ရခိုင်လူထု၏ လုံခြုံရေး တာဝန်ယူရန် အဆင်သင့် ရှိနေသည်ဟု ရက္ခိုင့်တပ်မတော် ဒုစစ်ဦးစီးချုပ်ဆို

ရခိုင်လူထု၏ လုံခြုံရေး တာဝန်ယူရန် အဆင်သင့် ရှိနေသည်ဟု ရက္ခိုင့်တပ်မတော် ဒုစစ်ဦးစီးချုပ်ဆို

ကျောက်ဖြူ၊ ဧပြီ ၂၉

ရခိုင် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန် အမြဲတမ်း အဆင်သင့် ရှိနေကြောင်း ကျောက်ဖြူမြို့ ၌ ဧပြီလ ၂၉ ရက်နေ့တွင် ကျင်းပသည့် ရခိုင် အမျိုးသားညီလာခံတွင် ရက္ခိုင့်တပ်မတော် (Arakan Army) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ပြောကြားသည်။

ရခိုင်ပြည်နယ် လုံခြုံရေး၊ လွတ်မြောက်ရေး၊ ရခိုင်တစ်မျိုးသားလုံး၏ ဘဝသာယာဝဖြိုး ငြိမ်းချမ်းရေး အတွက် ရက္ခိုင့်တပ်မတော်တွင် တာဝန်အပြည့်အဝ ရှိကြောင်း ၎င်းကဆိုသည်။
“ပြည်သူလူထုရှေ့မှာ မားမားမတ်မတ် ရပ်တည်နိုင်ဖို့အတွက် မကြာခင် ကာလမှာ ရက္ခိုင့်တပ်မတော် အရောက်လာမယ်” ဟု ဒေါက်တာ ညိုထွန်းအောင်က ပြောဆိုသည်။

ရခိုင်ပြည်သူလူထု မျှော်လင့်သည့် ရခိုင်လက်နက်ကိုင် တပ်မတော်များ စုပေါင်းထားသည့် တစ်ခုတည်းသော အမျိုးသား တပ်မတော်အဖြစ် ပီပြင်စွာ တည်ဆောက် ရပ်တည်နိုင်ရန် အတွက်လည်း ဘက်ပေါင်းစုံက ကြိုးစား ဆောင်ရွက်နေကြောင်း ၎င်းက ထပ်မံပြောဆိုသည်။
ရခိုင်ပြည်နယ်နှင့် ရခိုင်လူထုကို အကာအကွယ်ပေးရန် ဘက်ပေါင်းစုံက အဆင်သင့် ဖြစ်နေပြီ ဖြစ်ပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ အဆင်သင့် လုပ်ထားပြီး ဖြစ်ကြောင်း၊ မဟာမိတ် တပ်ဖွဲ့များနှင့် ဆက်ဆံရေး၊ ပြည်ထောင်စု အစိုးရနှင့် ညှိနှိုင်း အဖြေရှာရေးတွင်လည်း အဆင်ပြေကြောင်း ရက္ခိုင့်တပ်မတော်မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးစောမောင်က ပြောကြားသည်။

“ပြည်သူဘက်ကလည်း အဆင့်သင့် ဖြစ်ဖို့လိုတယ်။ ရက္ခိုင့်တပ်မတော်ကို အပြင်ပန်းသဘော မဟုတ်ဘဲ အနှစ်သာရပိုင်း အားဖြင့် ထောက်ခံဖို့ လိုတယ်။ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးအတွက် အမှန်တကယ် လိုအပ်တယ် ဆိုတာကို ပြည်သူလည်း ကွက်ကွက်ကွင်းကွင်း မြင်ဖို့ လိုတယ်” ဟု ၎င်းကဆိုသည်။

ရခိုင် အမျိုးသား နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်များကို အကောင်အထည် ဖော်ရန် ပြည်တွင်း နိုင်ငံရေး အင်အားစုများတွင်လည်း စည်းလုံးမှု လျော့ရဲနေပြီး ပြည်ပအင်အားစုများ ဖြစ်သည့် ရခိုင် လက်နက်ကိုင် တပ်ဖွဲ့များ၏ စည်းလုံးမှုလည်း မရရှိသေးကြောင်း ရခိုင်အမျိုးသားပါတီမှ ဒုတိယခေါင်းဆောင် ဒေါက်တာ အေးမောင်က ပြောကြားသည်။

ရခိုင် လက်နက်ကိုင် တပ်ဖွဲ့များသည် ဦးတည်ချက် မတူညီသေးသော်လည်း ပြည်သူလူထု၏ တောင်းဆိုချက်အရ တစ်ခုတည်းသော တပ်ပေါင်းစု သို့မဟုတ် တပ်ဦးအောက်တွင် ညီညွတ်မှု ရှိကြောင်း ရခိုင်အမျိုးသား ညီလာခံတွင် ပြသရန် မျှော်လင့်ကြောင်း ၎င်းကဆိုသည်။

အကြမ်းဖက်မှု အန္တရာယ် ကာကွယ်ရန် ရခိုင်ပြည်နယ်ရှိ ဒေသခံ တိုင်ရင်းသားများကို နယ်ခြားစောင့် တပ်ဖွဲ့များ ဖွဲ့စည်းကာ တာဝန်ပေးရန် လိုအပ်ကြောင်း၊ လက်နက် တပ်ဆင်ပေးထားသော ကျေးရွာ ကာကွယ်ရေး အဖွဲ့များ ဖွဲ့စည်း လေ့ကျင့်ထားရန်လည်း မဖြစ်မနေ လိုအပ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း အခြေခံ စစ်ပညာကို သင်ကြားပေးရန် လိုအပ်ကြောင်း ဧပြီလ ၂၈ ရက်နေ့တွင် ကျင်းပသည့် ရခိုင်အမျိုးသား ညီလာခံတွင် ဘူးသီးတောင် မြို့နယ်နှင့် မောင်တောမြို့နယ် ကိုယ်စားလှယ်တို့က တောင်းဆိုခဲ့ကြသည်။

By- The Voice Weekly
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။