ဂတ်စ်ပိုက်လိုင်း လယ်မြေ လျော်ကြေးကြောင့် ကျေးရွာသားများ အကြား စိတ်ဝမ်း ကွဲပြားမူများ ပေါ်ပေါက်

ဂတ်စ်ပိုက် လိုင်း ဖြတ်သန်း တည်ဆောက်မူကြောင့် ဆုံးရှုံးသွားသော မြေများ အတွက် ရခိုင်ပြည်နယ် အတွင်း လျော်ကြေးများကို စနစ်တကျ ခွဲဝေ ပေးဆောင်ခြင်း မရှိသဖြင့် ရွာသားများ အကြား စိတ်ဝမ်း ကွဲပြားမူများနှင့် အတူ ပြဿနာများ ပေါ်ပေါက်နေကြောင်း ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွှင်က ပြောသည်။


" ဒီလို ဖြစ်နေတာတွေ ပိုက်လုံး ဖြတ်သန်းတဲ့ ကျေးရွာ တလျှောက်မှာ ဖြစ်နေပါတယ်။ ဒီပိုက်လုံး ဖြတ်သန်းတဲ့ လမ်းကြောင်း တလျှောက် ရှိတဲ့ ကျေးရွာတိုင်းမှာ အခု ပြဿနာ ပေါ်နေတဲ့ အတွက် သူတို့တိုင်တဲ့ တိုင်စာတွေ အများအပြားကို လက်ခံ ရရှိထားပါတယ်။ အဓိကတော့ ကပိုင်ချောင်းကျေးရွာ ရယ်၊ ကျောက်ခမောင်းရယ်၊ ရတနရယ် အဲဒီရွာတွေမှာ ဖြစ်ပါတယ်။ လယ်ယာမြေလျော်ကြေး တွေ မှန်ကန်စွာ မရရှိတဲ့ ကိစ္စတွေပါ" ဟု ပြောသည်။

လယ်သမားများ မိမိတို့ပိုင်ဆိုင်သော လယ်ယာမြေများ၏ တန်ရာ တန်ကြေးကို မရရှိသလို တချို့ကျေးရွာသားများမှာ သူတို့ပိုင် လယ်ယာမြေကို ပိုက်လိုင်း ဖြတ်သန်းသွားသော်လည်း တစ်ခြား တစ်ဦးက နာမည်ခံကာ ငွေများကို ထုတ်ယူသွားသည့် ပြဿနာများလည်း ပေါ်ပေါက်နေကြောင်း သူက ဆိုသည်။

" အဓိကတော့ဗျာ။ ဌာနဆိုင်ရာတွေရဲ့ လယ်ယာတွေ မမှန်မကန် စာရင်း ပြုစုထားတာတွေကြောင့် လို့ကျွန်တော် သုံးသပ်မိပါတယ်။ ကျွန်တော်တို့ ဒေသမှာ ခုလို မမှန်ကန်မူတွေကြောင့် တရားရုံးကို ရောက်နေတဲ့ အမူတွေလည်း အများကြီးလို့ သိရပါတယ်" ဟု သူက ဆက်ပြောသည်။

ယခု ကျောက်ဖြူမြို့နယ်တွင် ဂတ်စ် ပိုက်လုံး လျော်ကြေးများကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးနှင့် မြေစာရင်းဌာနတို့က ခွဲဝေ ပေးဆောင်နေကြောင်း သိရသည်။

" အဲ အခု ပြဿနာ ကြီးကျယ်နေတာ ကပိုင်ချောင်း ရွာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လိုက်မေးကြည့်တဲ့အခါ အဓိကတော့ လူပေါင်း ၁၆၀ ကျော် ပိုင်ဆိုင်တဲ့ ဘုံ လယ်မြေ ကာရီ တာတမံကို လျော်ကြေးပေးတဲ့ အခါ အဲဒီ လယ်ကာရီက လူပေါင်း ၅၇ ယောက်ကိုဘဲ လျော်ကြေးပေးပြီးတော့ နောက် ၁၀၀ ကျော်ကို လုံးဝ မပေးဘူး။ မရတဲ့ သူတွေက ဒါကို မကျေနပ်တဲ့ အတွက် တာတမံကို ပြန်လည် မဆည်ဖို့ဘဲ ထားတဲ့ အတွက် ဧက ၁၀၀၀ ကျော်ရှိတဲ့ ကာရီကြီး ပျက်စီးနေတယ်လို့ သိရပါတယ်"ဟု ပြောသည်။

မြေတိုင်း ဦးစီးဌာနမှ တာဝန်ရှိသူများသည် လယ်သမားများ အားလုံးကို လျော်ကြေး မပေးလိုသဖြင့် ကာရီ တာတမံကို အပေါ်ပိုင်းနှင့် အောက်ပိုင်း နှစ်ပိုင်း ဖြတ်ပြကာ အပေါ် တာတမံတွင် ပါသွားသူ ၅၇ ဦးကို ပေးပြီး တစ်ခြား အောက်ပိုင်းတွင် ပါသွားသူများကို လုံးဝ လျော်ကြေး မပေးကြောင်း သိရသည်။

ယခုကဲ့သို့ ပြဿနာ များ ပေါ်ပေါက်နေသဖြင့် အဆိုပါ ကိစ္စများကို ဖြေရှင်းရန် ပြည်နယ် လွှတ်တော် ဥက္ကဌ ထံ ဦးကျော်လွှင်က တိုင်ကြားထား ကြောင်း သိရသည်။


-------------------------
.: နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။