ပြည်ပရောက် ရခိုင်လက်နက်ကိုင် အဖွဲ့များဖြစ်သော ရခိုင်ဒီမိုကရက်တစ် ပါတီနှင့် ရခိုင်ပြည် အမျိုးသားညီညွတ်ရေးပါတီတို့မှ ရခိုင်အမျိုးသားညီလာခံ တက်ရောက်ရန် ပြည်တွင်းသို့ ၀င်ရောက်လာချိန်အတွင်း အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ညီညွတ်ရေး တည်ဆောက်ရေး ပူးတွဲကော်မတီကို မေ ၆ ရက်က ရန်ကုန်မြို့၌ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ကော်မတီ ဖွဲ့စည်းခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နှစ်ပါတီခေါင်းဆောင်များက မေ ၇ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါကော်မတီ ဖွဲ့စည်းရခြင်းနှင့် ပတ်သက်၍ ရခိုင်ဒီမိုကရက်တစ်ပါတီ (DPA) မှ ဒုတိယဥက္ကဋ္ဌ ဦးညီညီလွင်က “ကျွန်တော်တို့ အဓိက,ကတော့ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်ရပ်ရေးတို့အတွက် ကျွန်တော်တို့ဘက်က နေပြီးတော့ ရခိုင်တွေအနေနဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်စေချင်တယ်။ နောက် ကျွန်တော်တို့ ရခိုင်တွေမှာဆိုရင်လည်း နိုင်ငံရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်။ ဒီနေရာမှာ တစ်လောက ရခိုင်နှစ်ပါတီ ပူးပေါင်းသွားသလိုမျိုး ကျွန်တော်တို့ ပူးပေါင်းပြီး မလုပ်နိုင်ရင်တောင် ဆွေးနွေးပြီး ရခိုင်တစ်မျိုးသားလုံးညီညွတ်ပြီး ရှေ့ဆက်သွားဖို့ ဖြစ်ပါတယ်” ဟုဆိုသည်။
အဆိုပါ ပူးတွဲကော်မတီအား ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး၊ စစ်မှန်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် တိုးတက်ဖွံ့ဖြိုးသော ရခိုင်လူ့ဘောင်သစ်တစ်ရပ် ဖွဲ့စည်းရေး စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ဒီမိုကရက်တစ်ပါတီ (DPA) သည် ၁၉၄၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးပါတီ (NAPA) သည် ၁၉၉၄ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် စတင်ဖွဲ့စည်းခဲ့ကာ နယ်စပ်လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် ရပ်တည်လျက်ရှိသော နိုင်ငံရေးအင်အားစုများဖြစ်ကြောင်း သိရသည်။
http://news-eleven.com

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။