မန္တလေး
မဟာမုနိ ရုပ်ရှင်တော်မြတ်ကို ရခိုင် မင်္ဂလာ စည်တော်ဖြင့်
နှစ်စဉ် တီးခတ် ပူဇော်မည်
မန္တလေး၊ ဖေဖော်ဝါရီ ၁၃
မြန်မာဘုရင်များ အုပ်ချုပ်သည့် ကုန်းဘောင် ခေတ်ဦးပိုင်းတွင် အမရပူရမြို့တော် တည်ထောင်ခဲ့သည့် ဘိုးတော်ဘုရားက ရခိုင်ပြည်ကို တိုက်ခိုက် သိမ်းပိုက်ပြီး ရခိုင်ဘုရင်နှင့်အတူ ပင့်ဆောင် လာခဲ့သည့် မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်အား ဘုရား ရင်ပြင်တော်ပေါ်တွင် ရခိုင် မင်္ဂလာ စည်တော်ဖြင့် ရခိုင် တိုင်းရင်းသားများက လာမည့် တန်ဆောင်မုန်း လပြည့်နေ့မှ စတင်ကာ နှစ်စဉ်နှစ်တိုင်း တီးခတ် ပူဇော် သွားမည် ဖြစ်ကြောင်း စစ်တွေမြို့ရှိ စိုင်းဒြား ရခိုင်မင်္ဂလာ စည်တော်အဖွဲ့ တည်ထောင်ခဲ့သူ ဦးကျော်ဇံမောင်က ပြောကြားသည်။
ရခိုင် တိုင်းရင်းသားများ၏ ရိုးရာဓလေ့ကို မန္တလေးမြို့ရောက် ရခိုင် တိုင်းရင်းသားများ သိရှိရန်နှင့် မင်္ဂလာ စည်တော်ကို ရှေးရခိုင် ရှင်ဘုရင်များက ရခိုင် နက္ခတ်စုံသည့် တန်ဆောင်မုန်း လပြည့်နေ့တွင် ဘိုးတော်ဘုရားက ရခိုင်ပြည် မသိမ်းခင်အထိ မဟာမုနိအား စည်တီး၍ ပူဇော်သည့် ဓလေ့ရှိခဲ့သည်ကို ပြသရန် ရည်ရွယ်ကာ ရခိုင်မင်္ဂလာ စည်တော် တီးခတ်မှုကို ရှေးရခိုင် တိုင်းရင်းသားများက မဟာမုနိ ပူဇော်သည့် သရဏဂုံသုံးပါးနှင့် ရခိုင်ဂါထာ တစ်ခုဖြစ်သည့် ယေဓမ္မာ အစရှိသော ဂါထာတော်များကိုပါ စည်တော် တီးခတ်မှုနှင့်အတူ ရွတ်ဖတ် ပူဇော်မည့်အပြင် သင်ပုပ် ဆွမ်းကပ်လှူမည့် အစီအစဉ်နှင့် ရခိုင် တိုင်းရင်းသူများက မဟာမုနိ ပူဇော်သည့် ဟန်ပန်ကိုပါ ထည့်သွင်း ပူဇော်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းကဲ့သို့ နှစ်စဉ် တန်ဆောင်မုန်း လပြည့်နေ့တွင် ပူဇော်နိုင်ရန်အတွက် မန္တလေးမြို့ရောက် ရခိုင် တိုင်းရင်းသားများကို မင်္ဂလာ စည်တော် တီးခတ်နည်းနှင့် ရခိုင်ရိုးရာ အကတို့ကို သင်ကြား ပြသပေးခဲ့ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။
“အဲဒီ မင်္ဂလာ စည်တော်ကို ရခိုင် တိုင်းရင်းသားတွေက လွန်ခဲ့တဲ့ ၃ ရက်လောက်က မဟာမုနိမှာ သွားပူဇော်ခဲ့ပါတယ်။ ဘုရားဖူး ဧည့်ပရိသတ်တွေရဲ့ အားပေးမှုကို အများကြီး ရခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းရခိုင်ရိုးရာ မင်္ဂလာ စည်တော်ကို မဟာမုနိဘုရား ရင်ပြင်တော်ပေါ်တွင် တီးခတ် ပူဇော်ခွင့်ကို ဘုရားဂေါပက အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပူဇော်ခြင်း ဖြစ်ပြီး ပူဇော်ရာတွင် ရခိုင်တိုင်းရင်းသူ၊ တိုင်းရင်းသားများက ရိုးရာဝတ်စုံဖြင့် မင်္ဂလာ စည်တော်နောက်မှ လိုက်လံ၍ လက်ယာရစ် သုံးပတ် လှည့်လည် ပူဇော်ခဲ့ကြောင်း မဟာမုနိ ဂေါပကရုံးမှ ရခိုင်တိုင်းရင်းသား ဝန်ထမ်း တစ်ဦးဖြစ်သူ ဈေးအုပ် ဦးမျိုးမင်းဦးက ပြောကြားသည်။
ယင်းသို့ စည်တော် တီးခတ် ပူဇော်နိုင်ရန် ပြီးခဲ့သည့် ၁၀ နှစ်ခန့်မှစ၍ မင်္ဂလာ စည်တော် ကိုးလုံးကို စုဆောင်းပြီး တီးခတ် ပူဇော်နိုင်ရန် ကြိုးစားခဲ့ပြီး နှစ်စဉ် ပူဇော်နိုင်ရန် စနစ်တကျ လေ့ကျင့်ထားကြောင်း မဟာမုနိ ရုပ်ရှင်တော်မြတ် ဂေါပကအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းထားသည့် ရခိုင်မောင်မယ် ကုသိုလ်ဖြစ် တနင်္ဂနွေ တံမြက်လှည်းအသင်း ထူထောင်သူ ဦးသွင်စိုးက ပြောကြားသည်။
“ဘုရား ရင်ပြင်တော်ပေါ်ကို ရခိုင် တိုင်းရင်းသား ဝတ်စုံနဲ့ လှည့်ပတ်ပြီး စည်တော် တီးခတ် ပူဇော်တာ အခုမှပဲ တွေ့ဖူးတော့တယ်။ ဘုရားလာဖူးပေါင်း မနည်းတော့ဘူး။ ရခိုင်လူမျိုးတွေ စည်တော် တီးခတ် ပူဇော်တာ အခုမှ မျက်မြင် တွေ့ရတော့တယ်” ဟု ကျောက်ပန်းတောင်းမြို့မှ ဘုရားလာဖူးသူ အသက် ၅၀ အရွယ်ခန့်ရှိ ကျောင်းဆရာ ဦးလှသိန်းက ဆိုသည်။
အဆိုပါ မဟာမုနိဘုရား ရင်ပြင်တော်ပေါ်တွင် ရွှေတိဂုံစေတီတော် တံမြက်လှည်းအသင်းက ၂၀၁၁ ခုနှစ်နှင့် ၂၀၁၄ ခုနှစ် ဆန်းပိုင်းတွင် ရခိုင်မင်္ဂလာ စည်တော်ဖြင့် တီးမှုတ် ပူဇော်ခဲ့ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။
မဟာမုနိ ရုပ်ရှင်တော်မြတ်ကို မြန်မာသက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် ရခိုင်ပြည်မှ ဘိုးတော်ဘုရားက ပင့်ဆောင်လာခဲ့ပြီး ရခိုင်ဘုရင် မဟာသမ္မတ မင်းကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်လာခဲ့ကြောင်း ရခိုင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့အစည်းများထံမှ စုံစမ်း သိရှိရသည်။
The Voice Weekly

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။