လိမ်လည် လှည့်ဖျား၍ စစ်တပ်ထဲသို့ အသွင်းခံရသူ လူငယ် ၃ ဦး ပြန်လည် လွှတ်မြောက်

မောင်အေး
----------
နေ့စား အလုပ်ရမည်ဟု လိမ်လည် လှည့်ဖျား၍ စစ်တပ်ထဲကို အသွင်းခံရသူ ရခိုင် လူငယ် ၃ ဦးမှာ မကွေးတိုင်းမှ ပြန်လည် လွှတ်မြောက်လာခဲ့ကြောင်း သတင်း ရရှိသည်။


tamadaw
လွှတ်မြောက်လာသော လူငယ် (၃) ဦးမှာ ဘူးသီးတောင်မြို့နယ် ကင်းချောင်းကျေးရွာအုပ်စု အာကာပျံရွာနေ ဦးမောင်မြသား မောင်အေးထွန်းကျော်၊ ဦးမောင်သန်းထွန်းသား အောင်စိုးမောင်နှင့် ဦးရွှေဝင်းသား မောင်ထွန်းလင်း တို့ဖြစ်သည်။

" သူတို့ ၃ ဦးကို ဘူးသီးတောင် အခြေစိုက် အင်ဂျင်နီယာတပ်ဖွဲ့ (၁)မှ ရွှေသိန်း၊ တပ်ကြပ်ကြီး သန်းရွှေနှင့် ဘူး သီးတောင်မြို့မရပ်ကွက်မှ သန်းဇော်ဦးတို့က နေ့စား အလုပ် တစ်နေ့ ၃၀၀၀ ရမယ် ဆိုပီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စစ်တွေမြို့သို့ ခေါ်ဆောင်သွားပါတယ်" ဟု သူတို့၏ ဆွေမျိုးတော်သူ တစ်ဦးက ပြောသည်။

စစ်တွေသို့ရောက်လျှင် အလုပ်ရုံ ပိတ်ထားသည့် အတွက် မကွေးတွင် အလုပ်ရမည်ဟု ဆိုကာ မကွေးသို့ ဆက်လက် ခေါ်ဆောင်သွားပြီး မကွေး အမှတ် ၃ စုဆောင်းရေး တပ်သို့ပို့ကာ အတင်း အကြပ် စစ်သားဝင်ခိုင်းကြောင်း သူက ပြောသည်။

" သူတို့ ၃ယောက်ကလည်း ဘယ်လိုဘဲ အတင်းအကျပ် ပြောပြော မ၀င်နိုင်ဘူးလို့ ငြင်းတာနဲ့ နောက်ဆုံးတော့ တပ်က လူတွေက လက်လျှော့သွားပြီး စဉ်းစားပါဆိုပြီး အချိန်ပေးတယ်။ အဲဒီသလို အချိန်ပေးတဲ့ နောက်ပိုင်းမှာ သူတို့ ၃ ဦးက တပ်ထဲကနေ ထွက်ပြေးလာကြတယ်။ မကွေးက မတ်လ ၉ ရက်နေ့က ထွက်လာတာ ဘူးသီးတောင်ကို မတ်လ ၁၇ ရက်နေ့မှ ရောက်ပါတယ်" ဟု ပြောသည်။

အဆိုပါ လူငယ် ၃ ဦးတွင် ခရီးစရိတ် တပြားမှ မပါသဖြင့် ကားကြုံရသောနေရာတွင် ကားကြုံစီးပြီး ကားကြုံမရသော နေရာတွင် ခြေလျင် လျှောက်ပြီး မကွေးကနေ ဘူးသီးတောင်ထိ ပြန်လာခဲ့ကြသည်ဟု သိရသည်။

" ကလေးတွေက ဘူးသီးတောင်ကို ရောက်တော့ လူရုပ်တောင် မပေါက်တော့ဘူး။ လမ်းမှာ ဟိုလူ့ကို အကူအညီတောင်း၊ ဒီလူကို အကူအညီတောင်းနဲ့ လာခဲ့ကြရပါတယ်။ ထမင်းလည်း အနည်းဆုံး ၅ နပ်လောက် ငတ်ခဲ့တယ်လို့ သိရပါတယ်" ဟု ပြောသည်။

ဘူးသီးတောင်မြို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အဆိုပါ လူငယ်များ ထွက်ပြေး လွှတ်မြောက်လာခြင်းမှာ ဟုတ်မှန်ကြောင်း ပြောကြားပြီး ယခုအခါ သူတို့မှာ နေရပ်သို့ ပြန်လည် ရောက်ရှိသွားကြပြီ ဖြစ်ကြောင်း ပြောကြားသည်။


-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာ
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။