် လိုက်ပါခဲ့ရသည့် ခံစားမှု ကို ပြောသည်။
အဆိုပါ ‘‘ပါးရဲ’’အမျိုးသမီး နှစ်ဦးသည် ပန်းပေါင်ရွာမှ ရန်ကုန် မြို့သို့ ပထမဆုံးရောက်ဖူးသူများ ဖြစ်ပြီး ယင်းကျေးရွာတွင် နေထိုင် သူအချို့မှာ ၎င်းတို့ရွာနှင့် အနီးဆုံး ဖြစ်သော မြောက်ဦးမြို့သို့ပင် မရောက်ဖူးသူများရှိသည်ဟု ဒေသ ခံများက ပြောသည်။ သူမတို့၏ တွေ့ရခဲသည့် မျက်နှာသွင်ပြင် ကြောင့် ဝေလံခေါင်ဖျားသည့်နေ ရာဒေသတွင် နေထိုင်သော်လည်း နိုင်ငံခြားသားများက တကူးတက လာရောက်တွေ့ဆုံလေ့ရှိသည်။ ထို့ကြောင့်ပင် ဒေါ်မတင်ထွေးမှာ အတန်းပညာကောင်းစွာ မသင်ဖူး သော်လည်း အင်္ဂလိပ်ဘာသာစကားကို ထမင်းစားရေသောက် ပြောဆိုနိုင်သည်။
‘‘အမြဲတွေ့နေရတော့လည်း တတ်သွားတာပေါ့’’ဟု သူမက ရှက်ပြုံးပြုံးရင်းဆိုသည်။ ယင်းနောက် ‘‘ဟောင်းအာယူ’’၊ ‘‘ဗြူးတီးဖူး’’၊ ‘‘သင့်ခ်ယူ’’ဟု အင်္ဂလိပ်စကားများကို မပီတပီဖြင့် ရယ်မောရင်း ရေ ရွတ်ပြတော့သည်။
 ချင်းတိုင်းရင်းသူများတွင် ရေးထိုးလေ့ရှိသည့် ‘‘ပါးရဲ’’များမှာ ယခုအခါတွင်တော့ ရှားပါးလာပြီ ဖြစ်သည်။ ‘‘ထိုးပေးမယ့်သူလည်း မရှိတော့ဘူး’’ဟု ဒေါ်တင်ရီက ပြုံး တုံ့တုံ့ဖြင့် ပြောသည်။
‘‘ပါးရဲ’’ထိုးသည့် အချိန်က ၎င်းတို့ရွာတွင် ‘‘ပါးရဲ’’ထိုးပေးသည့် ဆရာနှစ်ဦးရှိသော်လည်း ထိုဆရာ နှစ်ဦးစလုံးမှာ လွန်ခဲ့သည့် နှစ်ငါး ဆယ်ခန့်ကတည်းက ကွယ်လွန် သွားပြီဖြစ်ကြောင်း ၎င်းက ဆို သည်။
ထို့ပြင် ‘‘ပါးရဲ’’ထိုးသည့် အတတ်ပညာကိုလည်း သင်ယူထားသူ မရှိတော့သောကြောင့် မျိုးဆက်ပြတ်သွားပြီဖြစ်ကြောင်း သူက ရွာလမ်းမကြီးကို ငေးရင်းဆို သည်။
‘‘အခုခေတ်ကလေးတွေက လည်း မထိုးချင်ကြတော့ဘူးလေ’’ ခေတ်ယဉ်ကျေးမှုနှင့် အခြေအနေ ပြောင်းလဲလာခြင်း၊ ‘‘ပါးရဲ’’ထိုးပေးသည့် ပညာရှင်ရှားပါးလာခြင်းတို့ကြောင့် ဒေါ်တင်ရီကဲ့သို့ အမျိုးသ မီးများကို မြင်တွေ့ရန် ယနေ့အချိန်တွင် ခဲယဉ်းနေပြီလည်း ဖြစ်ပါ သည်။
 ‘‘ပါးရဲ’’ကြောင့် အဆိုးအကောင်း အတွေ့အကြုံများစွာ ကြုံတွေ့ခဲ့ရသော ဒေါ်မတင်ထွေးက သူ၏ ရွာသို့ရောက်ရှိလာသော ကယ်ဆယ်ရေးသမားများကို စားဝတ်နေရေးနှင့် အခက်အခဲများ မျှဝေခဲ့သည်။
ရိုးရာဝတ်စုံနှင့် ဓာတ်ပုံရိုက်လိုသည်ဟု ခွင့်တောင်းလိုက်သည့်အခါ ‘‘စားဖို့မရှိလို့ ရောင်းလိုက်ရတာကြာပြီ’’ ဟု လက်ဟန်ခြေဟန်ဖြင့် ပြောသည်။
ဆင်းရဲနွမ်းပါး၍ ဝေးလံခေါင်ဖျား ကျေးရွာလေးမှ ကယ်ဆယ် ရေးသမားများ ပြန်လည်ထွက်ခွာ သောအခါ ‘‘ပါးရဲ’’ပိုင်ရှင် အမျိုးသမီးများမှာ လက်ဝှေ့ယမ်းရင်း ကျန်ရစ်ခဲ့ကြလေသည်။
ဒေါ်မတင်ထွေးကတော့ သတင်းထောက်များ၊ ကယ်ဆယ်ရေးသမားများကို သူတတ်သလောက်အင်္ဂလိပ်စကားဖြင့် နှုတ်ဆက်ခဲ့သည်။
‘‘သင့်ခ်ယူပါ’’ဟု သူမက လက်ဝှေ့ယမ်းရင်း ဆိုသည်။
‘‘နောက်လည်း လာပါနော်’’
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။