မလေးရှားတွင် ရွှေဂက်(စ်) စီမံကိန်းကို ရပ်တန့်ရန် ဆန္ဒပြ တောင်းဆိုမည်

ခိုင်မောင်ဦး (မလေး)
---------------------
ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖေါ် လုပ်ဆောင်နေ သော ရွှေဂတ်စ် သဘာဝ ဓါတ်ငွေ့ စီမံကိန်းကို ရပ်တန့်ရန် အတွက် မလေးရှားနှိုင်ငံရှိ ရခိုင် အဖွဲ့ အစည်း ပေါင်းစုံမှ ဆန္ဒပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။


 မလေးရှားတွင် ရွှေဂတ်စ် စီမံကိန်း ရပ်တန့်ရန် ယခင်ကလည်း ဤသို့ တောင်းဆိုဖူးသည်။
ဆန္ဒပြ တောင်းဆိုပွဲကို မလေးရှားနိုင်ငံ မြို့တော် ကွာလာလာမ်ပူရှိ တရုတ်သံရုံးရှေ့တွင် ဧပြီ (၂၆) ရက်နေ့၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရွှေဂတ်စ် လှုပ် ရှားမူ ကော်မတီ ၀င် ကိုသာထွန်းအောင်က ပြောသည်။

" ကျနော်တို့က ဒီလ ၂၆ ရက်နေ့ နံနက်မှာ အစီအစဉ်ကို စတင်မှာ ဖြစ်တယ်။ ရွှေသဘာဝ စီမံကိန်းမှ ထွက်ရှိ လာမယ့် အကျိုးအမြတ်တွေဟာ ဒေသခံ ရခိုင် ပြည်သူတွေ အတွက်ရော၊ မြန်မာပြည်သူတွေ အတွက်ပါ တစ်စုံတစ်ရာ အကျိုး ခံစားခွင့်မရှိတဲ့ အပြင် ဆုံးရှုံးမူတွေနဲ့သာ ကြုံတွေ့နေရတဲ့ အတွက် သမ္မတ ဦးသိန်းစိန်အစိုးရ အနေ့ နဲ့  ဒီစီမံကိန်းကို လုံးဝရပ်တန့် ရေး အတွက် တောင်းဆိုမယ်။ နောက်ပြီး သမ္မတ ဦးသိန်းစိန်ဆီကို လည်း အဖွဲ့ အစည်းပေါင်း ၁၀၀ နဲ့  လူပေါင်း တစ်ထောင်က လက်မှတ် ထိုးပြီး တောင်းဆိုထားတဲ့ စာကိုလည်း ဆန္ဒပြတဲ့နေ့ မှာဘဲ ပေးပို့သွားဖို့ လည်း စီစဉ်ထားပါတယ်" ဟု သူက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်း စတင်သည့် အချိန်မှ စပြီး ဒေသခံ ပြည်သူများ ပိုင်ဆိုင်သော လယ်ယာမြေများကို အဓမ္မ သိမ်းပိုက်မူများ၊ နေရာ ပြောင်းရွှေ့မူများ၊ ဒေသခံများ အပေါ် ကန့်သတ် ပိတ်ပင်မူများ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီး ဆုံးရှုံးမူများနှင့်သာ ရင်ဆိုင်နေရကြောင်း သူက ပြောသည်။ သို့အတွက် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကို ရပ်တန့်ရေး အတွက် သူတို့ အနေဖြင့် ကြိုးစား ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ကိုသာထွန်းအောင်က ဆိုသည်။

" ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကြောင့် ရခိုင် ဒေသအတွင်း ဖြစ်ပျက်နေတဲ့ ဆိုးရွားတဲ့ အခြေ အနေတွေကို လူတိုင်း မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါတယ်။ မိဖ ဘိုးဘွားလက်ကတည်းက လုပ်ကိုင် စားသောက်လာတဲ့ လယ်ယာမြေတွေကို တန်ရာ တန်ကြေး မရဘဲ ဆုံးရှုံးခံလိုက်ရပြီးတဲ့ နောက်ပိုင်းမှာ ဒေသခံ ပြည်သူတွေဟာ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ကြရတယ်။ သူတို့ဆီက အလုပ်ခွင်တွေမှာ အလုပ်ကြမ်း နေ့စား အလုပ်သမားတွေ အဖြစ် ၀င်ရောက် လုပ်ကိုင်နေကြရတယ်။ ဒီစီမံကိန်းဟာ ဒေသခံ ပြည်သူတွေကို အကျိုးမပြုတဲ့ အပြင် ဆိုးကျိုးတွေသာ ဆက်တိုက် ဆက်တိုက် ဖြစ်ပေါ်နေတယ်။ ဒါကြောင့် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ရပ်တန့်ရေး အတွက် အဓိက ရည်ရွယ်ပြီး ကျနော်တို့ တောင်းဆို နေကြတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်မှ လုပ်ကွက်များတွင် ကိုရီးယား ဒေ၀ူးသာမက တခြား ကမ်းလွန် ဒေသ ရေတိမ် ရေနက်ပိုင်း လုပ်ကွက်များတွင် Korea Myanmar Development Company (Kmdc) ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံ Brilliant Oil Corporation Pte Ltd နှင့် ပူးပေါင်ပြီး လုပ်ကိုင်နေမူများ ရှိနေသလို တရုတ်နိုင်ငံ CNPC ကုမ္ပဏီနှင့် အိန္ဒိယမှ ESSAR ကုမ္ပဏီ တို့ မှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းများ လုပ်ကိုင်နေကြသည်။

" ရခိုင်မှာ လုပ်နေတဲ့ နိုင်ငံခြား ကုမ္ပဏီတွေ အများကြီးပါ။ ဒါပေမယ့် ရခိုင်ပြည်သူတွေရဲ့ ဘ၀က အခုအချိန်ထိ ဆင်းရဲတွင်း နက်နေတုန်းဘဲ။ မွဲပြာကျနေတုန်းပါဘဲ။ ဒါက ရရှိလာတဲ့ အကျိုးအမြတ်တွေကို ဒေသခံ ရခိုင်ပြည်သူတွေ တစ်စုံတစ်ရာ ခံစားခွင့် မရရှိတဲ့  အတွက် ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က ဒီစီမံကိန်းတွေကို ရပ်တန့်ဖို့ စဉ်ဆက် မပြတ် တောင်းဆိုနေတာ ဖြစ်ပါတယ်။ မလေးမှာ ရွှေဂတစ် စီမံကိန်းကို ရပ်တန့်ဖို့ တောင်းဆိုတာဟာ ဒီတစ်ကြိမ်ဟာ တတိယ အကြိမ်မြောက် ဖြစ်ပါတယ်" ဟု ကိုသာထွန်းအောင်က ဆိုသည်။

ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းမှ ထွက်ရှိသော သဘာဝ ဓါတ်ငွေ့အား တရုတ်နိုင်ငံသို့ ရောင်းချ သဖြင့် မြန်မာ အစိုးရသည် နှစ်ပေါင်းသုံးဆယ် အတွင်း အမေရိကန် ဒေါ်လာ ၂၉ ဘီလီယံကျော် ရရှိမည် ဖြစ်သည်။ ၎င်းပြင် တခြား နိုင်ငံခြား ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေမူကလည်း အကျိုးအမြတ် မြောက်မြားစွာ ရရှိနေကြောင်း သိရှိရသည်။


---------------------------------
.: နိရဉ္စရာ
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။