ကြောင်သူတော်

ရှေးအခါက တောချုံတစ်ခု၌ ကြက်မတစ်ကောင်ကျက်စားနေထိုင်လျက် ရှိခဲ့လေ၏။ ကြောင်တစ်ကောင် သည်လည်းထိုတောသို့ရောက်လာ၍ နေထိုင်လေ၏။ ကြက်မကား ပိုးမွှားများကို ယက်၍ရှာဖွေ စားသောက် လေ၏။ ကြောင်မှာအသားငါးများကိုသာ စားသောက်ခဲ့လေ၏။

ကြက်မအတွက်အစာရှာစားရလွယ်၏။ကြောင်အဖို့ရာအစာရှာရခက်ခဲလေ၏။ထိုကြောင့် ကြက်မသည် အစာ ၀ဖြိုးသော်လည်းကြောင်ကား အစာခေါင်းပါးလေ၏။ သို့နေလာခဲ့ကြရာမှ ကြောင်သည်အစာငတ်၍ ပိန်ချုံး လာခဲ့ရလေ၏။

တစ်နေ့သ၌ ကြောင်သည် ကြက်မကိုတွေ့မြင်မိလေ၏။ “ဤကြက်မကား အစာကောင်းရာတွင် ကျက် စား လေရာသည်။ကြက်မကို မိတ်ဖွဲ့မှသာလျှင် ငါလည်းအစာကောင်း စားရ၍ဆူဖြိုးလာရမည်” ဟုအောက် မေ့ လေ၏။

ထိုကြောင့် ကြက်မကိုမိတ်ဆွေဖွဲ့ဟန်ဆောင်ခဲ့လေ၏။

ကြက်မနှင့်ကြောင်သည် မယုံကြည်ကြသောမိတ်ဆွေဖြစ်လာခဲ့ကြလေ၏။ ကြက်မသည် ကြောင်ကိုစိတ် မချ။ အန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်လေသည်။ကြောက်လန့်သော အားဖြင့်သာမိတ်ဆွေဖွဲ့ခဲ့ရ၏။သို့သော်အသင့် အတင့် သဘောကိုထားလျက် အလိုက်အသင့်ပေါင်းဖက်လာခဲ့ရလေ၏။

ကြောင်လည်း အခွင့်အလမ်းကိုချောင်းလျက်သာ နေလာခဲ့လေ၏။ တစ်နေ့တွင်ကြောင်က “မိတ်ဆွေအဘယ် မှာ အစာရှာသွားမည်နည်း” ဟုမေးလေ၏။

ကြက်မက“မြောက်ဘက်အရပ်သို့သားမည်” ဟုပြောလေ၏။ သို့သော်စိတ်မချ၍ အစာရှာစဉ် တောင်ဘက်အ ရပ်သို့သွားရောက်ရှာစားခဲ့လေ၏။ နောက်တစ်နေ့တွင်မေးရာ “တောင်အရပ်သို့သွားမည်” ဟုပြော၍မြောက် ဘက်အရပ်သို့လွှဲဖယ်သွား၏။

ကြက်မပြောခဲ့ရာသို့ ကြောင်လည်းသွားရောက်ရှာဖွေလေ၏။ တစ်ခါမှ မတွေ့ရသဖြင့် ထပ်မံ၍မေးမြန်းခဲ့လေ ၏။

ထိုအခါ ကြက်မက...“အသင်မရှာ၍ဖြစ်မည်၊ နက်ဖြန်အနောက်ဘက်ကိုလာခဲ့လော့” ဟုမှာထားလေ၏။

သို့သော်အရှေ့ဘက်သို့လှည့်ကာ ရှာစားခဲ့သဖြင့်လွဲခဲ့ရလေ၏။ နောက်တစ်နေ့ “အရှေ့ဘက်သို့သွား၍ ရှာ မည်”ဟုပြောသွားကာ အနောက်အရပ်သို့ ရှောင်သွားလျက် ရှာစားနေလေ၏။ ထို့ကြောင့်တစ်ခါမှ ရှာမရ ဘဲ တလွဲစီသာဖြစ်ခဲ့ကြရလေ၏။

ကြောင်ကကြက်မကိုရှာမတွေ့လေသော် ဒေါသဖြစ်လာခဲ့လေ၏။
အမှန် ကိုမပြော။ လိမ်လည်မုသားဆို၍ ရှောင်ရှားနေသည်ဟုအောက်မေ့လာခဲ့သည်။ ထို့ကြောင့်အခွင့်မသာ လေ၍ ကြက်မသည် အသက်ချမ်းသာစွာရှိလာခဲ့လေ၏။

တစ်နေ့သ၌ ကြောင်သည်ကြက်မကို အတွေ့ခံလေ၏။တွေ့လျှင်လက်မလွှတ်တော့ဘဲ...“ယနေ့သင့်ကို ငါစား ရလိမ့်မည်”ဟု ပြောလေ၏။

ကြက်မကား...“ငါ့ကိုမစားမီ အသနားခံပါရစေ” ဟုတောင်းဆိုလေ၏။

သဘောတူညီသဖြင့် ကြက်မသည် ခေတ္တအခွင့်အရေးရရှိလေ၏။ ထို့ကြောင့်ကြက်မသည် ကြက်ချေးတစ်တုံး ယိုချ၍ ကြက်ဥတစ်လုံးကိုလည်း ဥချထားခဲ့လေ၏။

မကြာမီ ကြက်မကိုကြောင်သည် ကိုက်သတ်စားလေ၏။ ထားခဲ့သော ကြက်ချေးနှင့်ကြက်ဥတို့သာကျန်ရစ်ခဲ့ ကြလေ၏။ ကြောင်လည်းအစာကောင်းစွာဝလေသော် ထိုနေရာမှရှောင်ရှားသွားခဲ့လေ၏။ထိုအခါမှစ၍ကြက် နှင့်ကြောင်သည် ရန်ဘက်ဖြစ်ခဲ့ရလေ၏။

အမိမဲ့ကြသော ကြက်ချေးနှင့်ကြက်ဥတို့သည် ကြောင်ကိုဒေါသဖြစ်၍ ရန်ငြိုးပြုကြလေ၏။ အခဲမကြေဘဲတတ် နိုင်လျှင် ကလဲ့စားချေမည်ဟု ကြံစည်ခဲ့ကြလေ၏။

ထိုနောက် ကြောင်ကိုလက်တုံ့ပြန်ရန် မကြာမီလိုက်လံ ရှာဖွေခဲ့ကြလေ၏။ လမ်းတွင် တွေ့ကြ သူများ ကမေး လေရာ...“ကြောင်ကိုစစ်ချီရန်သွားသည်” ဟုပြောလေ၏။

“မည်သူမည်ဝါလိုက်ကြမည်နည်း၊ကြောင်သူတော်ကို လက်စတုံးချေဖျက်မည်”ဟုလည်း ကြိမ်းဝါးခဲ့လေ၏။

ကြားရသူများက“ကြောင်သည် သတ္တ၀ါများ၏ရန်သူဖြစ်သည်။ ကြက်ချေး၊ကြက်ဥပင် စစ်ချီနိုင်လျှင် ငါတို့ပဇာ လုပ်နေရအံ့နည်းဟု စကားဖြစ်ခဲ့ကြလေ၏။

ထိုအခါ အပ်က“ငါလိုက်မည်” ဟုဦးစွာ ထွက်ဆိုလေ၏။

ထိုနောက် ကနားဝါးချောင်းလည်းလိုက်ပါရန်ပြောလေ၏။ ထို့ကြောင့် ကဏန်းမ၊ ကြိုး၊ ဆိတ်၊ ကျည်ပွေ့ တို့က လည်း အသီးသီးတပ်ကူ လိုက်ပါခဲ့လေ၏။

ညဥ့်အချိန် ကြောင်သူတော်နေရာသို့ရောက်ခဲ့ကြလေ၏။ ၄င်းရှိရာကို မလွတ်မိစေရန် ကြက်ဥက တပ် ချဖြန့် ခင်းလေ၏။ ထို့ကြောင့်အောက်ပိုင်းတွင် ချုပ်အပ်နှင့် ချည်ကြိုး၊ အပြင်ကို ဆိတ်နှင့်ကျည်ပွေ့က တာဝန် ယူ စောင့်ခဲ့ရလေ၏။ အထက်ပိုင်းတာဝန်ကို ကြက်ဥ၊ကြက်ချေးစု၊ ကဏန်းမတို့ကယူခဲ့ကြလေသည်။

ကြောင်သူတော်သည် ရန်သူစစ်ပြုလာသည်ကို သတိမထားမိချေ။ကောင်းစွာ စိတ်ချလက်ချ အိပ်ပျော် လျက် ရှိချေ၏။ ညဥ့်သန်းကောင် အချိန်ကျရောက်သော် ချုပ်အပ်ကအိပ်ရာအောက်မှထိုးလေ၏။ စူးရှသော ဒဏ်ကို ခံရသောအခါ ကြောင်သည် အိပ်ရာမှလန့်နိုးလေသည်။

ထိုအခါ ချက်ချင်းထပြီးသော် မီးမွှေးရန်သွားမည်ဟု ပြင်လေ၏။ ကြက်ချေးကအိပ်ရာအနီးတွင် အသင့် ရှိနေ ရာကားထ,မိချင်း လက်ထောက်ခံလေသည်။ ကြက်ချေးကိုနင်းမိသဖြင့် လက်ပေကျံလေသော် သုတ် စင်ရန် ထရံနားသို့သွားလေ၏။ ထရံတွင်ရှိနေသော ၀ါးကနားချောင်းကိုထိလေရာ လက်ပြတ်သွား ရလေသည်။ ထို့ ကြောင့် ကပျာကယာလှည့်ကာ မီးညှိရန်မီးဖို့သို့ ပြေးခဲ့ရလေသည်။

မီးဖိုတွင် မီးတောက်စေရန် မီးမွှေးလေသော် ကြက်ဥပေါက်ကွဲလိုက်လေ၏။ ထိုအခါ မျက်စိမျက်ခွက်တို့ကိုပေ ရေလိမ်းကျံသွားလေသည်။ မျက်စိမဖွင့်နိုင်ရာကား ဆေးကြောရန်ရေအိုးမှခွက်ကိုနှိုက်လေ၏။အိုးထဲ၌အသင့် ၀င်ရောက်နေသော ကဏန်းမသည် လက်ညှိုးကိုကိုက်ညှပ်လိုက်လေသည်။ ထိုကြောင့် အောက်သို့ဆင်းရန် လာခဲ့လေ၏။

အိမ်အောက်တွင် ချည်ကြိုးသည် ကွင်းထောင်ထားရှိလေသည်။ အောက်သို့ဆင်းလာလျှင် ကြိုးကွင်း တွင်ကျ ၍ ဖမ်းမိချည်နှောင်ခံသွားရလေ၏။ မပြေးနိုင် မရုန်းနိုင်သော အခါ ဆိတ်သည် တအားကုန် ခတ်ဝှေ့ခြင်း ပြု လေသည်။ ထိုနောက် ကျည်ပွေ့ကလည်း မလွတ်တန်း ရိုက်ထောင်းလေ၏။ ထိုအခါ ကြောင် သူတော်သည် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားရလေသတည်း။

ကနားဝါးချောင်း = အနားထက်သောဝါးချောင်း။

အရှင်စက္ကိန္ဒ (ရခိုင်တံခွန်ပုံပြင်များ)
.............
Credit: Arakan Folks

Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။