ရမ္မာဝတီ အရှင်ပညာစာရ လွှတ်မြောက်ရေး တောင်ကုတ်တွင် တောင်းဆို

တောင်ကုတ်တွင် ပြုလုပ်သော ၂၂၇ နှစ်မြောက် ရခိုင်ပြည် အချုပ်အချာအာဏာ ကျဆုံးနေ့ အခမ်းအနားတွင် ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ အရှင်ပညာစာရ လွှတ်မြောက်ရေး အတွက် တောင်းဆိုခဲ့ကြသည်ဟု သတင်း ရရှိသည်။


images တောင်ကုတ်တွင် ၂၂၇ နှစ်မြောက် ရခိုင်အချုပ်အချာအာဏာ ကျဆုံးနေ့ ကျင်းပနေစဉ်။ (ဓါတ်ပုံ- AHN)
အဆိုပါ တောင်းဆိုမူအား တောင်ကုတ်မြို့ ဓမ္မ၀ိဟာရ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြသော ၂၂၇ နှစ်မြောက် ရခိုင်အချုပ်အချာ အာဏာကျဆုံးနေ့ အခမ်းအနားတွင် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

" အခမ်းအနားကို နံနက် ၉ နာရီကနေ ၁၂ နာရီထိ ပြုလုပ်ခဲ့ပါတယ်။ လူပေါင်း ၅၀ ခန့် တက်ရောက်ပြီး လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေတွေ၊ ရခိုင်ပြည်နယ် အခြေအနေအရပ်ရပ်ကို ဟောပြော ဆွေးနွေး ခဲ့ကြပါတယ်။ ဆရာတော် အရှင်ပညာစာရကိုလည်း မတရား ဖမ်းဆီး ချုပ်နှောင်ထားတဲ့ အတွက် လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်" ဟု ဦးဆောင်သူ ရခိုင်လူသားချင်း စာနာမူ အထောက်အကူပြု ကွန်ယက် ( AHN) လူငယ် တစ်ဦးက ပြောသည်။

ဆရာတော် ပညာစာရ လွှတ်မြောက်ရေး အတွက် သမ္မတ ဦးသိန်းစိန်ထံသို့လည်း အသနားခံစာ တစ်စောင်ကို ရေးသား ပေးပို့ခဲ့ကြောင်း သူက ပြောသည်။

" ဆရာတော်ဟာ ရခိုင်သမိုင်းသုတေသီ တစ်ဦးဖြစ်တဲ့ အတွက် ဆရာတော်ကို ပြန်လွှတ်ပေးဖို့ လိုအပ်ပါတယ်။ ဆရာတော်ဟာ အမျိုး ဘာသာ သာသနာ အကျိုးကို ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ် တစ်ဦးဖြစ်တဲ့ အတွက် ဆရာတော်ကို ဖမ်းဆီးထောင်ချတာဟာ အမျိုးသား ရင်ကြားစေ့ရေးကိုလည်း အဟန့်အတား ဖြစ်နေတယ်လို့ အခမ်းအနားကို တက်ရောက်လာသူများက မြင်တဲ့ အတွက် သမ္မတကြီးဆီ စာရေးပြီး အရှင် ပညာစာရကို လွှတ်ပေးဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။
images ရမ္မာဝတီ အရှင် ပညာစာရ လွှတ်မြောက်ရေး လက်မှတ်ရေးထိုးနေစဉ် (ဓါတ်ပုံ- AHN)
ဆရာတော် အရှင် ပညာစာရ လွတ်မြောက်ရေး အတွက် တောင်းဆိုထားသော စာအား တက်ရောက်လာသူများက အသီးသီး လက်မှတ်ရေးထိုးကြပြီး သမ္မတကြီး ဦးသိန်းစိန်ထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်းသိရသည်။

၂၂၇ နှစ်မြောက် ရခိုင်ပြည် အချုပ်အချာအာဏာ ကျဆုံးသည့်နေ့တွင် ရခိုင်အမျိုးသားများ အနေဖြင့် ကိုယ့်မင်း ကိုယ့်ချင်းနှင့် လွတ်လပ်နေကြပုံ၊ စာပေ ယဉ်ကျေးမူ ထွန်းကားကြီးကျယ်ခဲ့ပုံနှင့် လက်ရှိ အခြေအနေတွင် ရခိုင်လူမျိုးများ ကြုံတွေ့နေရသော အခက်အခဲများကို တက်ရောက်သူများက ဟောပြောခဲ့ကြသည်။

(ဆရာတော် ရမ္မာဝတီ ပညာစာရ ဖြစ်စဉ် အကျဉ်း)
ဆရာတော် အရှင်ပညာစာရအား ရခိုင်အမျိုးသားရေးကို ဆောင်ရွက်သူ ပုဂ္ဂိုလ် တစ်ဦးဖြစ်သဖြင့် စစ်အစိုးရ အာဏာပိုင်များက အမြင်ကပ် ပုဒ်မဖြင့် ၂၀၁၀ ခုနှစ်က စက်တင်္ဘာလက ထောင် (၈) နှစ်နှင့် သုံးလ ချမှတ်ပြီး ယခုအခါ သရက်ထောင်တွင် ချုပ်နှောင်ထားသည်။

ဆရာတော် ပညာစာရကို ၂၀၁၀ ခုနှစ် ဇူလိုင်လက သူသီတင်းသုံးရာ စစ်တွေမြို့ အာကျိတ်တော် ကုန်းပေါ်ရှိ မဟာမုနိ ဗုဒ္ဓ ၀ိဟာရ မိဘမဲ့ကလေးဂေဟာမှ အာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင် သွားပြီး နောက်ပိုင်းတွင် ကလေးငယ်များ၏ အလောင်းဖျောက်ဖျက်မှု၊ တရား မ၀င် နိုင်ငံခြားငွေ ကိုင်ဆောင်မူ၊ ငွေ အလွဲသုံးစား လုပ်မှု၊ စည်ပင် ဥပဒေကို မလိုက်နာမူ၊ မာတုကာမနှင့် ဖောက်ပြန်မှု စသည့် အမူများ အပါအ၀င် အမှု ပေါင်း ၇ ခုနှင့် တရားစွဲဆိုခဲ့သည်။

ဆရာတော်ကို ဖမ်းဆီးပြီးနောက် ဆရာတော်စုဆောင်းထားသည့် ရခိုင် ရှေးဟောင်း ဒင်္ဂါးများ၊ ဘုရား ဆင်းထုများ၊ ရှေ့ဟောင်း ရခိုင်ရာဇ၀င် ပေမူများ၊ ဆေးကျမ်းများ အပါအ၀င် တခြားပစ္စည်းများကို အာဏာပိုင်များမှ သိမ်းဆည်းသွားပြီး တရားရုံးတွင် တစုံတရာ မတင်ပြဘဲ ဖျောက်ဖျက်ထားသည်။

၎င်းပြင် ဆရာတော် မွေးစားထား သည့် အရွယ်မရောက်သေးသည့် ရခိုင် ကလေးငယ် ၁၀၀ ကျော်ကိုလည်း ဗမာပြည်ဘက်သို့ ယူဆောင်သွားခဲ့ပြီး ဆရာတော် ကျောင်းကိုလည် ချိတ်ပိတ် ထားသည်။

ဆရာတော် အရှင် ပညာစာရအား အပြစ်ရှိသည် ဆိုပါက တခြား ရဟန်းတော်များကို အရေးယူ ဆောင်ရွက်သကဲ့သို့ ချမှတ်ပြဌာန်းထားသော ရဟန်းတော်များ၏ ၀ိနည်းတော် အတိုင်း အရေးမယူဘဲ ချက်ချင်း လူဝတ်လဲကာ နိုင်ငံတော် ပုန်ကန်သူ တစ်ဦးပမာ သဘောထားပြီး စစ်အစိုးရမှ အရေးယူ ဆောင်ရွက်ခဲ့သည်။


-------------------------
 နိရဉ္စရာ
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။