ရှေးက ပေါတာတာ၊ အတတနိုင်လှသော လူတစ်ယောက်ရှိ၏။ ၄င်းကိုအများက ဗောနှမ်း (ပေါနှမ်း) ဟူ၍ ခေါ်ဝေါ်ခဲ့ကြလေသည်။ ဗောနှမ်းသည် မနူးမနပ်ဖြစ်သော်လည်း အလုပ်အကိုင်ကောင်းလှ၏။ အလုပ် မရွေး လုပ်ကိုင်လျက် အသက်မွေးဝမ်းကျောင်းပြုလာလေသည်။
ဗောနှမ်းအား ရွာနီးချုပ်စပ်မှအမျိုးသမီးများက လက်မခံကြချေ။ သို့သော်လည်း တစ်ရပ်တစ်ခြားနေ ဆင်းရဲ သူမတစ်ဦးက ချစ်ကြည်လေ၏။ ထို့ကြောင့် ၄င်းဆင်းရဲသူမနှင့်အိမ်ထောင်ဖက်ခဲ့ရလေသည်။ထို့နောက် ၄င်း တို့လင်မယားတို့သည် မိမိတို့အလုပ်အကိုင်ဖြင့် ကောင်းစွာနေထိုင်လာခဲ့ကြလေသည်။
တစ်နေ့သ၌ ဗောနှမ်းသည် ယောက္ခမအိမ်သို့ အလည်အပတ်သွားခဲ့ရလေသည်။ ထိုတွင် တည်ခင်းသော ထမင်းဟင်းများကိုလည်း မြိန်ရှက်စွာစားသောက် ခဲ့လေ၏။ ထမင်းစားရာ၌ ငရုပ်ဖုတ်ဟင်းကို အ လွန်နှစ် ခြိုက်မိလေသည်။ ကြက်သွန်ဖြူနိုင်လှပြီး ငရုပ်ကိုမီးသင်း၍ နယ်ထားသောကြောင့် ကြိုင်သင်းနေ၏။ တို့စရာ များဖြင့်တို့စားရသော ငပိချက်တစ်မျိုးလည်းဖြစ်လေ၏။

ထိုငရုပ်ဖုတ်ဟင်းကို အမြဲသတိရလာလေ၏။အိမ်ပြန်ရောက်လျှင် မိမိမယားကိုစီစဉ်စေမည်ဟု အားခဲ ထား လေ၏။ယောက္ခမအိမ်မှပြန်ခဲ့သော် လမ်းခရီး၌မေ့မသွားရန်အာရုံစိုက်လာခဲ့လေသည်။ ခရီးမှာ အတော်ဝေး လှရာကားအချိန်ကြာစွာ သွားလာရလေ၏။ချောင်းငယ်များကိုလည်း ကူးမြောက်လာခဲ့ရလေ၏။ ထိုသို့လာ စဉ် ခလုတ်ထိ၍ လဲကျခဲ့ရသောကြောင့် မေ့ပျောက်သွားရလေ၏။
ဗောနှမ်းသည် ထိုဟင်းကို အကြိမ်ကြိမ် တွေးတော၏။မည်သို့ပင် စဉ်းစားစေကာမူ သတိပြန်ရရန်ကား မဖြစ် တော့ချေ။ ထို့ကြောင့်ဝမ်းနည်းစဖွယ်ဆုံးရှုံးခြင်းဖြင့်ပင် စိတ်ပျက်ခဲ့ရတော့သည်။ သတိမရပြီဖြစ်ရာ ကား ပြန် မြဲပြန်လာရာ လမ်းခုလတ်တွင် မြေတူးနေကြသူများနှင့်တွေ့ရလေ၏။
၎င်းတို့က“အချိန်ရှိသေးသည်၊လက်ခစည်းပြန်သွား၍ ဘာအကျိုးရှိအံ့နည်း။ငါတို့နှင့်အတူဝင်၍ မြေတူးခဲ့က တစ်ပြားတစ်ချပ်မရချေလော့” ဟုပြော၍တိုက်တွန်းကြလေ၏။ထိုအခါဗောနှမ်းလည်း သဘောကျ၍ လက်ခံ လိုက်လေ၏။ထို့ကြောင့်အတူတကွ ရော၍ မြေတူးခဲ့ကြလေသည်။
အလုပ်ကို ကြိုးစားလုပ်ကိုင်လေ့ရှိသည့်အတိုင်းမရပ်မနားတူးလေသည်။ ထိုသို့တူးလေစဉ် လေလည် (ချေး ပေါက်)ခြင်းဖြစ်ခဲ့လေသည်။ မြေတူးအဖော်လက်သားများက အနံ့ရ၍“မင်းငရုပ်ဖုတ်ဟင်း စားလာ ခဲ့ တယ် မဟုတ်လော” ဟုပြောဆိုကြလေ၏။
ထိုအခါ ဗောနှမ်းလည်း မိမိမေ့ပျောက်နေသည်ကို သတိရလာလေသည်။
“ငါဟင်းပျောက်နေသည်မှာ ယခုမှပင်ပြန်ရချေပြီ” ဟုစိတ်ထဲက ၀မ်းသာအားရဖြစ်လာလေသည်။
မရည်မှန်းဘဲသတိပြန်ရသဖြင့် ရွှင်ပြုံးလျက်....
“ရပြီ...ရပြီ”ဟု ဟစ်အော်လေသည်။
ထို့နောက် အပျော်ကြီးပျော်ကာ ထခုန်လိုက်၏။
အဖော်မြေတူးသမားတို့က ၄င်းအား“အရူးလေလော” ဟုထင်မှတ်ကြလေ၏။ မေးမြန်းကြသောအခါတွင်....
“ငါ့ ငရုပ်ဖုတ်ဟင်းပြန်ရပြီ” ဟုပြောလျက် မြေတူးခကိုပင် အရေးမထားခဲ့ဘဲ ချက်ချင်း အိမ်သို့ တဟုန် ထိုး ပြေးလာခဲ့လေသတည်း။
လက်ခစည်း = အချည်းနှီး
အရှင်စက္ကိန္ဒ (ရခိုင်တံခွန်ပုံပြင်များ)
Credit: Arakan Folks
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။