ထိုင်းနိုင်ငံတွင် သမိုင်းပါမောက္ခ ဒေါက်တာ အေးချမ်း၏ ရခိုင်သမိုင်းဆိုင်ရာ ဟောပြောပွဲနှင့် ရခိုင်မျိုးချစ် အဆိုတော် ၀င်းကိုခိုင်အား ဂုဏ်ပြုပွဲကျင်းပ


သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်း၏ ရခိုင်သမိုင်းဆိုင်ရာ ဟောပြောပွဲနှင့် ရခိုင်မျိုးချစ် အဆိုတော် ၀င်းကိုခိုင်အား ဂုဏ်ပြုပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့က ထိုင်းနိုင်ငံ မဟာချိုင်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။


brilliant-star-ceramony
အခမ်းအနားကို မဟာချိုင်မြို့၊ ဝပ်ထစ်ကျောင်းထိုင် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့(မဟာချိုင်)မှ စည်တော်နှင့် ဗုဒ္ဓပူဇနိယအကတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ် ခဲ့ကြသည်။

သမိုင်းပါမောက္ခ ဒေါက်တာ အေးချမ်း၏ ရခိုင်သမိုင်းဆိုင်ရာရှင်းလင်းပွဲနှင့် ကိုဝင်းကိုခိုင်အား ဂုဏ်ပြုဆု ချီးမြှင့် ပေးအပ်ပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး အခမ်းအနား စီစဉ်သူများထဲမှ တစ်ဦးဖြစ်သူ ရခိုင်အမျိုးသား သတင်းစာ အယ်ဒီတာ ကိုဌေးဝင်းက ယခုလို ပြောကြားသည်။

" ပြည်တွင်းမှာ ပြည်ပမှာပါ ရခိုင်လူငယ်တွေဟာ အသောက်အစား အပျော်အပါးဘက်ကို ပိုလိုက်လာပြီး မိမိရေး အမျိုးသားရေး အပိုင်းတွေမှာ အားနည်းမူတွေ ရှိလာတယ်။ တဘက်မှာလည်း မိမိတို့ရဲ့ တောက်ပြောင်တဲ့ သမိုင်းတွေကို မသိတော့ ပိုပြီး ဖရိုဖရဲ ဖြစ်လာတဲ့ အနေအထားမျိုးတွေ ဖြစ်လာတာကို တွေ့ရတယ်။ ဒါကြောင့် ရခိုင်တစ်မျိုးသားလုံးက လေးစားကြည်ညိုတဲ့ ဆရာကြီး ဒေါက်တာ အေးချမ်းတို့လို့ ပုဂ္ဂိုလ်တွေကို ခေါ်ပြီး ဟောပြောရင် ရခိုင်လူငယ်တွေ မိမိတို့ရဲ့ သမိုင်းတွေကို သိရမယ်။ အမြင်မှန်တွေကို ရလာမယ်။ ပိုပြီးတော့ မိမိတို့ အမျိုးသားအတွက် ဆောင်ရွက် လုပ်ကိုင်ချင်တဲ့ စိတ်ဓါတ်တွေ ၀င်လာမယ်။ နောက်တဘက်မှာ ကိုဝင်းကိုခိုင်ကို ခုလို ဆုပေးဖို့ စီစဉ်ရတာက သူဟာ နှစ်ပေါင်း ၂၀ ကျော် ရခိုင် ဂီတ အနုပညာ လမ်းကြောင်းမှာ အမျိုးသားရေး သီချင်းတွေကို ဆိုပြီး လျှောက်လှမ်းလာခဲ့တယ်။ သူက ရခိုင်အမျိုးသားတွေ ၉၉ ရာနုန်းက လေးစားချစ်ခင်တဲ့ အဆိုတော် တစ်ဦးဖြစ်တော့ သူလို လူတွေဒီပွဲမှာ လာရင် ဒီမှာရှိတဲ့ ရခိုင်လူငယ်တွေက အတုမြင် အတတ်သင် ဖြစ်လာနိုင်တယ်။ ငါတို့ ရခိုင်ထဲမှာလည်း ဒီလို ပညာတတ်ကြီးတွေ အမျိုးသားရေး အတွက် လုပ်ဆောင်ပေးနေတဲ့ ဂီတ အနုပညာ သမားတွေ ရှိပါလားဆိုပြီး အားကျ အတုယူလိုတဲ့ စိတ်တွေ ရရှိစေလိုတဲ့ အတွက် ခုလို အခမ်းအနားကို ကျင်းပရတာ ဖြစ်ပါတယ်" ဟု ပြောသည်။

အခမ်းအနားသို့ လူပေါင်း ၂၀၀၀ ကျော်တက်ရောက်ခဲ့ပြီး ရွှေ့ပြောင်း အလုပ်သမားများ အကြား ပြုလုပ်သောပွဲတွင် အစည်ကားဆုံး အခမ်းအနား တစ်ခု ဖြစ်ကြောင်း ကိုဌေးဝင်းက ပြောသည်။

အခမ်းအနားတွင် ရခိုင်သမိုင်းကို လာရောက် ဟောပြောခဲ့သူ ဆရာကြီး ဒေါက်တာ အေးချမ်းကလည်း ယခုလို နိရဉ္စရာသို့ ပြောသည်။

brilliant-star-ceramony
" အခု ဟောပြောပွဲဟာ ထိုင်းနိုင်ငံမှာ ပြုလုပ်တယ်ဆိုပေမယ့် တကမ္ဘာလုံးမှာ နေထိုင်တဲ့ ရခိုင်အမျိုးသားတွေ အတွက်ကိုယ်စားပြု လုပ်တဲ့ ပွဲလို့ ပြောချင်ပါတယ်။ ရခိုင်အမျိုးသားတွေရော ကိုယ့်သမိုင်း ကိုယ့်ယဉ်ကျေးမူ တွေကို သိရှိ နားလည် ဖို့လိုတယ်။ မိမိတို့ သမိုင်းကို သိမှသာ အနာဂတ်မှာ မိမိတို့ အမျိုးသားအတွက် ဘာတွေကို လုပ်ဆောင်နိုင်မယ်ဆိုတာကို သိရှိနိုင်မယ်။ အခုလို ရခိုင်အမျိုးသားတွေ စုဆုံပြီး ဟောပြောပွဲကို လာရောက် နားထောင်ကြတဲ့ အတွက် အထူး ဂုဏ်ယူ ၀မ်းမြောက်ပါတယ်။ တဘက်မှာလည်း ကိုယ့်ရခိုင် အမျိုးသားထဲက အဆိုတော် တစ်ဦးကို ခုလို ထိုက်တန်တဲ့ ဂုဏ်ပြုဆု ချီးမြှင့်တဲ့ အတွက် အထူး ဂုဏ်ယူ ၀မ်းမြောက်စရာ ကောင်းပါတယ်။ ဒီလို ပွဲမျိုးတွေကို ရခိုင်အမျိုးသားတွေအနေနဲ့ နေရာတိုင်းမှာ ဆက်လက် လုပ်ဆောင်သွားဖို့ လိုတယ်လို့လည်း ပြောချင်ပါတယ်" ဟု ပြောသည်။

Brilliant star ဆု ချီးမြှင့် ခံရသူ ရခိုင်မျိုးချစ် အဆိုတော် ဝင်းကိုခိုင်ကလည်း ယခုလို ဆု ချီးမြှင့်ခဲ့မူ အပေါ် အားရ ဝမ်းသာ ဖြစ်မိကြောင်း ယခုလို ပြောသည်။

" ထိုင်းမှာရောက်ရှိနေကြတဲ့ ရခိုင်အမျိုးသားတွေက ရခိုင်အမျိုးသားရေး သီချင်းတွေကို သီဆိုတဲ့ ကျွန်တော်ကို အမျိုးသား ဂီတသမား တစ်ဦး အဖြစ် သတ်မှတ်ပြီး အခုလို ဆုချီးမြှင့်တဲ့ အပေါ်မှာ အများကြီး ဂုဏ်ယူမိပါတယ်။ အခုကျွန်တော်ကို ဆုချီးမြှင့်တဲ့ အဖွဲ့ကတော့ ရခိုင် လူမူရေး အဖွဲ့ တစ်ခု ဖြစ်ပြီး သူတို့လည်း အရင်က ခုလို ဆုချီးမြှင့်တာမျိုးကို တစ်ခါမှ မလုပ်ဖူးဘူး။ ကျွန်တော်လည်း ဒီလို တစ်ခါမှ ခုလို ဆုချီးမြှင့်တာကို မခံရဘူးဆိုတော့ ကျွန်တော်အတွက် အထူးအမှတ်တရပါ။ ကျွန်တော် ဘ၀မှာ ဘယ် ပြောရမယ်ဆိုတာတောင် မသိတော့ပါဘူး။ ၀မ်းသာဆိုတဲ့ စကားလုံးထက် ပိုပြီးတော့ လေးလေးနက်နက် ခံစားရပါတယ်။ ရခိုင် ပြည်သူတွေက ကျွန်တော်ရဲ့ အနုပညာ အပေါ်မှာ တကယ် အလေးအနက် တန်ဖိုး ထားတယ်ဆိုတာကို သိရအတွက်လည်း အထူးဘဲ ဂုဏ်ယူမိပါတယ်" ဟု ပြောသည်။

အခမ်းအနားပွဲသို့ တက်ရောက်လာသူများသည် ဆရာကြီး ဒေါက်တာ အေးချမ်း ၏ ရခိုင်သမိုင်းဆိုင်ရာ ဟောပြောဆွေးနွေးချက်များ အပေါ် အထူး အားရကြည်နပ်မှု ရှိခဲ့ကြသည်ဟု သိရသည်။

brilliant-star-ceramony-won-ko-khaing
အခမ်းအနားတွင် ထိုင်းနိုင်ငံနှင့် နိုင်ငံတကာရောက် ရခိုင်သူ ရခိုင်သားများမှ ဆရာကြီးဒေါက်တာ အေးချမ်းအား ဂုဏ်ပြု လက်ဆောင်များပေးအပ်ခဲ့ကြပြီး အခမ်းအနားကို ထိုင်းနိုင်ငံ လုံခြုံရေးအရ အချိန်းအကန့် အသတ်ဖြင့် ကျင်းပခဲ့ရသည့်အတွက် ညနေ (၄) နာရီတွင် ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။


------------------
.: နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။