ကျောက်ဖြူတွင် ကျောင်းသား ၁၀၀ ကျော် ဆန္ဒပြ

Narinjara

ကျောက်ဖြူမြို့နယ်မှ ကျောင်းသား ၁၀၀ ကျော်ခန့်သည် သူတို့ ကျောင်းတက်နေသော ကားလမ်း ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကြောင့် ပျက်စီးသွားသည်ကို မကျေနပ်သဖြင့် ယနေ့နံနက်က ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြ ကျောင်းသားများသည် ကျောင်းဝတ်စုံများကို ဆင်တူ ၀တ်ဆင်ပြီး ပိုစတာများကို ကိုယ်စီ ကိုင်ဆောင်ကာ ငလကျွန်းမှ ဂုံးရှိန်ကျေးရွာ သို့ သွားသည့် ကားလမ်းတလျှောက် ချီတက်ကာ ဆန္ဒပြခဲ့ကြသည်ဟု ဆိုသည်။ အဆိုပါ ကားလမ်းဘေးတွင် ဒေ၀ူး ကုမ္ပ္ပဏီ အပါအ၀င် နိုင်ငံခြား ကုမ္ပ္ပဏီ အများအပြား၏ ရုံးများ တည်ရှိကြောင်း သိရသည်။
“ ကျောင်းသားတွေက လမ်းကို ပြန်လည် ပြုပြင်ပေးပါ။ ကျောင်းသားတွေ လိုလား ချက် ဖြည့် ဆည်းပေးပါ ဆိုပြီး စာသားတွေရေးထိုးထားတဲ့ ပိုစတာတွေကို ကိုယ်စီကိုင်ပြီး ဒီကနေ့ နံနက် ၇ နာရီခွဲမှာ ဆန္ဒပြ တောင်းဆိုခဲ့ကြတာကို တွေ့ရပါတယ်” ကျောင်းသားမိဖတစ်ဦးက ပြောသည်။

ယခု ဆန္ဒပြရာတွင် ဤကျောင်းမှ ကျောင်းသားများလည်း ပါဝင်သည်။ (ဓါတ်ပုံ- နိရဉ္စရာ)
ကျောင်းသားများ အသုံးပြုနေသော ငလကျွန်းမှ ဂုံးချိန်ကျေးရွာသို့ သွားသော လမ်းသည် ယခင်က ဆိုင်ကယ်၊ ထော်လာဂျီ၊ စက်ဘီးများကို အသုံးပြုပြီး သွားလာနိုင်သော်လည်း ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ ဒေ၀ူး ကုမ္ပ္ပဏီနှင့် အိန္ဒိယ ကုမ္ပ္ပဏီမှ ကားကြီးများ အသုံးပြုပစ်ခဲ့သဖြင့် သွားလာ၍ မရအောင် ပျက်စီးနေပြီး ရွံ့နွံများမှာ ဒူးဆစ်ထိ နစ်နေကြောင်း သိရသည်။

“ ကျောင်းသားတွေရော၊ ဆရာ ဆရာမတွေရော၊ ဈေးသွား ဈေးလာတွေရော အခု လုံးဝ သွားလာလို့ မရအောင် ပျက်စီးနေပါတယ်။ ဒီလမ်းက ငလကျွန်းအုပ်စုက ကျေးရွာသားတွေ ကိုယ်ထူ ကိုယ်ထ တည်ဆောက်ထားတဲ့ လမ်းဖြစ်ပါတယ်။ အခု ပျက်စီးသွားတော့ ပြန်လည် လုပ်မပေးတဲ့ အတွက် ကျောင်းသားတွေက ခုလို ဆန္ဒပြကြတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ဆန္ဒပြကြသော ကျောင်းသားများမှာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အတန်းကြီး များ ကျောင်းသားများ ပါဝင်ကြပြီး ကျောင်းသားများမှာ လိပ်ခမော် ရွာမ၊ လိပ်ခမော် ရွာဟောင်း၊ ငလကျွန်း၊ ဂုံးရှိန်၊ ပြင်ရှည် ကျေးရွာမှ ကျောင်းသားများ ဖြစ်ကြသည်။

ကျောင်းသားများ ဆန္ဒပြကြပြီးနောက် ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး၊ ဗျူဟာမှူး၊ ခရိုင်ရဲမှူးတို့ အဆိုပါ ဆန္ဒပြရာသို့ လိုက်ပါသွားပြီး ဖြေရှင်းမူ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ လမ်းကို ပြန်လည် ပြုလုပ်ပေးရန် အတွက် ကျေးရွာသား ၂၈၀ လက်မှတ်ရေးထိုးပြီး ခရိုင် အုပ်ချုပ်ရေးမှူးထံ တင်ပြ တောင်းဆိုထားသော်လည်း တစ်စုံတစ်ရာ တုန့်ပြန်မူ မရှိရာ မှ ကျောင်းသားများက ယခုလို ပိုစတာများကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ပျက်စီးနေသော ငလကျွန်း- ဂုံးရှိန်လမ်းအတွက် ပြုပြင်ရန်  အတွက် ဒေ၀ူး ကိုးရီးယား ကုမ္ပ္ပဏီမှ အမေရိကန် ဒေါ်လာ ၅၀၀၀၀ ထုတ်ပေးထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဒေသ အာဏာပိုင်များက လမ်းကို ပြန်လည် တည်ဆောက်ပေးခြင်း မရှိသဖြင့် ကျောင်းသားများ အပါအ၀င် ဒေသခံများ အကြားတွင် အထူးမကျေနပ်မူ တိုးပွားနေကြောင်း သတင်း ရရှိသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။