မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များဖြစ်သည့် ဦးအေးသာအောင်နှင့် ဒေါက်တာအေးမောင်တို့ သေနတ်ဖြင့် ပစ်ခတ်ခံရ

Published on: February 7, 2014
Written by: 
နေထွန်းနိုင်
 မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များဖြစ်သည့် ဦးအေးသာအောင်နှင့် ဒေါက်တာအေးမောင်တို့သည် ဖေဖော်ဝါရီ ၅ ရက် ညပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရှိရသည်။

ထိုပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း စီးနင်းခဲ့သည့်ကားမှာ သေနတ်ကျည်ဆန်ထိမှန်ပြီး မှန်ကွဲခြင်းများ ဖြစ်ခဲ့သည်ဟု သိရသည်။

“မနေ့က မလေးရှားစံတော်ချိန် ၁၁ နာရီ ၂ဝမှာ ဖြစ်တယ်။ သူတို့က ညစာစားပြီးတော့ ကုန်တိုက်က ဈေးဝယ်ပြီး ကားနဲ့ အထွက်မှာ နောက်ကလိုက်ပြီးတော့ ရှေ့က ကားတစ်စီးက ပိတ်တယ်။ နောက်က ဆိုင်ကယ်နဲ့ လိုက်ပြီးတော့ ပစ်တယ်။ ကံကောင်းချင်တော့ ကားက BMW သံထူတော့၊ အထဲကို မပေါက်ဘဲနဲ့ ကားဘော်ဒီပဲ ငါးချက် ပေါက်သွားတယ်။ရှေ့ကားက ဒေါက်တာအေးမောင်ကို ထပ်ပစ်တာ။ မှန်ကွဲတယ်။ ၉ မမ ကျည်ဆံ ငါးတောင့်ရတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဖေဖော်ဝါရီ ၆ ရက်ညပိုင်းတွင် The Daily Eleven သို့ပြောကြားသည်။

ပစ်ခတ်ခဲ့သူများသည် ဗမာစကားပြောတတ်သူများဖြစ်ကြပြီး ပစ်ခတ်သူများက'ပစ် ပစ်' ၊ 'ပြေး ပြေး' ဟု အော်ဟစ်ကြောင်း ဦးဇော်အေးမောင်က ကိုယ်တိုင်ကြုံတွေ့ခဲ့သူများ၏ ပြောစကားကို အခြေခံပြီးဆိုသည်။
မလေးရှားရဲဘက်ကလည်း သူတို့က ဒီနေ့ နေ့လည်မှသိတော့ စုံစမ်းနေတယ်။  လောလောဆယ်တော့ ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့ရဲ့ လုံခြုံရေးကို ဦးစားပေးလုပ်တာပေါ့နော်။ ဖော်ထုတ်တာတော့ သူတို့  ဖော်ထုတ်နေတယ် . . .
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးသို့ ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားမည့်သူ မရှိခဲ့ပေ။ သို့သော် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က သံရုံးသို့ လာရောက်သတင်းပေးပို့ချက်အရ ထိုဖြစ်စဉ်ကို ဖေဖော်ဝါရီ ၆ ရက် နေ့လည်ပိုင်းက သိရှိရကြောင်း ပြောကြားသည်။

“ဒီနေ့ကွာလာလမ်ပူမှာ မလေးရှားစံတော်ချိန် မွန်းတည့် ၁ နာရီခွဲမှာ ဒေါက်တာအေးမောင်တို့၊ ဦးအေးသာအောင်တို့အဖွဲ့က သံရုံးကိုဆက်သွယ်ပြီးတော့မှ သတင်းပို့ပါတယ်။ သူတို့ရဲ့သတင်းပို့ချက်အရ မနေ့က ဖေဖော်ဝါရီလ ၅ ရက်နေ့က မလေးရှား စံတော်ချိန် ည ၁၂ နာရီလောက်မှာ သူတို့ မြို့ထဲကနေပြီးတော့ ဟိုတယ်ကို ပြန်လာတဲ့အချိန်မှာ ဆိုင်ကယ်နှစ်စီး လိုက်လာပြီးတော့မှ သေနတ်နဲ့ပစ်ခတ်တယ်လို့ သတင်းပို့ပါတယ်။ သူတို့ သတင်းပို့ချက်အရတော့ ပစ်ခတ်မှုကြောင့် ကားကိုပဲ မှန်တယ်။ လူတွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူး။ အဲဒီတော့ မွန်းတည့် ၁ နာရီခွဲမှာ ကျွန်တော်တို့ အဲဒီသတင်းပေးချက်ကို ရရချင်းပဲ မလေးရှားနိုင်ငံရဲတပ်ဖွဲ့နဲ့ ဆက်သွယ်ပါတယ်။ ဆက်သွယ်ပြီးတော့ သူတို့ရဲ့လုံခြုံရေးကို ဆောင်ရွက်ပေးတယ်”ဟု ဦးရဲထွဋ်က ဖေဖော်ဝါရီ ၆ ရက်ညပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။

မလေးရှားရဲတပ်ဖွဲ့အနေဖြင့်လည်း  သေနတ်ဖြင့် ပစ်ခတ်သူများကို ဖမ်းဆီးရမိနိုင်ရန် စုံစမ်းနေကြောင်း သိရသည်။

“မလေးရှားရဲဘက်ကလည်း သူတို့က ဒီနေ့ နေ့လည်မှသိတော့ စုံစမ်းနေတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့ရဲ့ လုံခြုံရေးကို ဦးစားပေးလုပ်တာပေါ့နော်။ ဖော်ထုတ်တာတော့ သူတို့ ဖော်ထုတ်နေတယ်”ဟု ဦးရဲထွဋ်က ပြောကြားသည်။

ဖဖော်ဝါရီ ၅ ရက်နေ့ ဖြစ်စဉ်၌ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးလှမြင့်၊  ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစံကျော်လှ၊ ဦးခိုင်ကောင်းစံ တို့ပါဝင်ကြောင်း သိရသည်။

ရခိုင်ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံရှိ ရခိုင်လူမှုရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ (RSSR) ၏ ဖိတ်ကြားမှုဖြင့် မလေးရှားနိုင်ငံသို့ ဇန်န၀ါရီ ၂၈ ရက်က စတင်သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ခရီးစဉ်ကာလအတွင်း  “မြန်မာနိုင်ငံ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် ရခိုင်ပြည်နယ်နိုင်ငံရေး”ခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ သေနတ်ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် ပါဝင်သူများအား The Daily Eleven က သီးခြားဆက်သွယ်နိုင်ခဲ့ခြင်း မရှိသော်လည်း ဦးဇော်အေးမောင်ကမူ ဒေါက်တာအေးမောင်နှင့် အဆက်အသွယ်ရရှိခဲ့သည်ဟု ဆိုပါသည်။

“ဒေါက်တာအေးမောင်ကတော့ ကံကောင်းလို့ဆိုပြီး ပြောတယ်။ သူ့ကိုပစ်မှတ်ထားပြီး ပစ်တာပေါ့။ သူ့ဘက်က ထားပြီးတော့ ပစ်တာ”ဟု ဦးဇော်အေးမောင်က ဆိုသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ဝန်းကျင်၌ ပြီးခဲ့သည့် နှစ်အတွင်းကလည်း မြန်မာအလုပ်သမားများ အကြမ်းဖက်ခံခဲ့ရပြီး လူသေဆုံးမှုများရှိခဲ့သည်။ ထိုဖြစ်စဉ်များကိုလည်း မလေးရှားရဲက ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိပေ။

“သူတို့ရဲ့ ရဲတပ်ဖွဲ့လုပ်ငန်းဆိုတော့ ကျွန်တော်တို့လည်း မှတ်ချက်မပေးနိုင်ဘူးပေါ့။ သေချာတာတစ်ခုကတော့ သူတို့ အလေးထားပြီး ကိုင်တွယ်တယ်လို့တော့ ကျွန်တော်တို့ နားလည်ထားတယ်။ အရင်နှစ်တွေကအမှုတွေ ဖြစ်တဲ့နေရာကလည်း နဂိုက ရာဇ၀တ်ဂိုဏ်းတွေ ပေါများတဲ့နေရာမှာဖြစ်တော့ ဖော်ထုတ်လို့ မရနိုင်တာလည်း ဖြစ်နိုင်ပါတယ်”ဟု ဦးရဲထွဋ်က ပြောကြားသည်။

မလေးရှားနိုင်ငံ၊ ပီနန်းမြို့တွင် ပြီးခဲ့သည့်နှစ်အတွင်းက မြန်မာလုပ်ငန်းရှင်တစ်ဦး ယာဉ်မောင်းနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးမှုဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့ဖူးပါသည်။

မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့သော ရခိုင်ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၇ ရက်(ယနေ့)တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်မည်ဖြစ်ကြောင်း ဦးဇော်အေးမောင်၏ ပြောကြားချက်အရ သိရှိရသည်။

===============
EMG
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။