ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးပို့ဆောင်ရေး စီမံကိန်းစတင် စီမံကိန်းပြီးစီးပြီးနောက် တစ်နှစ်အကြာမှ ဖြတ်သန်းပို့ဆောင်ခအား စတင်ကောက်ခံရမည်



72111
အိန္ဒိယနိုင်ငံမှ ရာနှုန်းပြည့် ကူညီမှုဖြင့် တည်ဆောက်လျက် ရှိသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ပို့ဆောင်ရေးစီမံကိန်း လုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း စီမံကိန်း အကောင်အထည် ဖော်ရေး ကော်မတီမှ ပြုလုပ်သည့်စာနယ်ဇင်း ရှင်းလင်းပွဲ အခမ်းအနားမှ သတင်းရရှိပါသည်။

ယင်းကဲ့သို့ အိန္ဒိယမှ ရာနှုန်းပြည့်ကူညီမှုဖြင့် တည်ဆောက်နေသည့်အတွက် အဆိုပါ နိုင်ငံအား ကောက်ခံရမည့် ဖြတ်သန်းပို့ဆောင်ခအား စီမံကိန်းပြီးစီးပြီး တစ်နှစ်အကြာတွင်မှ စတင်ကောက် ခံရ မည်ဟုလည်း သိရသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ပို့ဆောင်ရေးစီမံကိန်းတွင် စစ်တွေမှ အိန္ဒိယနယ်စပ် အထိ  ကားလမ်း ၁၂၂ကီလိုမီတာ၊ ရေလမ်း ၁၅၈ကီလိုမီတာ ပါဝင်မည်ဖြစ်ပြီး ၂၀၁၃ခုနှစ်တွင် တံတားပိုင်း တည်ဆောက်ရေးလုပ်ငန်းများ ပြီးဆုံးမည် ဖြစ်ကာ၊ ၂၀၁၄ ခုနှစ်တွင်လမ်းပိုင်း တည်ဆောက်ရေးလုပ်ငန်းများ ပြီးဆုံးမည်ဟုသိရသည်။ အဆိုပါ တည်ဆောက်ရေး လုပ်ငန်းများပြီးဆုံး ပါက အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ အပြီးအပိုင် လွှဲအပ်ပေးသွားမည်ဖြစ်ကာ မြန်မာနိုင်ငံမှ ထိန်းသိမ်းအုပ်ချုပ်မှုပိုင်းကိုသာလျှင် တာဝန်ယူရမည်ဟု သိရသည်။

“စီမံကိန်းလုပ်ငန်းတွေ ပြီးဆုံးတာနဲ့ အိန္ဒိယနိုင်ငံက မြန်မာဘက် ကို အပြီးအပိုင် လွှဲပြောင်းပေးသွားမှာ ပါ။ မြန်မာဘက်က ထိန်းသိမ်းအုပ်ချုပ်မှုပိုင်းကိုပဲ တာဝန်ယူရမှာဖြစ်တဲ့ အပြင် ထိန်းသိမ်းမှုစရိတ် မလောက်ရင်လည်း နှစ်နိုင်ငံ ပြန်လည်ညှိနှိုင်း ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ကုလားတန်မြစ်ကြောင်း စီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌ၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ဆိုသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးပို့ဆောင်ရေး စီမံကိန်း လုပ်ငန်း ဆောင်ရွက်နိုင်ရန် အတွက် မြန်မာနှင့် အိန္ဒိယနိုင်ငံများမှ တာဝန်ရှိသူများသည် နယူးဒေလီမြို့၌ ဆောက်လုပ်ရေးနှင့် လုပ်ငန်း ဆောင်ရွက်ရေးဆိုင်ရာ မူဘောင်သဘော တူစာချုပ်၊ သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ ပရိုတိုကော၊ ထိန်းသိမ်းခြင်းနှင့် စီမံခန့် ခွဲခြင်း ပရိုတိုကောများကို ၂၀၀၈ ခုနှစ်၊ ဧပြီလ၂ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးပို့ဆောင်ရေး စီမံကိန်း လုပ်ငန်းများ ဆောက်ရွက်ရန် ရင်းနှီးငွေအနေဖြင့် စစ်တွေဆိပ်ကမ်း နှင့် ကုလားတန်မြစ်ကြောင်းဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၇၄သန်းခန့်၊ ပလက်ဝမှ မြန်မာ အိန္ဒိယနယ်စပ် အထိ အဝေးပြေးလမ်း ဖောက်လုပ်ရန် အမေရိကန်ဒေါ်လာ ၁၄၀သန်း ခန့် စုစုပေါင်းဒေါ်လာ ၂၁၄သန်း ခန့် ကုန်ကျခံတည်ဆောက်မည့် စီမံကိန်း တစ်ခုဖြစ်ကြောင်းလည်း သိရှိရပါသည်။

“ဒီစီမံကိန်းပြီးစီးချိန်မှာ မြန်မာနဲ့အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှု အခွင့်အလမ်း ပိုမိုရရှိလာမှာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေ ပေါ်ပေါက်လာပြီး အိန္ဒိယနိုင်ငံ နဲ့သာမကဘဲ တခြားနိုင်ငံတွေနဲ့လည်း တိုက်ရိုက်ကုန်သွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်”ဟု ကုလားတန်မြစ်ကြောင်း စီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌ၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးချိုသန်းမောင် က ပြောကြားခဲ့သည်။
.......
နEleven Media Group
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။