ရခိုင် မဟာမုနိ ကျောင်းဆောင်တော်တွင် ရွှေအလေးချိန် ၁၁ ပိသာ ၅၀ ကျပ်သားရှိ ထီးတော်တင်မည်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ မဟာမုနိရုပ်ရှင်တောမြတ်ကြီး၏ ဂန္ဓကုဋီ ကျောင်းဆောင်တော်တွင် အလေးချိန် ၁၁ ပိသာ ၅၀ ကျပ်သား အလေးချိန်ရှိ ရွှေသားစစ်စစ် ထီးတော်ကို လာမည့် ဧပြီလတွင် တင်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ရွှေသား စစ်စစ်ထီးတော် တင်ရန် အတွက် ထီးတော် အဟောင်းကို ယခုအခါ ဖြုတ်ချလိုက်ပြီ ဖြစ်ကြောင်း ရန်ကုန် အလိုတော်ပြည့်ကျောင်းမှ ဦးဇင်း တစ်ပါးက ပြောသည်။

" ဟုတ်ပါတယ်။ ဇန္န၀ါရီလ ၂၄ ရက်နေ့က ထီးတော် အဟောင်းကို ဖြုတ်လိုက်ပါတယ်။ နောက်လာမယ့် ဧပြီလမှာ ရွှေသား အစစ် ၁၁ ပိသာနဲ့ ၅၀ကျပ်သား အလေးရှိတဲ့ ရွှေသား ထီးတော် အသစ်ကို ပြန်တင်သွားမှာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

images ဖြုတ်ချလိုက်သော ထီးတော် အဟောင်းအား မြင်တွေ့ရစဉ်
ထီးတော် အဟောင်းအား ဖြုတ်ချသည့်နေ့က ကျောက်တော်မြို့နယ် မဟာမုနိ ရင်ပြင်သို့ ရခိုင်ပြည်နယ်ဆိုင်ရာ သံဃာ ၀န်ဆောင် နာယက ဆရာတော်ကြီးများ အပြင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်နှင့် ဌာနဆိုင်ရာ အစိုးရ အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

" အဲဒီနေ့က ပြည်နယ် သံဃာ ၀န်ဆောင် ဆရာတော်ကြီးတွေနဲ့ ပြည်နယ် အစိုးရအဖွဲ့ အကြားမှာ အစည်းအဝေး လည်း ပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးမှာ ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်က မဟာမြတ် မုနိ ရုပ်ရှင်တော် မြတ်ကြီး၏ ဂန္ဓဋီကျောင်းတော် အထွဋ်ထိပ်၌ တင်လှူမည့်(၁၁) ပိသာ ၅၀ ကျပ်သားရှိတဲ့ ရွှေထီးတော်မြတ်အား တင်လှူ ပူဇော်နိုင်ရေး အတွက် ဆရာတော်ကြီးတွေကို လျှောက်ထားခဲ့ပါတယ်" ဟု ဦးဇင်းက ပြောသည်။

ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်က ဆရာတော်ကြီးများကို တင်ပြချက်အားလည်း ယခုလို ပြောသည်။
images မဟာမုနိ ဂန္ဓကုဋီ ကျောင်းဆောင်အား မြင်တွေ့ရစဉ်
" ရခိုင်သမိုင်းမှာ အထင်ရှားဆုံးဖြစ်တဲ့ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးရဲ့ ဂန္ဓကုဋီ ကျောင်းဆောင်တော် အထွဋ်မှာ တင်လှူမယ့် ရွှေထီးတော်ဟာ မြန်မာနိုင်ငံ အ၀န်းက ဒါယကာ ဒါယကာမများနဲ့ ရခိုင်ပြည်နယ်မှ ဒါယကာ ဒါကာမများနှင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့မှ စုပေါင်းလှူဒါန်းထားတဲ့ ရွှေသား စစ်စစ် ရွှေထီးတော် ဖြစ်တယ်။ အချင်း (၄)ပေ (၆)လက်မ၊ အမြင့် (၉)ပေ ကျော်ခန့်ရှိတယ်။ ရွှေသားရွှေစင်တွေနဲ့ အကျော်အမော် ဗိသုကာ ပညာရှင်တို့ အကောင်းဆုံး ဖြစ်အောင် စီမံပြုလုပ်ထားသော ရွှေထီးတော်အစစ်ဖြစ်တယ်။ အခု ရွှေထီးတော်ကို အလိုတော်ပြည့်ဆရာတော်မှ ဦးစီးဆောင်ရွက်နေတယ်စသဖြင့် ပြောကြားသွားပါတယ်" ဟု ဦးဇင်းက ပြောသည်။

၎င်းပြင် ထေရ၀ါဒဗုဒ္ဓဘာသာ သာသနာပြု ပုဂ္ဂိုလ်တစ်ပါး ဖြစ်သည့် အလိုတော်ပြည့် ဆရာတော်ကလည်း ရခိုင်ပြည်နယ် အတွင်း ယခုကဲ့သို့ ရွှေစင် ရွှေသား အစစ် ရွှေထီးတော် ယခင်က မရှိခဲ့ဘူး၊ မကြား ခဲ့ဘူးကြောင်း၊ ယခု အခါ ဖူးမြင်ကြရတော့မည်ဖြစ်ပါကြောင်း၊ အဖက်ဖက်မှ ဆရာတော်၏ ကြိုးပမ်း အားထုတ်မှုကို အပြစ်မမြင်သင့်ကြောင်း၊ ရခိုင်ပြည်သူပြည်သားများက မဟာမြတ်မုနိဘုရားဂန္ဓကုဋီ အပေါ် ရွှေထီးတော် အစစ် တင်လှူ ပူဇော်ရသည့် အတွက် ကျေးဇူးတင် ၀မ်းမြောက် ဂုဏ်ယူစရာ သာဓု ခေါ်စရာ ဖြစ်ပါကြောင်း လျှောက်ထား ပြောဆိုသွားသည်ဟု သိရသည်။
images တက်ရောက်လာကြသော ဆရာတော်ကြီးများ
အဆိုပါ တိုင်ပင် ညှိနိုင်း ဆွေးနွေးပွဲ အခမ်းအနားသို့ ရခိုင်ပြည်နယ် စစ်တွေမြို့၊ သဒ္ဓမဂုရု (ပုသိမ်)ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော် ဗဟိုဝန်ဆောင် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတ ဆရာတော်ကြီး အပြင် စစ်တွေမြို့ မဏိရတနာ ကျောင်းတိုက် ပဓာနနာယ နိုင်ငံတော်ဗဟိုဝန်ဆောင် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တသောမ၊ ကျောက်တော် မြို့နယ သိန်းတန် ကျောင်းတိုက် ပဓာန နာယက မြို့နယ် သံဃနာယက အဖွဲ့ ဥက္ကဌ ဆရာတော် ဘဒ္ဒန္တ ဣန္ဒမာလာ၊ အလိုတော်ပြည်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ အရိယ၀ံသ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သင်ပုန်းတန်း ကျောင်းဆရာတော် ဘဒ္ဒန္တ ပညာသာရတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
...................
-.: နိရဉ္စရာ
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။