ဗမာလည်း တိုင်းရင်းသား တစ်မျိုးသာ ဖြစ်ကြောင်း (၆၅) နှစ် ပြည်ထောင်စုနေ့တွင် ဒေါ်စု ပြောကြား


ရန်ကုန်မြို့တွင် ညီနောင် တိုင်းရင်းသား ၆ ဖွဲ့ က ပြုလုပ်သော (၆၅) နှစ်မြောက် ပြည်ထောင်စု နေ့တွင် မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗမာလည်း မြန်မာနိုင်ငံထဲက တိုင်းရင်းသား တစ်မျိုးသာ ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။

Nationality-Brotherhood-Forum
" ဒေါ် အောင်ဆန်းစုကြည်ကတော့ တိုင်းရင်းသားများရဲ့ အခန်းကဏ္ဍကို သူ အသိမှတ်ပြုတယ်လို့ ပြောခဲ့ ပါတယ်။ တိုင်းရင်းသား တန်းတူရေး ကျွန်တော်တို့ တောင်းဆိုနေတဲ့ ပြည်ထောင်စု စစ်စစ်ကိုလည်း သူက ယေဘူယအားဖြင့် ထောက်ခံတယ်လို့ ပြောသွားပါတယ်။ ထူးခြား တာကတော့ ဗမာဆိုတာလည်း မြန်မာနိုင်ငံထဲက တိုင်းရင်းသား တစ်မျိုးဆိုတဲ့ စကားတခွန်း ကိုလည်း မြန်မာနိုင်ငံ သမိုင်း အပြောင်းအလဲ ကာလမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာကို ကျွန်တော်တို့ ကြားလိုက်ရပါတယ်" ဟု ပြောသည်။

Nationality Brotherhood F၀rum အမည်ဖြင့် စုပေါင်းထားသော တိုင်းရင်းသား ညီနောင် ၅ ပါတီနှင့် နောက်ဆုံး လာပေါင်းသော ကယန်း အမျိုးသားပါတီတို့ ပူးပေါင်းကျင်းပသော (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်။

" တခြား အစီအစဉ်တွေ ရှိနေတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနား အစီအစဉ် ပီးဆုံးနီးခါမှ ရောက်ရှိလာပါတယ်။ အခမ်းအနား မှာ မိန်းခွန်းပြောတော့ ဗမာလည်း တိုင်းရင်းသားဆိုတဲ့ ဒီအချက်ကို ထည့်ပြော သွားပါတယ်။ ဗမာကို တိုင်းရင်း သားထဲမှာ မထည့်ဘဲနဲ့ ကျန်တဲ့ လူမျိုး (၇)မျိုးကိုသာ တိုင်းရင်းသား အဖြစ် ထည့်သွင်း ရာကနေ ဗမာဆိုတာလည်း တိုင်းရင်းသား တစ်မျိုးပါ ဆိုတာမျိုးကို မြန်မာနိုင်ငံသမိုင်းမှာ အထူး အဆန်းအနေနဲ့ ကျွန်တော်တို့လည်း ကြားလာရတဲ့အတွက်ကြောင့် ကျွန်တော်တို့ တိုင်းရင်းသား အင်အား စုတွေထဲမှာ နည်းနည်း ချပြီး ဆွေးနွေးစရာတခု ဖြစ်လာရပါတယ်" ဟု ဦးလှစောက ပြောသည်။

မြန်မာနိုင်ငံတွင် ဗမာ မဟုတ်သော လူမျိုးများကို ရည်ညွှန်းဖေါ်ပြရာတွင် ကရင်တိုင်းရင်းသူ၊ ရခိုင်တိုင်းရင်းသူ၊ ကချင် တိုင်းရင်းသူများဟု ရေးသားဖေါ်ပြပြီး ဗမာတိုင်းရင်းသူဟု ရေးသားဖေါ်ပြခြင်း မရှိခဲ့သဖြင့် နောင်တွင် ဗမာ အမျိုးသမီးများကိုလည်း ဗမာ တိုင်းရင်းသူများဟု ခေါ်ဝေါ် သုံးစွဲကြရတော့မည် ဖြစ်ကြောင်း ပြောဆိုသည်။

ယခုကဲ့သို့ ပြည်ထောင်စု အတွက် အရေးကြီးသော အပြောင်းအလဲကာလတွင် တိုင်းရင်းသား (၆)ဖွဲ့က ပြည်ထောင်စုနေ့ စုပေါင်း ကျင်းပရသော အနှစ်သာရကိုလည်း သူက ယခုလို ဆက်ပြောသည်။

" အနှစ်သာရအားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အခုက တိုင်းရင်းသားပြဿနာဟာ အဓိက အရေးကြီးတဲ့ ပြဿနာ ဖြစ်နေသလို၊ ဒီမိုကရေစီ အရေးနဲ့ တိုင်းရင်းသားပြဿနာဆိုတာက ခေါင်းနဲ့ ပန်းလို ဖြစ်ပါတယ်။ အခုက မြန်မာနိုင်ငံမှာ အနည်းဆုံး အခွင့်အရေး တစ်ခုက တိုင်းရင်းသား ဒီမို ကရက်တစ် ပါတီတွေ တရားဝင်ရပ် တည် ခွင့်ရလာတယ်။ ဒုတိယတချက်က တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ တိုင်းရင်းသားအရေး အတွက် တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေနဲ့ အစိုးရက ပဏာမ တွေ့ဆုံ ဆွေးနွေးပြီး အပစ်အခတ် ရပ်စဲ လာတာတွေ အပေါ် ကျွန်တော်တို့ဘက်က အကောင်းမြင်ပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံရဲ့ အပြုသဘော အနည်းငယ် ရောင်နီသန်းလာတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဒီရောင်နီသန်းလာတဲ့ လက္ခဏာဖြစ်လာတဲ့ အတွက်ကြောင့် ကျွန်တော်တို့ တိုင်းရင်းသား ပါတီတွေက ဒါကို စုပေါင်းပြီး ကျင်းပတာ ဖြစ်တယ်။ ဒီပြည်ထောင်စုနေ့ဟာ တခြား အရင်ကာလ မဆလခေတ်က၊ န၀တ စစ်အာဏာရှင် ခေတ်ကထက် တစုံတရာတော့ အနည်းငယ် ရောင်နီသန်းလာတဲ့ လက္ခဏာဖြစ်တဲ့အတွက် ကျွန်တော်တို့က အနှစ်သာရ အရ ပိုပြီး ခမ်းခမ်းနားနား မြိုင်မြိုင် ဆိုင်ဆိုင် ဖြစ်အောင် ပြည်ထောင်စုနေ့ကို စုပေါင်း လုပ်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကြေငြာချက်လည်း ထုတ်ပါတယ်။ တိုင်းရင်းသား အကတွေနဲ့ အားလုံး တိုင်းရင်းသား အင်အားစုတွေကိုလည်း ဖိတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ရောက်ရှိလာပါတယ်" ဟု ဦးဦးလှစောက ပြောသည်။

၎င်းပြင် ပြည်ထောင်စုနေ့ ကျေညာချက်နှင့် ပတ်သက်ပြီးလည်း ဦးဦးလှစောက ယခုလို ပြောသည်။

၏ ကျွန်တော်ကတော့ မေးခွန်းမပြောပါ။ ကျွန်တော်က တိုင်းရင်းသားပါတီများရဲ့ ပြည်ထောင်စုနေ့ သဘော ထားကြေငြာချက်ကို ဖတ်ကြားခဲ့ပါတယ်။ ကြေငြာချက်ကို ကျွန်တော် မဖတ်ကြားမှီ နိဒါန်း အနေနဲ့ ကျွန်တော် ပြောခဲ့တာက မြန်မာနိုင်ငံမှာ တိုင်းရင်းသားဒေသတွေဟာ အဆင်းရဲဆုံး၊ ခေတ်နောက်အကျဆုံး၊ နောက်တခုက လူ့အခွင့်အရေး အချိုးဖောက်အခံရဆုံး၊ နောက်တခုက ပြည်တွင်းစစ်ဒဏ်ကို အဖိနှိပ်ခံရဆုံး ဒေသတွေ ဖြစ်ပါတယ် ဆိုတောတွေကို ပြောကြားခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ၅ ပါတီသဘောထား ကြေငြာချက်ကို ဖတ်ပြခဲ့ပါတယ်။ ကြေငြာချက်ကို အနှစ်အားဖြင့် ပြောရရင် ကျွန်တော်တို့သည် ဒီပြည်ထောင်စုနေ့မှာ မြန်မာနိုင်ငံ မှာ လွတ်လပ်ရေး အတွက် ဒီပြည်ထောင်စု မြန်မာနိုင်ငံ တည်ထောင်ရေး အတွက် သဘောတူညီမူ တရပ်ရရှိခဲ့ပြီး ကျွန်တော်တို့ လွတ်လပ်ရေးကို ရယူခဲ့ကြတယ်။ သို့သော် လွတ်လပ်ရေးရယူခဲ့ကြပေမဲ့ ဒီနေ့ကာလအထိ ကျွန်တော်တို့တိုင်းရင်းသားတွေ တန်းတူရေးအခွင့်အရေး၊ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို ကျွန်တော်တို့ ဒီကနေ့ထိ တခါမှ မရဘူးသေးဘူး။ ဒါကြောင့် စစ်မှန်တဲ့ ပြည်ထောင်စုကြီးဟာ ကျွန်တော်တို့မှာ အလွန်တရာ အလှမ်းဝေးနေတုန်း ဖြစ်သေးတယ်ဆိုတာကို ပြောခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ ဒီမိုကရေစီ ဆိတ်သုန်းနေတဲ့ ဘ၀က ဒီမိုကရေစီ ရောင်နီလေး သန်းလာတဲ့ကာလမှာ စစ်မှန်တဲ့ ပြည်ထောင်စု ကြီးဖြစ်ဖို့အတွက် အင်အားစုတွေအားလုံး ပူးပေါင်းပြီးလုပ်ဆောင်ကြဖို့ဆိုတာကို ကျွန်တော်တို့ တိုင်းရင်းသား ၆ ပါတီ ကြေငြာချက်မှာ တိုက်တွန်းထားပါတယ်" ဟု ပြောသည်။

အခမ်းအနားသို့ တိုင်းရင်းသား (၆) ပါတီမှ ခေါင်းဆောင်များ စုံစုံညီ တက်ရောက်ကြပြီး ရှမ်းအမျိုးသားဒီမိုကရေစီ ပါတီမှ အကျဉ်းထောင်က လွတ်မြောက်လာသူ ဦးစိုင်းညွန့်လွင်နှင့် နေပြည်တော်တွင် ရောက်ရှိနေသူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်လည်း တက်ရောက်ခဲ့သည်ဟု သိရသည်။



------------------
.: နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။