Mobile Network Optimization ဆောင်ရွက်ရန် နိုင်ငံတကာမှ ကမ်းလှမ်း

The Messenger NewsJournal
တယ်လီဖုန်းဆက်သွယ်မှုလိုင်းများ အဆင်ပြေရန် ဆောင်ရွက်ပေးသည့် Mobile Network Optimization လုပ်ငန်း ဆောင်ရွက်ရန် နိုင်ငံတကာလုပ်ငန်းရှင်များမှ ကမ်းလှမ်းမှုများရှိနေပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စိစစ်လက်ခံသွားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

တယ်လီဖုန်းဆက်သွယ်ရေး ကောင်းမွန်စေရန်နှင့် ဖုန်းလိုင်းကျပ်သည့် ပြဿနာများ ဖြေရှင်းပေးနိုင်မည့် Mobile Network Optimization လုပ်ငန်းကို အိန္ဒိယနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အစ္စရေးလ်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အိုင်ယာလန်နိုင်ငံတို့မှ လုပ်ငန်းရှင်များက လုပ်ပိုင်ခွင့်ရရှိရန် လာရောက်ကမ်းလှမ်းထားကြောင်း သိရသည်။

“တချို့ နိုင်ငံတွေက သူတို့ သတ်မှတ်ထားတဲ့ကာလတခု၊ သတ်မှတ်ထားတဲ့ အကျိုးအမြတ်အပေါ်မူတည်ပြီး လုပ်မယ်လို့ ပြောတယ်။ တချို့နိုင်ငံတွေက ဈေးလည်း တပြားမှ ပေးစရာမလိုဘူး၊ ဒီလို ဖရီးလုပ်ပေးတဲ့အတွက်ကြောင့်မလို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကနေပြီး ဘာမှ အကျိုးအမြတ်မယူဘူး။ အပြန်အလှန်နှောင်ကြိုးမရှိတဲ့ ပုံစံမျိုးနဲ့ လာပြီးကမ်းလှမ်းတာတွေ ရှိတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပုဇွန်တောင် ဆက်သွယ်ရေးသင်တန်းကျောင်းမှ ဆရာဦးကျော်စိုးက ပြောသည်။

ကမ်းလှမ်းထားသည့် နိုင်ငံများမှ မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ကွန်ယက်ဆက်သွယ်ရေးအတွက် သုံးစွဲသူများကို အဆင်အပြေဆုံးဖြစ်အောင် ဆောင်ရွက်ပေးနိုင်မည့် ကုမ္ပဏီကို စိစစ်လက်ခံသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

Mobile Network Optimization ဆိုသည်မှာ ကွန်ယက်တွင်းရှိ တယ်လီဖုန်း ဆက်သွယ်သုံးစွဲသူများ ကြုံတွေ့ရတတ်သည့် လိုင်းကျပ်ခြင်း၊ လိုင်းမကြည်ခြင်း၊ ခေါ်ဆိုရန်ခက်ခဲခြင်း အစရှိသည့်အခက်အခဲများကို နည်းပညာအရဖြေရှင်းသည့် စနစ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သန်း သုံးဆယ်စီမံကိန်းအရ ထပ်မံတိုးချဲ့မည့် ကွန်ယက်များအတွက် မလုပ်မဖြစ် လုပ်ဆောင်ရမည့်ကိစ္စဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြန်မာငွေကျပ် သုံးသိန်းထက်မပိုသည့် သရီးဂျီ ဂျီအက်စ်အမ် မိုဘိုင်းလ်ဖုန်းများကို ယခုနှစ် မတ်လအတွင်းချထားပေးမည်ဟု သတင်းများထွက်ပေါ်နေပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက အဆိုတင်သွင်းသည့် ငါးထောင်ကျပ်တန် မိုဘိုင်းလ်ဖုန်းများကို လွတ်တော်တွင် အဆိုတင်သွင်းမည်ဖြစ်ကြောင်း မီဒီယာများသို့ ပြောကြားထားသည်။

Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။