စိုင်းဒင် ရေအားလျှပ်စစ် စီမံကိန်း အကြိုလေ့လာမှု အစီရင်ခံစာများ အရ သဘာဝအလှ ပျောက်ကွယ်နိုင်ခြင်းနှင့် တမံအောက်ပိုင်း မြစ်ကြောင်းပြောင်းလဲနိုင်ကြောင်း သိရ

Eleven Media Group

စီမံကိန်းအဆောက်အအုံများကို တွေ့ရစဉ်
ရခိုင်ပြည်နယ် စိုင်းဒင်ရေ အားလျှပ်စစ်စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာပြုစုနိုင်ရန် အတွက် ၂၀၁၁ ခုနှစ်အတွင်း တရုတ်နိုင်ငံ China Datang oversea Investment Co,ltd., (CDOIC) မှ လာရောက်ကာ ဆောက်လုပ်မည့် နေရာ၊ ကျောက်အမျိုးအစားများကို လေ့လာခဲ့ကြောင်းနှင့် အမေရိကန် နှင့် ဂျပန်ကုမ္ပဏီများ၏ အစီရင်ခံစာကိုလည်း အခြေခံထား လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

စိုင်းဒင်စီမံကိန်းကို ၁၉၅၄ ခုနှစ်တွင် အမေရိကန်နိုင်ငံH Kna ppen-Tippetts Abbet-Mc Carthy  ကုမ္ပဏီမှ ကြိုတင်ဖြစ် မြောက်နိုင်စွမ်း အစီရင်ခံစာ (Pre-Design Studies Report) ကို ရေးဆွဲကာ တင်ပြခဲ့ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် အမှတ်(၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ စိုင်းဒင် ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် ဂျပန်နိုင်ငံ Newjec Inc အား တာဝန်ပေး ဆောင်ရွက်စေခဲ့ရာ ယင်းတို့အနေ ဖြင့် တိုင်းရင်းသား ကုမ္ပဏီတစ်ခု ဖြစ်သည့် အနာဂတ်စွမ်းအား (ရွှေတောင်) ကုမ္ပဏီ လီမိတက်နှင့် လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လေ့လာချက်အရ စိုင်းဒင်ရေတံခွန်မှာ သဘာဝအလှတရား များနှင့် ပြည့်စုံသည့်ဒေသတစ်ခု ဖြစ်ကြောင်းသိရပြီး Dam ဆောက်လုပ်ပြီးပါက သဘာဝအလှများ ပျောက်ကွယ်နိုင်သည့်အပြင် ရေတိုက်စားခြင်းနှင့် နှုန်းမြေဖို့ ခြင်းကြောင့် မြစ်ကြောင်းမှာ တမံ အောက်ပိုင်းတွင် ပြောင်းလဲ သွားနိုင်ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်သည် မိုးတွင်းကာလ မိုးသည်းထန်ပြီး နွေရာသီခြောက်သွေ့သဖြင့် Dam ဆောက်လုပ်ရာတွင် ခိုင်မာမှုကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည်ဖြစ်ကာ အမေရိကန်နှင့် ဂျပန်ကုမ္ပဏီတို့၏ တင်ပြချက်များကို အခြေပြုကာ တရုတ်နည်းပညာဖြင့် ပေါင်းစပ်ကာ ပြင်ဆင်သင့်သည်များကို အခြေပြု ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းဒင်ရေတံခွန်ကို တွေ့ရစဉ်
စိုင်းဒင်စီမံကိန်းအတွက် လူမှုရေးရှုထောင့်နှင့် သဘာဝအန္တရာယ် ကင်းဝေးရေးတို့ကို အဓိကထား ဆောင်ရွက်မည်ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကောင်းဆုံး နည်းလမ်းများကို ရှာဖွေ ဆောင်ရွက်သွားမည် ဖြစ်သလို အကြီးဆုံး ပါဝါရရှိရန်နှင့် အမြန်ဆုံးပြီးစီးရန် ယခုအစိုးရလက်ထက်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုင်းဒင်ရေအား လျှပ်စစ်စီမံကိန်းကို တာဝန်ယူ ဆောင်ရွက်မည့် CDOIC ၏ Vice President က ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့ရာတွင် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

စီမံကိန်းကို ပွင့်လင်းရာသီအတွင်း တစ်နှစ်လျှင် လေးလခန့်သာ တည်ဆောက်နိုင်မည် ဖြစ်ကြောင်းနှင့် လေ့လာဆန်းစစ်ချက်များကိုလည်း ကျွမ်းကျင်သူ ကိုးဦးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ စိုင်းဒင် ရေအားလျှပ်စစ် စီမံကိန်းကို တရုတ်နိုင်ငံမှ တာဝန်ယူ တည်ဆောက်ရန် ရှိကြောင်းနှင့် လက်ရှိအချိန်တွင် စီမံကိန်းအတွက် ဒီဇိုင်းရေးဆွဲလျက် ရှိကြောင်းလည်း သိရသည်။ စိုင်းဒင် ရေအားလျှပ်စစ်စီမံကိန်းအတွက် ဖြစ်နိုင်ခြေရှိမရှိ စူးစမ်းနေဆဲဖြစ်ကြောင်းနှင့် စတင်တည်ဆောက်သော အချိန်မှစကာ ငါးနှစ်မှ ရှစ်နှစ် ကြား တည်ဆောက်ချိန် ကြာနိုင်ကြောင်းလည်း သိရသည်။ ပတ်ဝန်းကျင် သက်ရောက်မှုနှင့် အကျိုးပြုမှု အစီရင်ခံစာကို သက်ဆိုင်ရာကုမ္ပဏီ မှ လေ့လာဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။

စိုင်းဒင်ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က အမှတ်(၁)လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနနှင့် အနာဂတ် စွမ်းအားကုမ္ပဏီ လီမိတက်တို့ နားလည်မှုစာချွန်လွှာ MoU လက်မှတ် ရေးထိုးခဲ့ကြပြီး ရွှေတောင် ဆောက်လုပ်ရေးကုမ္ပဏီမှ စတင်တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။  စီမံ ကိန်းပြီးစီးပါက လျှပ်စစ်မဂ္ဂါဝပ် ၇၀ ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း လည်း သိရသည်။

အမှတ်(၁)လျှပ်စစ်စွမ်းအင် ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက စိုင်းဒင်စီမံကိန်းကို နိုင်ငံခြားတိုက်ရိုက်မြှုပ်နှံမှုဖြင့်  JV/BOT  စနစ်ဖြင့် ဆောင်ရွက်ရန် အတွက် သဘောတူညီမှုစာချွန်လွှာကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၁၈ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အဆိုပါစီမံကိန်းနှင့် ပတ်သက်ကာ ဂျပန်နိုင်ငံ NEWJEC ၏ နောက်ဆုံး စူးစမ်းလေ့လာချက် အရ  ၂၀၁၀ ပြည့်နှစ်တွင် တင်သွင်းသော အစီရင်ခံစာတွင် ၂၃ ဒသမ ၃၅ မဂ္ဂါဝပ်နှစ်လုံး၊ စုစုပေါင်း ၄၆  ဒသမ ၇ မဂ္ဂါဝပ်ခိုင်လုံဓာတ်အား ၂၀ မဂ္ဂါဝပ်နှစ်စဉ် ပျမ်းမျှဓာတ်အား ထုတ်လုပ်မှုမှာ(၂၁၈) Gwh စက်၏ စွမ်းဆောင်ရည် ၉၆ ရာခိုင်နှုန်း ရှိသည်ကို ဖော်ပြထားကြောင်း၊ စက်တပ်ဆင်မှု လျော့ကျသွားသော်လည်း နှစ်စဉ်ပျမ်းမျှ ဓာတ်အားထုတ်လုပ်မှု တိုးတက်လာပြီး စွမ်းဆောင်ရည် ၉၆ ရာခိုင်နှုန်း ရှိသဖြင့် နွေရာသီတွင်လည်း လျှပ်စစ်ဓာတ်အား ခိုင်လုံမှုရရှိမည်ဟု စူးစမ်းလေ့လာ ဖော်ထုတ်ချက်များ တွေ့ရှိထားပါကြောင်း ပြောကြားခဲ့သည်။

စိုင်းဒင်စီမံကိန်းသည် ဘူမိဗေဒ အနေအထားကြောင့် အကောင်းဆုံး ဖြစ်ရန်အတွက် စူးစမ်းလေ့လာခြင်းများ၊ ဒီဇိုင်းရေးဆွဲခြင်းများ အချိန်ယူ ဆောင်ရွက်လျက်ရှိကြောင်း၊  ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့် စိုင်းဒင်ရေတံခွန်မှာ ဘူးသီးတောင် အရှေ့ဘက်၁၀မိုင်ကွာ စိုင်းဒင်ချောင်း အတွင်း တည်ရှိကြောင်း သိရသည်။ 
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။