ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့အနေဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်မှ လုံးဝ ခွဲထွက်သွားမည်မဟုတ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ကျောက်ဖြူမြို့တွင် ကျင်းပနေသော ယနေ့စတင်ပြုလုပ်သည့် ရခိုင်အမျိုးသားညီလာခံ၌ အဖွင့်အမှာစကားပြောကြားရာတွင် ကတိပြုပြောကြားခဲ့ကြောင်း သိရသည်။
လွှတ်တော်အမှတ်များ။ (ဓါတ်ပုံ - နေမင်း) လွှတ်တော်အမှတ်များ။ (ဓါတ်ပုံ - နေမင်း)
"ရခိုင်ပြည်၊ ရခိုင်လူမျိုးတို့အနေနဲ့ ဒီ ပြည်ထောင်စုကြီးကနေ ဘယ်တော့မှ ခွဲထွက်သွားမှာ မဟုတ်ကြောင်း ကျနော် ဒီနေရာကနေ ပြည်ထောင်စုဝန်ကြီးများနဲ့ ပြည်သူလူထု ရှေ့မှောက်မှာ ကတိပေးပြောကြားလိုပါတယ်။ ပြည်ထောင်စု အစိုးရအနေနဲ့လည်း ရခိုင်တိုင်းရင်းသားတွေအပေါ် ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ ရခိုင်အမျိုးသားတွေကို လုပ်ပိုင်ခွင့်တွေ ဆောင်ကျဉ်းပေးဖို့ တောင်းဆိုပါတယ်"
ရခိုင်အမျိုးသားတို့အနေဖြင့် ယခုအချိန်တွင် စိန်ခေါ်မှုပေါင်း မြောက်မြားစွာကို ကြုံတွေ့နေရချိန်ဖြစ်ပြီး ပြည်ထောင်စု အစိုးရအနေဖြင့် White Card နှင့် ခိုးဝင် ပြဿနာများကို စနစ်တကျကိုင်တွယ်ဖြေရှင်းပေးရန် တိုက်တွန်းပြောဆိုလိုက်သည်။
"တဘက်က ရိုက်မယ်၊ မုဒိန်းကျင့်မယ် ပြီးရင် ပြေးမယ်၊ ငိုမယ်။ ဆိုတော့ ဒီ့အပေါ်မှာ ရခိုင်အမျိုးသားတွေက အမျိုးသား မာနနဲ့ မကျေနပ်မှုတွေအပေါ် အင်အားသုံးပြီး တရားဥပဒေပြင်ပက ဖြေရှင်းမယ်ဆိုရင် သူတို့ အကြိုက်ဖြစ်သွားလိမ့်မယ်။ နောက်တစ်ခုက ဒေသတစ်ခု အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ဖို့ရာ နိုင်ငံတကာ အကူအညီလည်း လိုအပ်ပါတယ်။ အစိုးရတစ်ခုတည်းနဲ့ ဒီ ဖွံ့ဖြိုးမှုက သိပ်ပြီးတော့ အဆင်မပြေဘူးပေါ့ဗျာ။ သူတို့ လွန်တာတွေလည်း ရှိတာပေါ့။ ဒါကို ကျနော်တို့မှာ ပြည်နယ်အစိုးရရှိတယ်၊ ပြည်ထောင်စု အစိုးရရှိတယ်၊ လွှတ်တော်ရှိတယ်။ ကျနော်တို့ ဥပဒေဘောင်တွင်းကနေပြီးတော့ ကျနော်တို့ တွေ့ကြုံနေရတဲ့ စိန်ခေါ်မှု ပြဿနာတွေကို တဆင့်ချင်း ဖြေရှင်းသွားလို့ရတယ်။ အစိုးရအနေနဲ့လည်း ဒီကိစ္စတွေ ကိုင်တွယ်ရာမှာ မျှတဖို့နဲ့ ရေရှည်အကျိုးစီးပွား ထိခိုက်မှုမရှိနိုင်အောင် ဆောင်ရွက်ပေးဖို့ ကျနော် တိုက်တွန်းလိုပါတယ်"
တဖန် ကျင်းပပြီးစီးခဲ့သော ညီလာခံများနှင့် တွေ့ဆုံပွဲများသည် အပြောသက်သက်ဖြင့်သာ ပြီးစီးခဲ့ကာ လက်တွေ့အကောင်အထည်ဖော်မှု အားနည်းချက်များကို ယခုညီလာခံတွင် ထပ်မံ မဖြစ်စေလိုကြောင်း ဆက်လက်ပြောကြားသည်။
"ဒီ ၁၉၄၇ ကြာအင်းတောင် ညီလာခံ၊ ရသေ့တောင် လူထုအစည်းအဝေး စတဲ့ တွေ့ဆုံပွဲ၊ ညီလာခံတွေတုန်းကလည်း ဆုံးဖြတ်ချက်တွေ ချပြီး အကောင်ထည်ဖော်မှုဆိုင်ရာ အားနည်းမှုတွေ အများကြီး ရှိခဲ့တယ်။ ခု ညီလာခံလည်း ဒီလိုမျိုးဖြစ်မှာ ကျနော်တို့ ခွင့်မပြုနိုင်တော့ဘူး။ ဆိုတော့ ညီလာခံရဲ့ ဆုံးဖြတ်ချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ဖို့ရာ ကျနော်တို့ ရုံးခန်းတစ်ခု ဖွင့်ဖို့ လိုအပ်တယ်။ အဲဒီ ရုံးကနေ ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်"
ယခု ကျင်းပပြုလုပ်သော ရခိုင်အမျိုးသားညီလာခံသည် ပြီးခဲ့သည့် နှစ်ပေါင်း (၆၀) ကျော် ကာလအတွင်း ပြည်တွင်း/ပ ရခိုင့်နိုင်ငံရေး ပါတီများ၊ လက်နက်ကိုင်အင်အားစုများနှင့် လူမှုကွန်ရက်အဖွဲ့အစည်းများ ပထမဆုံးအကြိမ် တွေ့ဆုံမှုကြီးတစ်ခုဖြစ်ကြောင်းလည်း သိရသည်။