ဒီဗွီဘီ
ရခိုင်ပြည်နယ်လွှတ် တော်မှာ ရခိုင်ပြည်နယ် အလံနဲ့ အမျိုးသားဝတ်စုံကို ပြင်ဆင်ဖို့ ဆုံးဖြတ်ခဲ့တာနဲ့ စပ်လျဉ်းပြီး ရခိုင်တိုးတက်ရေးပါတီက ဆက်ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။
ရခိုင်အလံမှာ ပါရှိတဲ့ သိရိဝစ္စပုံကို ဖြုတ်ပစ်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအမတ်ရဲ့ အဆိုပြုချက်ကို ပြည်နယ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ပြောင်းလဲတဲ့ဘက်က အနိုင်ရသွားပေမယ့် ဆက်ကန့်ကွက်သွားမယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။
“ရခိုင်ဝတ်စုံကိုပြောဖို့ ၊ ရခိုင်ပြည်နယ်အလံကို ပြောင်းဖို့ ကြံ့ခိုင်ရေးက ကြိုးစားတာ ကျနော်တို့ပါတီကတော့ လက်မခံဘူးလေ။ လက်မခံတော့ ကျနော်တို့ စစ်တွေမှာ ဦးအောင်မြတ်ကျော်တို့ ဦးဆောင်ပြီးတော့ ကန့်ကွက်ကြတယ်။ ကန့်ကွက်ပြီး မဲခွဲတော့ ကျနော်တို့ ရှုံးတယ်ပေါ့ဗျာ။ စစ်တွမှာ အဲဒီမဲရှုံးတော့ အဲဒီအလံကိုပြောင်းဖို့၊ ရခိုင်အမျိုးသားဝတ်စုံကို ပြောင်းဖို့ဆိုတဲ့ ဟာလေးကို ပြည်နယ်လွှတ်တော်က ဆုံးဖြတ်တယ်ဆိုတာ တော်တော်ကို မောက်မောက်မာမာ ဆုံးဖြတ်တဲ့ကိစ္စ။ ရခိုင်ပြည်နယ် လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ကတော့ လုံးဝမကြိုက်ဘူး။ ဒါ သက်သက်လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာ ဂုဏ်သိက္ခာပိုင်းဆိုင်ရာကို ဘာမှမဟုတ်တဲ့ ပြည်နယ်လွှတ်တော်အဆင့်က ပေါက်တတ်ကရ ဆုံးဖြတယ်ဆိုတာ ဒါ တော်တော်ကို မိုက်ရိုင်းတာ စော်ကားတာပဲ။”
ရခိုင်အလံနဲ့ အမျိုးသားဝတ်စုံပြောင်းဖို့ မာန်အောင်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒု-ဥက္ကဋ္ဌ ဦးသာညွှန့်က ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က စစ်တွေမှာ ပြုလုပ်တဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ အဆိုပြုခဲ့တာလို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
ပါတီဒု-ဥက္ကဋ္ဌ ဦးအုံးတင်ကလည်း ရခိုင်ပြည်နယ်အလံမှာပါတဲ့ သီရိဝစ္စပုံဟာ ရခိုင်ဘုရင် အဆက်ဆက်သုံးစွဲခဲ့တဲ့ အကြောင်းရှင်းပြပြီး ရခိုင်အလံကို မပြောင်းသင့်ပုံနဲ့ ရခိုင်ဝတ်စုံနဲ့ ပတ်သက်လို့လည်း အမျိုးသားဝတ်စုံဖြစ်လို့ မပြောင်းလဲသင့်ဘူးလို့ ပြောပါတယ်။
ပြောင်းလဲသင့်တယ်လို့ အဆိုပြုတင်သွင်းတဲ့ ပြည်ခိုင်ဖြိုးအမတ်တွေက ဘာကြောင့် ပြောင်းလဲသင့်တယ်ဆိုတဲ့ ရှင်းပြချက်ကိုတော့ ဆက်သွယ် မေးမြန်းလို့ မရသေးပါဘူး။
အလံနဲ့ဝတ်စုံပြောင်း လဲဖို့ လှုပ်ရှားလာမယ်ဆိုရင် သူတို့ပါတီက ကန့်ကွက်မယ့်အပြင် ပြည်သူ့သဘောထား ကောက်ယူပြီး လွှတ်တော်သုံးရပ်စလုံးကို တင်ပြသွားမယ်လို့ ပါတီဒု-ဥက္ကဋ္ဌ ဦးအုံးတင်က ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က ရခိုင်သမိုင်းပညာရှင်နဲ့ အသိပညာရှင်တွေ စစ်တွေမြို့မှာရှိတဲ့ ရခိုင်တိုင်းရင်းသားများပါတီ ဗဟိုရုံးခန်းမမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသေးတယ်။
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။