နေ့စား အလုပ်သမငယ် နှစ်ဦးကို ဗလက်ကာရပြုကျင့်သူ သစ်တော ညွှန်ကြားရေးမှူး အရေးယူမခံရသေး

ထွန်းထွန်း
----------
နေ့စား ပုတ်ပြတ် ရခိုင်အလုပ်သမငယ် နှစ်ဦးကို ဖျားယောင်း သွေးဆောင်ပြီး ဗလက်ကာရ ပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသူ မောင်တော ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးကို အခင်း ဖြစ်ပွားသည်မှာ တစ်လ နီးပါးခန့် ရှိလာပြီ ဖြစ်သော်လည်း ယခု အချိန်ထိ အရေးယူခြင်း မရှိသေးကြောင်း သတင်း ရရှိသည်။


 မောင်တော သစ်တော ဦးစီးဌာနမှ မေယု ကြိုးဝိုင်းသစ်တော ( ဓါတ်ပုံ- နိရဉ္စရာ)
မောင်တော ခရိုင် သစ်တော ဦးစီးဌာ လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင်အား နေ့စား အမျိုးသမီးငယ် နှစ်ဦးအား ဗလက်ကာရ ပြုကျင့်ကြောင်း တိုင်ကြားခံရပြီးနောက် ရခိုင်ပြည်နယ် သစ်တောညွှန်ကြား ရေးမှူး ဦးကျော်စိုးခိုင်၊ ကျောက်ဖြူခရိုင် လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းမြင့်နှင့် ဘူးသီးတောင်မြို့နယ် သစ်တော ဦးစီးမှူးတို့ လာရောက်ပြီး မတ်လ ၂၇ မှ ၃၀ရက်နေ့ အထိ ၄ ရက်တိုင်တိုင် မောင်တောခရိုင် သစ်တောဦးစီးဌာန ရုံးခန်းမ၌ စစ်ဆေးခဲ့သည်ဟု သစ်တော ဌာနမှ အမည် မဖေါ်လိုသူ ၀န်ထမ်း တစ်ဦးက ပြောသည်။

" သစ်တောဌာန တာဝန်ရှိသူတွေက လာရောက်စစ်ဆေးတာတော့ ပီးသွားပါပြီ။ ဒါပေမယ့် ဦးမောင်မောင်နိုင်က အခုအချိန်ထိတော့ အရေးယူမခံရသေးဘူး။ ဒီအမူဟာ မှန်ကန်ကြောင်း ဦးမောင်မောင်နိုင်ကိုယ်တိုင်က ၀န်ခံထားပြီး ဖြစ်ပါတယ်" ဟု အမည်မဖေါ်လိုသူ ၀န်ထမ်းက ပြောသည်။

ရခိုင်ပြည်နယ် သစ်တော ဦးစီးဌာန တာဝန်ရှိသူများသည် အဆိုပါ အမှုအခင်းနှင့် ပတ်သက်ပြီး မောင်တောခရိုင် သစ်တောဌာနမှ တောအုပ်ကြီး၊ တောအုပ်၊ တောခေါင်း၊ တောကြပ်နှင့် ရုံးတွင်းအမှုတွဲထိမ်း၊ ငွေစာရင်းထိမ်း၊ စာရေးဝန်ထမ်း (၈)ဦးတို့ကို ခေါ်ယူစစ်ဆေးခဲ့သည်ဟုလည်း သစ်တော ၀န်ထမ်းက ပြောသည်။

" သူတို့က ၀န်ထမ်းတွေကို သာမကဘူး ရုံးရှေ့ ကွမ်းယာဆိုင်ရှင် ၂ ဦး အပါအ၀င် ရုံးအနီး ပတ်ဝန်းကျင်ရှိ ကုန်သွယ် လယ်ယာ ဦးစီးဌာနက ၀န်ထမ်း ၂ဦး၊ သမ၀ါယမမှ ၀န်ထမ်း ၂ ဦး၊ ရေနံ ရောင်းဝယ်ရေးရုံး ၀န်ထမ်း ၂ ဦး၊ စသုံးလုံးမှ ၀န်ထမ်း ၂ နဲ့ ဆင်ဖြူတော် ရေခဲစက် အလုပ်သမား ၂ ဦးကိုလည်း ခေါ်ယူ မေးမြန်းမူတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အောင်သာယာ ကျေးရွာ ရ.၀.တ (အုပ်ချုပ်ရေးမှူး)၊ ဆယ်အိမ်ခေါင်းနဲ့ အဖွဲ့ဝင် တစ် ဦးကိုလည်း မျက်မြင်သက်သေ အဖြစ် စစ်ဆေးခဲ့တာကို တွေ့ရပါတယ်" ဟု သူက ပြောသည်။

ထိုကဲ့သို့ စစ်ဆေးမူများ ပေါ်ပေါက်ပြီးနောက် ဦးမောင်မောင်နိုင်ဇနီးနှင့် အန်ဂျီအို ၀န်ထမ်း တစ်ဦး ဖြစ်သူ ဦးကျော်ဇေယျတို့က နစ်နာသူ အမျိုးသမီးငယ် (၂) တို့ထံ သွားရောက်ပြီး နစ်နာကြေး အတွက် လျော်ကြေးပေးမည် ဖြစ်ကြောင်း၊ အမှုကိုဖျက်သိမ်းရန်နှင့် တိုင်စာကို ရုတ်သိမ်းပေးရန် လာရောက် စည်းရုံး ခဲ့ကြသည်ဟု အမျိုးသမီးငယ်၏ ဆွေမျိုး တစ်ဦးက ပြောသည်။

" သူတို့က လျော်ကြေးငွေ ပေးမယ်။ တိုင်ကြားစာကို ရုတ်သိမ်းပါ။ မဟုတ်ရင် တရားရုံးရောက်သွားရင် အကုန်လုံး အရှက်ကွဲမယ်။ ပီးရင် အမျိုးသမီးငယ် နှစ်ဦးကို တရားခံ အဖြစ် ထည့်သွင်းပြီး တရား ပြန်တင်မယ် စသဖြင့် ခြိမ်းခြောက်ပါတယ်။ ကျွန်မတို့က ဒီပြဿနာကို ရုတ်သိမ်းဖို့ လာမပြောနဲ့။ ဆက်လက် ပြောရင် ပြောတဲ့သူတွေကိုပါ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာ အသင်းတွေကိုလည်း တိုင်ကြားမှာ ဖြစ်သလို တရားရုံးမှာလည်း ဆက်လက် တိုင်ကြားသွားမယ်လို့ ပြောလိုက်ပါတယ်" ဟု သူမက ပြောသည်။

အဆိုပါ သားမယား ပြုကျင့်ခံရသူ အမျိုးသမီးငယ် ၂ဦးကို အလုပ်ခန့်ပေးပြီး အ၀တ်အထည် အသစ်အဆန်းများဝယ် ပေး၍ စည်းရုံး သွေးဆောင် လှည့်ဖြားကာ သီးခြားစီ သားမယား ပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အမျိုးသမီးငယ် နှစ်ဦးကို ရုံးတွင် နေ့စား အလုပ်သမများ လိုသည်ဟု ဆို၍ သစ်တောဌာန ၀န်ထမ်းများ ဖြစ်ကြသည့် တောခေါင်း ဦးစိုးမြင့်နှင့် တောခေါင်း ဦးဘစောတို့က စည်းရုံး ခေါ်ယူလာသော အမျိုးသမီးငယ်များ ဖြစ်ကြောင်း သစ်တော ဌာန သတင်းရပ်ကွက် အရသိရသည်။

ဧပြီလ ၇ ရက် နံနက်(၉)နာရီက လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင်သည် ၀ါး၊ သစ်၊ ထင်း၊ မီးသွေး နှင့် လမ်းခင်း ကျောက် ရောင်းဝယ်နေသူ (၁၄)ဦးကို ခေါ်ယူပြီး အစည်းအဝေး တရပ်ပြုလုပ်ကာ အမှု အခင်းစစ် ဆေးရာတွင် ကျွေးမွေးဧည့်ခံသည့် ကုန်ကျစရိတ် ကျပ်ငွေ ၇သိန်းကို ၀ိုင်းဝန်း ကူညီပေးရန် တောင်းခံခဲ့သည် ဟု သိရသည်။

သင်္ကြန် ရုံးပိတ်ရက်အတွင်း နေပြည်တော်ရှိ သစ်တော ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးမြင့်မောင်ထံ အမူမှ ကင်းလွှတ်ခွင့်ပေးရန် အသနားခံ သွားရမည်ဖြစ်၍ ခန့်မှန်းခြေ ကုန်ကျမည့်စရိတ် ကျပ်ငွေ သိန်း(၂၀)ကိုလည်း အစည်းအဝေး တက်ရောက် လာသူ (၁၄)ထံမှ အကူအညီ တောင်းခံခဲ့သည်ဟု အမည် မဖေါ်လိုသူ သစ်ကုန်သည် တစ်ဦးက ပြောသည်။

ယခု ဖြစ်ပေါ်နေသော အမူကိစ္စ အပေါ် မောင်တောမြို့တွင် စိတ်ဝင်စားသူ များနေပြီး ဦးမောင်မောင်နိုင်မှာ ယခုအခါ လူမြင်ကွင်းမှ ပျောက်နေကြောင်း ဒေသခံများက ပြောသည်။

မောင်တောခရိုင် သစ်တောဌာနအား ဦးမောင်မောင်နိုင် ကိစ္စနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ တစ်စုံတစ်ရာ ဖြေကြားခြင်း မပြုဘဲ ဖုံးချသွားခဲ့သည်။


----------------------------------
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။