အရွယ် မရောက်သူ အမျိုးသမီးငယ် တစ်ဦးကို နိုင်ငံခြားသား တစ်ဦးက ခိုးယူ ပေါင်းသင်းသော်လည်း အရေးမယူ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ အသက် ၁၆ နှစ်သာ ရှိသေးသော ရခိုင်အမျိုးသမီးငယ် တစ်ဦးကို ၎င်းဒေသတွင် နေထိုင်သူ အိန္ဒိယ ကသည်း သူပုန်တစ်ဦးက ဇနီးမယားအဖြစ် ခိုးယူ ပေါင်းသင်းသော်လည်း မြန်မာ အာဏာပိုင်များက တစ်စုံတစ်ရာ အရေးယူ ခြင်း မရှိကြောင်း ဒေသခံများက နိရဉ္စရာသို့ ပြောကြားသည်။


မောင်တောမြို့နယ် မြောက်ပိုင်း မင်္ဂလာညွန့် ကျေးရွာနေ (အဘ) ဦးလှမောင်၊ (အမိ) ဒေါ်မမြင့်စိန်တို့၏ သမီး မစန္ဒာသိန်း (၁၆)နှစ်အား ငရံ့ချောင်း ကျေးရွာအနီးတွင် စခန်းချနေထိုင်သော ကသည်း သူပုန် တပ်ဖွဲ့မှ တာနီ (၂၉) နှစ်က ဇနီးမယား အဖြစ် ပေါင်းသင်းရန် မေလ ၇ ရက်နေ့က ခိုးယူသွားခဲ့သည်။

သူမအား ခိုးယူသွားပြီးနောက် အသက် မပြည့်သေး၍ ယခုကဲ့သို့ ဇနီးမယားအဖြစ် သွေးဆောင် ဖျားယောင်း ခိုးယူသွားခြင်းမှာ တရားဥပဒေနှင့် ကိုက်ညီမူ မရှိပါသဖြင့် အရေးယူပေးပါရန် သက်ဆိုင်ရာ မိဘ နှစ်ပါးမှ နစက တပ်ဖွဲ့ဝင်များသို့ တိုင်ကြားခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း ကျေးရွာ လူကြီး တစ်ဦးက ပြောသည်။

" အဲဒီ ခလေးမလေးကို ကသည်း သူပုန်တွေက ခိုးသွားတဲ့ အပေါ် မိဘတွေက မကျေနပ်ဖူး။ ဒါကြောင့် ငရံ့ချောင်း နစက စခန်းကို တိုင်ကြားပါတယ်။ ဒါပေမယ့် နစက အရာရှိတွေက ဒီကိစ္စ အပေါ် ဘာမှ အဆိုးအကောင်း မတုန့်ပြန်ဘူး။ ကသည်းတွေက ပိုက်ဆံကို အိတ်နဲ့ ထမ်းပြီး သွားနေတော့ သူတို့က ကျွန်တော်တို့ ဒေသမှာ လုပ်ချင်တာကို လုပ်လို့ရတယ်။ သူတို့ကို ဘယ်သူမှ မပြောရဲဘူး" ဟု ကျေးရွာ လူကြီးက ပြောသည်။

နစက တပ်ဖွဲ့ဝင်များသို့ တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးခြင်း မရှိသဖြင့် မိခင် ဖြစ်သူမှ သမီးဖြစ်သူ မစန္ဒာသိန်းအား အိမ်သို့ အလည်လာရန် ဖိတ်ခေါ်ရာ မေလ ၁၂ ရက်နေ့က ကသည်း သူပုန် တာနီနှင့် အတူ ဧည့်တက်ရန် လာရောက်ခဲ့သည်ဟု ဆိုသည်။

" သူတို့က ဒီလ ၁၂ ရက်နေ့မှာ မင်္ဂလာညွှန့်မှာ ရှိတဲ့ မိဖအိမ်ကို ဧည့်တက်ဖို့လာပါတယ်။ အဲသလို လာတော့ မိခင် ဖြစ်သူ ဒေါ်မမြင့်စိန်က သမီးဖြစ်သူကို အခန်းထဲမှာ လှောင်ထားပြီး မလွှတ်တော့ဘူး။ တာနီကိုလည်း လက်မခံဘဲ အိမ်ကနေ နှင်လွှတ်လိုက်တယ်။ အဲဒါနဲ့ ပြဿနာတွေ အကြီးအကျယ် ဖြစ်ကြတယ်။ မမြင့်စိန်ကလည်း သူ့သမီးက အသက် ၁၆ နှစ်သာ ရှိသေးတဲ့ အတွက် ဘယ်လိုမှ မပေးစားနိုင်ဘူး။ အားနဲ့ လုပ်ရင် နိုင်ငံတော်ထိ တိုင်မယ် ပြောတော့ ဟိုကလည်း အားမတင်ရဲတော့ဘူး။ နောက်မရတော့ စခန်းကို ပြန်သွားကြတယ်" ဟု သူက ဆက်ပြောသည်။

မေလ ၁၃ ရက်နေ့တွင် ဒေါ်မမြင့်စိန်မှ သမီးဖြစ်သူကို ရန်ကုန်သို့ ပို့ဆောင်ရန် မင်္ဂလာညွှန့်မှ မောင်တောသို့ ယူဆောင်သွားကြောင်း သိရသည်။ ယခုကဲ့သို့ မစန္ဒာသိန်းအား မောင်တောသို့ ခေါ်ယူသွားပြီး နောက်ပိုင်းတွင် တာနီ အပါအ၀င် ကသည်းသူပုန်များသည် မောင်တောမြို့သို့ ကားဖြင့် လိုက်ပါသွားကြသည်ဟု မျက်မြင်များက ပြောသည်။

သမီး ဖြစ်သူ မစန္ဒာသိန်းအား မိခင် ဖြစ်သူမှ မောင်တောသို့ ခေါ်ယူသွားပြီး နောက်ပိုင်း သူတို့နှင့် ပတ်သက်သော နောက်ဆက်တွဲ သတင်းကို မရရှိသဖြင့် မောင်တောမြို့မှ ရဲတပ်ကြပ် တစ်ဦးကို မေးမြန်းရာသူက ယခုလို ပြောသည်။

" မင်္ဂလာညွှန့်မှာ ဒီလို ပြဿနာ ဖြစ်တယ်ဆိုတာကို ကြားပါတယ်။ ဒါပေမယ့် ဒီကသည်းသူပုန်တွေက ကိစ္စက နိုင်ငံတော်က တိုက်ရိုက်ကိုင်တွယ်တဲ့ အတွက် ဒီလို ပြဿနာမျိုးကို ရဲက ကိုင်တွယ်လို့ မရဘူး။ သူတို့ကို နစက တပ်ဖွဲ့ကဘဲ ကိုင်တွယ် ဖြေရှင်းပါလိမ့်မယ်။ ဒီအမူက ကျွန်တော်တို့ မဆိုင်တဲ့ အတွက် အမူနဲ့ ပတ်သက်ပြီး ဘယ်လိုရှိတယ်ဆိုတာ ပြောဆိုလို့ မရပါဘူး" ဟု အမည်မဖေါ်လိုသူ မောင်တောမြို့မစခန်းတွင် တာဝန်ကျနေသူ ရခိုင်အမျိုးသား ရဲတပ်ကြပ်ကြီး တစ်ဦးက ပြောသည်။

မြန်မာ အစိုးရသည် ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ငရံ့ချောင်း အုပ်စု ဝေလာတောင် အနီးတွင် ကသည်းခေါ် မဏီပူများအား အခြေချနေထိုင်ခွင့်ပြုထားသည်မှာ ဆယ်စုနှစ်နှင့်ချီ ကြာမြှင့်နေပြီ ဖြစ်ပြီး ကသည်း တပ်ဖွဲ့ ၀င်များ၏ အိမ်ခြေမှာလည်း (၂၀) ကျော်ခန့် ရှိကြောင်း ဒေသခံများက ပြောသည်။

ကသည်းသူပုန်တို့တွင် အလုပ်အကိုင် မယ်မယ်ရရ မရှိသော်လည်း ငွေများကို စိတ်ကြိုက်သုံးဖြုန်းနိုင်သုများ ဖြစ်ပြီး နစက တပ်ဖွဲ့ဝင်များကိုလည်း ငွေပေး ပေါင်းထားကြောင်း သိရသည်။ ယခုကဲ့သို့ အမျိုးသမီးများနှင့် သက်ဆိုင်သော ကိစ္စမှာ ယခင်ကလည်း နှစ်ကြိမ် သုံးကြိမ်ခန့် ပေါ်ပေါက်ခဲ့ကြောင်း၊ သို့သော်လည်း အစိုးရတာဝန်ရှိသူများနှင့် ကသည်းသူပုန်များကို ကြောက်သဖြင့် မည်သူ့ကမှ ပြင်ပ မီဒီယာများသို့ ထုတ်ဖေါ် ပြောကြားခြင်း မရှိခဲ့ကြောင်း အဆိုပါ ရပ်ရွာ လူကြီးက ပြောကြားသည်။


---------------------------------
.: နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။